၂၀၂၂ ကမ္ဘာ့ဖလားအာရှဇုန်ခြေစစ်ပွဲစဉ်များ အပါအဝင် AFC မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲများနှင့် အာဆီယံကလပ်အသင်းများ ပါဝင်သည့် 2020 AFC Cup ပြိုင်ပွဲများ ပြန်လည်ကျင်းပရန် လျာထားသည့်ရက်များ ထွက်ပေါ်လာခဲ့ပြီး AFC Cup အုပ်စုလက်ကျန်ပွဲစဉ်များအား စက်တင်ဘာလ တတိယပတ်ထဲ၌ ကျင်းပရန်လျာထား
Covid-19 ကပ်ရောဂါကြောင့် ခေတ္တရပ်နားထားခဲ့သော အာရှဘောလုံးအဖွဲ့ချုပ်(AFC) နှင့် အာဆီယံဒေသတွင်းနိုင်ငံများ၏ လိဂ်ပြိုင်ပွဲများ ပြန်လည်ကျင်းပရေးနှင့်ပတ်သက်သည့် Video Conferencing Meeting ကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ AFC မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ ဗီယက်နမ်၊မလေးရှား၊အင်ဒိုနီးရှား၊ စင်္ကာပူ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင် ဘောလုံးအဖွဲ့ချုပ်နှင့်လိဂ်တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကာ အာရှဘောလုံးအဖွဲ့ချုပ်မှကြီးမှူးကျင်းပသည့် နိုင်ငံ့လက်ရွေးစင် အဆင့်ဆင့်ပြိုင်ပွဲများ၊ ဖူဆယ်ပြိုုင်ပွဲများ၊ ACL/AFC Cup ပြိုင်ပွဲများ ပြန်လည်ကျင်းပရန် လျာထားမှုအစီအစဉ်များကို ဆွေးနွေးကြသည်။
ထို့အပြင် အာဆီယံဒေသတွင်းနိုင်ငံများ၏ ၂၀၂၀ ဘောလုံးရာသီ လိဂ်ပြိုင်ပွဲများ ပြန်လည်ကျင်းပရန် စီစဉ်ထားမှုများနှင့်ပါတ်သက်ပြီး ဆွေးနွေးပြောကြား အမြင်ခြင်း ဖလှယ်ကြပြီး အာဆီယံကလပ်အသင်းများ ယှဉ်ပြိုင်နေသည့် 2020 AFC Cup အာဆီယံဇုန်ပြိုင်ပွဲများ၊ ပြိုင်ပွဲအဆင့်အလိုက် ပြန်လည်ကျင်းပရန်လျာထားသည့် ပွဲကစားမည့်ရက်စွဲများ၊ ကျင်းပရန်လျာထားသည့်ပုံစံဟောင်း/သစ်များနှင့်ပါတ်သက်၍လည်း Option 1,2,3,4 လျာထားသတ်မှတ်ချက်များကို AFC တာဝန်ရှိသူများက ရှင်းလင်းချပြရာ ပြိုင်ပွဲဝင်နိုင်ငံများက ၎င်းတို့နိုင်ငံအလိုက် ပြန်လည်ကျင်းပရန် လျာထားစီစဉ်ထားသည့် လိဂ်ပြိုင်ပွဲများနှင့် ချိန်ထိုး၍ ကြုံတွေ့လာနိုင်သည့် ပွဲရက်တိုက်ဆိုင်မှု/ပွဲရက်နီးကပ်နိုင်မှု အခက်အခဲများကို ဆွေးနွေးထောက်ပြကြသည်။
ထို့အပြင် နိုင်ငံအလိုက် လိဂ်ပြိုင်ပွဲ ပြန်လည်စတင်နိုင်ရန်နှင့် နိုင်ငံတကာလက်ရွေးစင်အသင်းပြိုင်ပွဲနှင့် ကလပ်အသင်းပြိုင်ပွဲများအား လက်ခံကျင်းပနိုင်ရန် ကိုဗစ် ၁၉ ရောဂါထိန်းချုပ်နိူင်မှု အခြေအနေပေါ်မူတည်ပြီး သက်ဆိုင်ရာနိုင်ငံအစိုးရများ၏ ခွင့်ပြုချက်၊ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲနိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာ၊ ဖိလစ်ပိုင် ၊ ကမ္ဘောဒီးယား၊ မလေးရှားနိုင်ငံများမှ ကိုယ်းစာလှယ်များက ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ရာ AFC တာဝန်ရှိသူများက ပြိုင်ပွဲကျင်းပရန် လျာထားသောရက်များကို Option အမျိုးမျိုးဖြင့် လျာထားသတ်မှတ်ထားခြင်းဖြစ်သော်လည်း အခြေအနေများအပေါ်မူတည်၍ သက်ဆိုင်ရာနိုင်ငံများနှင့် ပြန်လည်ဆွေးနွေးပြီး AFC Competition Committee သို့တင်ပြ အတည်ပြုချက်ရရှိပြီးမှသာ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းအစည်းအဝေးတွင် AFC အနေဖြင့် ယခုနှစ်အတွင်း ကျင်းပမည့် နိုင်ငံတကာလက်ရွေးစင်အသင်း ပြိုင်ပွဲဖြစ်သည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲများကို အောက်တိုဘာ(၈)ရက်နေ့တွင် ပြန်လည်ကျင်းပရန်လျာထားပြီး၊ AFC U-19 Championship ပြိုင်ပွဲကို အောက်တိုဘာလ(၁၄)ရက်မှ (၃၁) ရက်နေ့ထိ လည်းကောင်း၊ AFC U-16 Championship ပြိုင်ပွဲကို နိုဝင်ဘာ (၂၅)ရက်မှ ဒီဇင်ဘာလ(၁၂)ရက်နေ့အထိလည်းကောင်း၊ AFC Futsal Championship ပြိုင်ပွဲကို နိုဝင်ဘာ (၄)ရက်မှ(၁၅)ရက်နေ့အထိလည်းကောင်း ကျင်းပရန်လျာထားသည်။
AFC Cup 2020 ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲကို ဒီဇင်ဘာ(၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်ရန်လျာထားပြီး အုပ်စုအဆင့် လက်ကျန်ပွဲစဉ်များကို စက်တင်ဘာ(၁၅)ရက်နေ့မှ(၃၀)ရက်နေ့အထိလည်းကောင်း၊ အာဆီယံဇုန်အဆင့်ဆီမီးဖိုင်နယ်နယ်ပွဲစဉ်များကို အောက်တိုဘာ (၂၀)ရက်နှင့် (၂၈)ရက်ကြားတွင် လည်းကောင်း၊ အာဆီယံဇုန်ဖိုင်နယ်ပွဲစဉ်များကို နှစ်ကျော့စနစ်အစား Single Match တစ်ပွဲထဲသာ ကစားမည်ဆိုပါက နိုဝင်ဘာလ (၄) ရက်နေ့တွင်လည်းကောင်း ကျင်းပရန်လျာထား ဆွေးနွေးခဲ့ကြသည်။