MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက် အသင်းဟာ အမှတ်ပေးဇယား အောက်ခြေက ချင်းယူနိုက်တက် အသင်းကို နန္ဒကျော်၊ ဇင်မင်းထွန်းတို့ရဲ့ နောက်ကျအနိုင်ဂိုးတွေနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ပိုင်းက အသင်းတွေကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။
MPT Myanamr National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၈ ရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ချင်းယူနိုက်တက် ဘက်က အာကာပို၊ ဆမ်မြူရယ်၊ ကျော်မင်းသန်း၊ ထွန်းအောင်ကျော် (ဂိုး) အစရှိတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး ရှမ်းယူနိုက်တက် အသင်းဘက်မှာတော့ မက်ဆီမင်၊ အဘူဘာကာ အစရှိတဲ့ နိုင်ငံခြား ကစားသမားတွေကို စအောင်ပြည့်ကို၊ ရဲရင့်ထွန်း၊ ပြည့်စုံအောင်၊ ရဲမင်းသူ အစရှိတဲ့ လူငယ်တွေနဲ့ တွဲဖက်ပြီး ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။
ပွဲချိန် ပထမပိုင်းကတော့ တစ်ဘက်နဲ့ တစ်ဘက် အားစမ်းရင်းနဲ့သာ အချိန်ကုန်နေခဲ့ပြီး ဂိုးသွင်းခွင့်လည်း မည်မည်ရရ မရခဲ့ကြပါဘူး။ ဒါပေမဲ့ ပထမပိုင်းရဲ့ ထပ်ဆောင်းအချိန်ပို ၂ မိနစ်မှာတော့ ဒီနေ့ပွဲမှာ ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့် ရလာတဲ့ ရှမ်းယူနိုက်တက် ကွင်းလယ်လူ ရဲရင့်ထွန်းက ၁၈ ကိုက် အပြင်ကနေ မြေလှိမ့်ဘော သပ်သပ်ရပ်ရပ် ကန်သွင်း နိုင်ခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ ရှမ်းယူနိုက်တက် အသင်းက ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်စချိန်မှာ ရှမ်းယူနိုက်တက် အသင်းက ပွဲကို ထိန်းချုပ်ဖို့ ပိုမိုအားသန်နေခဲ့ပြီး ချင်းယူနိုက်တက် အသင်းကတော့ ချေပဂိုး ရရှိဖို့ အားစိုက်လာ ခဲ့ပါတယ်။ ဒါကြောင့်ပဲ ပွဲချိန် ၅၅ မိနစ် အရောက်မှာ ဘယ်ခြမ်းက ဖြတ်တင်ဘောကို ချင်းယူနိုက်တက် တိုက်စစ်မှူး ဆမ်မြူရယ်က ရရှိပြီး တစ်ကိုယ်တော် အစွမ်းနဲ့ ရှမ်းယူနိုက်တက် ခံစစ်မှူးတွေကို ကျော်ဖြတ်ကာ ချေပဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
ချေပဂိုး ပေးလိုက်ရပြီး နောက်မှာတော့ ရှမ်းယူနိုက်တက် အသင်းက အနိုင်ဂိုးတွေ ပြန်လည် သွင်းယူနိုင်ဖို့အတွက် နန္ဒကျော်နဲ့ ရွှေကိုတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ ရှမ်းယူနိုက်တက် နည်းပြချုပ် ဦးအောင်နိုင်ရဲ့ လူစားလဲမှုတွေက မှန်ကန်ခဲ့ပြီး ပွဲချိန် ၈၅ မိနစ်က နန္ဒကျော်၊ ပွဲချိန် ၉၀+၅ မိနစ်မှာ ဇင်မင်းထွန်းတို့က အနိုင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာတော့ ရှမ်းယူနိုက်တက် အသင်းက ၁−၃ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပြီး အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်ကာ အမှတ်ပေးဇယား ထိပ်ပိုင်းက အသင်းတွေကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။