ယခုနှစ် မြန်မာနေရှင်နယ်လိဂ်လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ (U-19 နှင့် U-21) ပြိုင်ပွဲများ ကျင်းပပြုလုပ်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ်စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်ရွေးစင်အသင်းများဌာန ဒါရိုက်တာ ဦးထွန်းထွန်းအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွင်းရုံဒါရိုက်တာ ဦးကျော်လင်းထွေး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီဌာန ဒါရိုက်တာ ဦးလှမင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ် ၁ ကလပ်အသင်း ၁၀ သင်းမှ အမှုဆောင်အရာရှိချုပ်များ၊ အထွေထွေမန်နေဂျာများ၊ အသင်းမန်နေဂျာများနှင့် တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်-၂ ကလပ်အသင်းများမှ အသင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယနေ့အစည်းအဝေးတွင် လူငယ်လိဂ်အမှတ်ပေးပြိုင်ပွဲများအား လူငယ်ကစားသမားများအတွက် အဘက်ဘက်မှ စဉ်းစားသုံးသပ်၍ ပုံစံသစ်တစ်ခုဖြင့် ပြန်လည်ကျင်းပသွားရေးအတွက် ကလပ်အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

လူငယ်လိဂ်ပြိုင်ပွဲများအား Covid-19 ကပ်ရောဂါ ကာလအတွင်း ကလပ်အသင်းများဘက်မှ ဆောင်ရွက်နိုင်သည့် အနေအထား၊ အချိန်ကာလ၊ ငွေကြေးထောက်ပံ့ပေးနိုင်မှု စသည့်အချက်များအပေါ် မူတည်ကာ ပြန်လည်ကျင်းပသွားရန်
ပြန်လည်ကျင်းပသွားရန် ဆွေးနွေးခဲ့သည်။
ထို့အတူ ယနေ့အစည်းအဝေးမှ ဆွေးနွေးအတည်ပြုချက်များအား မြန်မာနေရှင်နယ်လိဂ်ကော်မတီသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပြီး ပြိုင်ပွဲကျင်းပသွားမည့် ပုံစံနှင့် ပြိုင်ပွဲကျင်းပသွားမည့် နေ့ရက်တို့အား ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
