မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေး ကျင်းပ

June 10, 2020

သက်ဆိုင်ရာမှ ခွင့်ပြုချက်ရယူပြီး ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြန်လည်စတင်ရန် စီစဉ်ထား

ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ရပ်နားထားခဲ့ရသည့် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲများ ပြန်လည်ကျင်းပသွားရန်နှင့် ရှေ့ဆက်သွားမည့် အစီစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးအတည်ပြုဆုံးဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေးတစ်ရပ်ကို ယနေ့မွန်းလွဲပိုင်းက နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌနှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဌ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီဒုတိယဥက္ကဌနှင့် ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဌနှင့် ရန်ကုန်ယူနိုက်တက်အသင်းဥက္ကဌ ဦးပြည့်ဖြိုးတေဇနှင့် MNL-1 ကလပ်အသင်းပိုင်ရှင်/ ဥက္ကဌများဖြစ်သည့် ဦးလှဌေး၊ ဦးမင်းလှိုင်၊ ဦးခွန်နောင်မြင့်ဝေ| ဦးဇော်မင်းသိန်း၊ ဦးချစ်မျိုးထိုက်၊ ဦးစိန်သောင်း၊ အသင်းဒုတိယဥက္ကဌများ၊ MNL-2 ကလပ်အသင်းပိုင်ရှင်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်ဇော်မှ အဖွင့်အမှာစကားပြောကြားရာတွင် လက်ရှိနိုင်ငံ၏ စီးပွားရေး အခြေအနေအရရော၊ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေများအရပါ ကလပ်အသင်းပိုင်ရှင်များအနေဖြင့် အခက်အခဲများစွာရှိနေသည်ကို သိရှိနားလည်ပါကြောင်း၊ ဘောလုံးကို ချစ်သည့်စိတ်ဖြင့် မိမိတို့ကိုယ်ပိုင်ငွေများစွာကို ရင်းနှီးစိုက်ထုတ်ပြီး နှစ်ပေါင်းများစွာ ကလပ်အသင်းများ တည်ထောင်ပေးခဲ့ကြသည့် ကလပ်အသင်းပိုင်ရှင်အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ လတ်တလော အခြေအနေအခက်အခဲ များစွာရှိနေ၍ အသင်းကို ဆက်လုပ်ချင်သော်လည်း ဆက်မလုပ်နိုင်တော့သည့် ကလပ်အသင်းများကိုလည်း စာနာနားလည်မိပါကြောင်း၊ ဘောလုံးအတွက် နှစ်ပေါင်းများစွာ ပံ့ပိုးဆောင်ရွက်ခဲ့ကြသူ အားလုံးကို မိမိတို့အနေနှင့် အမြဲတမ်းကျေးဇူးတင် နေပါကြောင်း၊ ကိုဗစ်ရောဂါအခြေအနေများကြောင့် မိမိတို့ ဘောလုံးပြိုင်ပွဲများကို အချိန်အတော်ကြာရပ်နားခဲ့ရခြင်းအတွက် မိမိတို့အားလုံးအတွက်လည်း ထိခိုက်မှုများ အခက်အခဲများ ရှိခဲ့ပါကြောင်း၊ သို့သော် တစ်ကမ္ဘာလုံး အနေအထားနှင့် ဖြစ်ပွားခဲ့သည့် ကိစ္စဖြစ်၍ ဘာမျှမတတ်နိုင်ပါကြောင်း၊ ယခုအခါ အခြေအနေ အနည်းငယ်တည်ငြိမ်စ ပြုလာပြီဟု ခန့်မှန်းရ၍ မိမိတို့၏ ဘောလုံးပြိုင်ပွဲများကိုလည်း မကြာမီ ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ မိမိတို့အနေနှင့် ဘောလုံးပွဲများကို လာမည့် ဇူလိုင်လ အတွင်း၌ ပြန်လည်စတင်နိုင်ရန် နိုင်ငံတော်အစိုးရသို့ တင်ပြခွင့်ပြုချက် တောင်းခံသွားမည်ဖြစ်ကြောင်း၊ ပြန်လည်ကျင်းပခွင့်ရသည့် အချိန်တွင်လည်း ဘောလုံးပွဲများကို ကျန်းမာရေးလမ်းညွန်ချက်များနှင့်အညီ စနစ်တကျ ပြန်လည်ကျင်းပနိုင်ရန်နှင့် လောလောဆယ် အနေအထားအရ ရန်ကုန်မှာပင် ပရိသတ်မပါဘဲ ကစားနိုင်ရေးကို စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြန်လည်စတင်မည့် လိဂ်ပြိုင်ပွဲများကိုလည်း ကလပ်အသင်းများ ငွေကြေးကုန်ကျမှု သက်သာစေနိုင်ရန်နှင့် နိုင်ငံတကာပြိုင်ပွဲများအတွက် လက်ရွေးစင်အသင်း ပြင်ဆင်လေ့ကျင့်မှု အနည်းငယ်ပိုရနိုင်စေရန် နှစ်လကျော်အချိန်အတွင်း အပြီးအပြတ် ကျင်းပရန် စီစဉ်ဆောင်ရွက်သင့်ပါကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးအပါအဝင် ဘောလုံးစပွန်ဆာများနှင့် ကလပ်အသင်းများအတွက်ရော ဘောလုံးပရိသတ်များအတွက်ပါ ပြန်လည်စတင်ခွင့်ရမည့် အချိန်တွင် တတ်နိုင်သမျှ စောစောစတင်သွားနိုင်ရန် စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ထို့နောက် မြန်မာနေရှင်နယ်လိဂ်ကော်မတီဒုတိယဥက္ကဌ၊ ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်းမှ ၂၀၂၀ ခုနှစ်အတွက် စပွန်ဆာရရှိထားမှုအခြေအနေများနှင့် ယခုနှစ်အတွင်း ကလပ်အသင်းများသို့ ပေးအပ်သွားမည့် Subsidy လျာထားစာရင်းကို ရှင်းလင်းပြောကြားရာတွင် ယခုအချိန်တွင် အားလုံး အခက်အခဲများကြုံတွေ့နေရချိန်ဖြစ်သလို မိမိတို့၏ ဘောလုံးစပွန်ဆာ ရရှိမှုမှာလည်း မျှော်မှန်းထားသလောက် အပြည့်အ၀ ရရှိနိုင်ဖွယ် မရှိခြင်းကြောင့် လိဂ်ဝင်ငွေလျော့ကျနိုင်သည့်အတွက် ကလပ်အသင်းများကို ထောက်ပံ့ရန် စဉ်းစားထားသည့် Subsidy ကို အများဆုံး ၆၀ ရာခိုင်နှုန်းလောက်သာ ခွဲ၍ ထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ လက်ရှိ အနေအထားအရ မိမိတို့လိဂ်အနေနှင့် အရှိန်အဟုန်မပျက် ဆက်လက် လုပ်ဆောင်သွားနိုင်မည်ဖြစ်သော်လည်း ယခုရာသီတွင် စီနီယာလိဂ်နှင့် ရှုံးထွက်ပြိုင်ပွဲများကိုသာ ပြီးပြတ်အောင် ကျင်းပသွားနိုင်မည်ဖြစ်ပြီး လူငယ်လိဂ်ပြိုင်ပွဲများကို ဆက်လက်ကျင်းပနိုင်ရန် အချိန်ရော ဘတ်ဂျက်အရပါ မဖြစ်နိုင်တော့ပါကြောင်းနှင့် ယခု ၂၀၂၀ ရာသီအတွက် ကြိုတင်ထောက်ပံ့ငွေလုံး၀ မရရှိထားသေးသည့် MNL-1 နှင့် MNL-2 အသင်းများအား မိမိရှင်းလင်းတင်ပြ ခဲ့သည့်အတိုင်း ပြိုင်ပွဲပြန်မစမီ အချိန်တွင် M-1 တစ်သင်းလျင် ကျပ်သိန်း (၃၀၀) စီနှင့် M-2 တစ်သင်းလျင် ကျပ်သိန်း (၁၀၀) စီ ဦးစွာ ထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး ရာသီပြီးဆုံးပြီးနောက် စက်တင်ဘာလကုန်ခန့်တွင် လက်ကျန် ထောက်ပံ့ငွေကို ပေးရန်/ရရန် စာရင်းများနှင့် တွက်ချက်၍ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားပါသည်။


