MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-3)ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၂၆ ရက်(ယနေ့) ညနေ သုံးနာရီခွဲက ဝေသာလီကွင်းတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ကစားခဲ့ရာ အိမ်ရှင်ရခိုင်ယူနိုက်တက်အသင်းမှ နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

အိမ်ရှင်ရခိုင်ယူနိုက်တက်အသင်းသည် ပွဲစတင်သည်နှင့် ဦးဆောင်ဂိုးစတင်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ISPE အသင်း၏ မာမာထန်ထန် တုံ့ပြန့်မှုများကြောင့် ဂိုးရရှိရန် ခက်ခဲခဲ့သည်။ ပထမပိုင်းပြီးခါနီး ပွဲချိန် ၄၄ မိနစ်တွင် အိမ်ရှင်အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး တည်ငြိမ်မင်း မှ သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် အိမ်ရှင်ရခိုင်ယူနိုက်တက်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၁၀ မိနစ်အကြာတွင် အိမ်ရှင်အသင်းမှ ဒုတိယ ဦးဆောင်ဂိုးထပ်မံရခဲ့ပြီး တိုက်စစ်မှူး အောင်သန့်ဇော်က သွင်းယူပေးခဲ့သည်။ ISPE အသင်းအနေဖြင့် လက်ကျန်မိနစ်များတွင် ဂိုးပြန်လည်မသွင်းနိုင်ခဲ့သည့်အတွက် အိမ်ရှင်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းသည် လာမည့် ဖေဖော်ဝါရီ ၂ ရက် အိမ်ကွင်းတွင် ရတနာပုံအသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်ပြီး ISPE အသင်းသည် လာမည့် ဖေဖော်ဝါရီ ၁ ရက်၊ အိမ်ကွင်း(မန္တလာသီရိကွင်း)တွင် ချင်းယူနိုက်တက်အသင်းနှင့် အသီးသီး ဆက်လက်ကစားရမည်ဖြစ်သည်။