MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-9) ပွဲစဉ်တစ်ပွဲအဖြစ် ရတနာပုံအသင်းသည် လာမည့် မတ် ၇ ရက်တွင်၊ မန္တလာသီရိကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် အသင်း နောက်ခံလူ နှစ်ဦးဖြစ်သည့် နေမျိုးအောင်နှင့် အောင်ဝဏ္ဏစိုးတို့ ပွဲပြယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။
နောက်ခံလူ နေမျိုးအောင်သည် ရတနာပုံအသင်း ကစားပြီးခဲ့သည့် ပွဲစဉ် ရှစ်ပွဲတွင် ခုနစ်ပွဲ ပွဲထွက် ကစားခွင့်ရရှိထားသည့် အဓိက ကစားသမားတစ်ဦးဖြစ်သည်။ နေမျိုးအောင်သည် လက်ရှိတွင် အဝါကတ် သုံးကတ် ပြည့်ခဲ့သည့်အတွက် သုံးဝါ တစ်ပွဲ ပြယ်ခံရခြင်းဖြစ်သည်။ အလားတူ နောက်ခံလူ အောင်ဝဏ္ဏစိုးသည် ရတနာပုံအသင်းကစားပြီးခဲ့သည့် ပွဲစဉ် ရှစ်ပွဲတွင် ရှစ်ပွဲ စလုံး ပွဲထွက် ကစားခွင့်ရရှိထားသည့် အဓိက ကစားသမား တစ်ဦးဖြစ်သည်။ အောင်ဝဏ္ဏစိုးသည် ပြီးခဲ့သည့် ဆောက်သမ်း မြန်မာအသင်းနှင့်ပွဲတွင် အနီကတ်ဖြင့် ထုတ်ခံခဲ့ရသည့်အတွက် ချင်းယူနိုက်တက်အသင်းနှင့်ပွဲအား လွဲချော်ရခြင်းဖြစ်သည်။

လာမည့် မတ် ၇ ရက်၊ မန္တလာသီရိကွင်းတွင် ကစားမည့် ရတနာပုံအသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ပွဲစဉ်ကို Channel-K နှင့် My Sports တို့မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။ ရတနာပုံအသင်းသည် ပွဲစဉ် ရှစ်ပွဲကစားအပြီးတွင် တစ်ပွဲနိုင်၊ လေးပွဲ သရေ၊ သုံးပွဲ ရှုံး ရမှတ် ခုနစ်မှတ်ဖြင့် အဆင့် ၇ နေရာတွင် ရပ်တည်နေပြီး ချင်းယူနိုက်တက်အသင်းသည် တစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ ခြောက်ပွဲ ရှုံး ရမှတ် လေးမှတ်ဖြင့် အဆင့် ၁၁ နေရာတွင် ရပ်တည်နေသည်။