အစည်းအဝေးတွင် ဇွဲကပင်ယူနိုက်တက်အသင်းပိုင်ရှင်က မိမိအနေဖြင့် ဘောလုံးအပေါ် အလွန်သံယောဇဉ်ရှိပြီး ၁၁ နှစ်ခန့် မြန်မာ့ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်အတူ ထောင့်ပေါင်းစုံမှ ငွေကျပ် သန်းပေါင်းများစွာ အကုန်အကျခံ၍ ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုအချိန်၌ တစ်ကမ္ဘာလုံးတွင် ကိုဗစ် ၁၉ ကပ်ရာဂါကြောင့် စီးပွားရေး ကျပ်တည်းမှုများ ရှိနေပြီး မိမိအနေဖြင့်လည်း ၎င်းကျပ်တည်းမှုများကြောင့် မြန်မာနေရှင်နယ်လိဂ်တွင် ဝင်ရောက် ယှဉ်ပြိုင်နေသော မိမိကလပ်အသင်းအား နှုတ်ထွက်ခွင့်ပြုပါရန် တင်ပြလိုပါကြောင်း၊ ထိုသို့ နှုတ်ထွက်ပါသော်လည်း မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး ရေရှည်စီမံကိန်းများနှင့် ဘောလုံးသင်တန်းကျောင်းများကို မိမိအနေဖြင့် အတတ်နိုင်ဆုံး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ကို ကတိပြုပါကြောင်း တို့ကို လိဂ်ကော်မတီသို့ တင်ပြရာ လိဂ်ကော်မတီမှ ခွင့်ပြုပါကြောင်းနှင့် ယခုအချိန်အထိ ငွေကုန်ကြေးကျများစွာခံ၍ မြန်မာ့ဘောလုံး တိုးတက်ရေးအတွက် နှစ်ပေါင်းများစွာ ငွေအား|လူအား ပါဝင်ပံ့ပိုးပေးခဲ့ပါသော ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ပိုင်ရှင်အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားကာ အသင်း၏ အခြေအနေအရ နှုတ်ထွက်မှုကို လိဂ်ကော်မတီမှ အတည်ပြု ပေးခဲ့ပါသည်။


