လတ်တလောအနေအထားမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြီး ကမ္ဘာမြေပေါ်က အလျဉ်းပျောက်ကွယ်သွားခြင်း မရှိသေးပေမယ့် နိုင်ငံတကာအမှတ်ပေးပြိုင်ပွဲများနှင့် ဒေသတွင်းလိဂ်အချို့ကတော့ သက်ဆိုင်ရာ ကျန်းမာရေးလမ်းညွန်ချက်များနှင့်အညီ ပြိုင်ပွဲတွေကို ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။

ဒီအထဲမှာ MPT Myanmar National League 2020 အမှတ်ပေးပြိုင်ပွဲဟာလည် နိုင်ငံတော်အစိုးရမှ ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနှင့်အညီ ပြန်လည်စတင်သွားဖို့ တာစူနေပြီဖြစ်ပြီး ကျင်းပသွားမယ့် ရက်ကိုလည်း ဇူလိုင်လ ၁၆ ရက် အဖြစ် အတည်ပြုထားခဲ့ပါပြီ။
ဒီအချိန်မှာ ရန်ကုန်ယူနိုက်တက်အသင်း၏ ဂိုးသမားတစ်ဦးဖြစ်သူ ဆန်းဆက်နိုင်က ဘောလုံးသမားတစ်ယောက်အတွက် မြက်ခင်းစိမ်းများဆီ ပြန်လာခွင့်ရတော့မယ့် ဆိုတဲ့ ပီတိက ဘာနဲ့မှ မလဲနိုင်ပါဘူးလို့ ပြောပြလာခဲ့ပါတယ်။
“အတိုင်းမသိ ဝမ်းသာ ပီတိဖြစ်မိပါတယ်။ ဘောလုံးသမားတစ်ယောက်အတွက် မြက်ခင်းစိမ်းတွေဆီ ပြန်လာခွင့်ရတော့မယ်ဆိုတဲ့ အသိက ဘာနဲ့မှ မလဲနိုင်ပါဘူး” ဆိုပြီး သူ့ရဲ့ခံစားချက်ကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။
၎င်းအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကျန်းမာရေးလမ်းညွန်ချက်များနှင့်အညီ ပြုမူနေထိုင်ခဲ့တဲ့နည်းတူ အသင်းက ချမှတ်ခဲ့တဲ့ Fitness လေ့ကျင့်ခန်းတွေနဲ့ ကိုယ်ပိုင်လေ့ကျင့်ခန်းတွေကို အဆက်မပြတ် လုပ်ဆောင်ရင်း ပြိုင်ပွဲပြန်လည် စတင်မယ့် အချိန်ကို စောင့်ဆိုင်းနေခဲ့တယ်လို့ ဆိုပါတယ်။
“ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ပြန်လုပ်ခွင့်ရတော့မယ်။ အသင်းဖော်တွေနဲ့ ပြန်တွေ့ရတော့မယ်။ ပရိသတ်တွေနဲ့ ပြန်လည် ဆုံဆည်းခွင့်ရတော့မယ်။ ကြားထဲမှာ နားလိုက်ရတဲ့အချိန်က နည်းနည်းကြာသွားတော့ တခြားအသင်းဖော်တွေနဲ့ ပရိသတ်တွေလည်း ကျွန်တော်လို့ပဲ ထပ်တူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်”
ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပြန်လည်စတင်ချိန်မှာ မကွေးအက်ဖ်စီအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာလည်း ဖြစ်ပါတယ်။