ထို့အတူ ချင်းယူနိုက်တက်အသင်းမှလည်း မိမိတို့အသင်းအနေဖြင့် အသင်းအား ကမ္ဘာ့ ကပ်ရောဂါ COVID-19 ကြောင့် စီးပွားရေး အခက်အခဲများ ဖြစ်ပေါ်လာပါသဖြင့် ဆက်လက် ရပ်တည်ဆောင်ရွက်နိုင်ရန် အခက်အခဲ ရှိနေပါသောကြောင့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှ နှုတ်ထွက်ခွင့် ပြုပါရန် တင်ပြလာခဲ့ရာ လိဂ်ကော်မတီမှ ချင်းယူနိုက်တက် အသင်းပိုင်ရှင် အနေဖြင့် ငွေကြေး အကုန်အကျခံပြီး အသင်းတည်ထောင်ကာ မြန်မာ့ဘောလုံး တိုးတက်ရေးအတွက် ပံ့ပိုးပေးခဲ့မှု အပေါ် အထူးကျေးဇူးတင်ရှိ ပါကြောင်း၊ အခါအခွင့်သင့်လျင် မြန်မာ့ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ထောင့်တစ်နေရာမှ ပြန်လည် ပံ့ပိုးပေးနိုင်ပါကြောင်း ပြန်လည်ပြောကြားပြီး အသင်း၏ နှုတ်ထွက်မှုအပေါ် လိဂ်ကော်မတီမှ အတည်ပြု ပေးခဲ့ပါသည်။


ဆက်လက်၍ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ယခုရာသီ MNL-1 နှင့် MNL-2 စီနီယာအမှတ်ပေးပြိုင်ပွဲများနှင့် ရှုံးထွက်ပြိုင်ပွဲ ပြန်လည်စတင်ရန် လျာထားသည့်ရက်နှင့် ကျန်းမာရေးလမ်းညွန်ချက်များနှင့်အညီ ရန်ကုန်မြို့တွင်သာ ကွင်းပိတ် ကျင်းပသွားမည့် အစီအစဉ် (A-Plan နှင့် B-Plan) များ၊ ပြိုင်ပွဲများကျင်းပမည့် ကြာမြင့်ချိန်နှင့် သက်ဆိုင်ရာသို့ ပြိုင်ပွဲကျင်းပခွင့် ရရှိရန် တင်ပြသွားမည့် Plan များကို အသေးစိပ် ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခြင်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်ဇော်မှ နိဂုံးချုပ်စကားပြောကြားပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


အစည်းအဝေးတွင် ကလပ်အသင်းအားလုံး၏ သဘောတူဆုံးဖြတ်ချက်အရ ပြိုင်ပွဲများပြန်လည်စတင်ကျင်းပနိုင်ရန် နိုင်ငံတော်အစိုးရသို့ ယခုရက်ပိုင်းအတွင်း တင်ပြခွင့်ပြုချက် တောင်းခံသွားမည်ဖြစ်ပြီး သက်ဆိုင်ရာက ခွင့်ပြုပါက MPT Myanmar National League 2020 စီနီယာလိဂ်ပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာလ ၁၂ ရက်အထိ သုဝဏ္ဏကွင်း၊ YUSC ကွင်း၊ ပဒုမ္မာကွင်းများတွင်လည်းကောင်း၊ MPT Myanmar National League II 2020 စီနီယာလိဂ် ဒုတိယရာသီဝက်ပြိုင်ပွဲကို ဇူလိုင် ၂၂ ရက်မှ သြဂုတ်လ ၂၈ ရက်အထိ ပဒုမ္မာကွင်း၊ စလင်းကွင်း၊ ဗဟန်း M-3 ကွင်းနှင့် တောင်ဒဂုံကွင်းများတွင်လည်းကောင်း၊ General Aung San Shield 2020 ရှုံးထွက်ပြိုင်ပွဲကို ဇူလိုင်လ ၁၆ ရက်မှ စက်တင်ဘာ ၂၆ ရက်အထိ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်း၊ စလင်းကွင်း၊ ဗဟန်း M-3 ကွင်းနှင့် တောင်ဒဂုံကွင်းများတွင်လည်းကောင်း ကျင်းပသွားရန် ဆုံးဖြတ်ခဲ့သည်။
ပြိုင်ပွဲကျင်းပမည့် ပွဲစဉ်ဇယား အသေးစိတ် ကျန်းမာရေးလမ်းညွန်ချက်များနှင့်အညီ ကျင်းပသွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ မကြာမီရက်ပိုင်းအတွင်း ကလပ်အသင်း တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်၍ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။