AFC Cup 2020 နှင့်ပါတ်သက်၍ ဒုတိယ အကြိမ်မြောက် AFC Teleconference Meeting သို့ MFF GSနှင့် MNL CEO တို့တက်ရောက် ဆွေးနွေး

June 22, 2020

လက်ရှိ အခြေအနေအရ အိမ်/အဝေးကွင်း စနစ်အစား Centralized Host နိူင်ငံတွင်သာ ကစားရန် ပဏာမ ဆုံးဖြတ်ပြီး အုပ်စုအဆင့် ပွဲကျန်များကို စက်တင်ဘာ၂၃, ၂၆ နှင့်၂၉ ရက်များတွင် ကျင်းပရန် လျာထား

အာရှ ဘောလုံးအဖွဲ့ချုပ်(AFC)က ကြီးမှုး ကျင်းပသည့် AFC Cup 2020 နိူင်ငံတကာ ကလပ်အသင်းများ ပြိုင်ပွဲ​၏ ယခုနှစ် လက်ကျန်ပွဲများကို စက်တင်ဘာလမှ စတင်၍ ပြန်လည် ကျင်းပနိူင်ရေးနှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ်မြောက် AFC Teleconferencing Meeting ကို ယနေ့မနက် (၈:၃၀)နာရီ (မလေးရှား ဒေသစံတော်ချိန် ၁၀:၀၀ နာရီ)တွင် ကျင်းပပြုလုပ် ခဲ့ရာ AFC မှ Competition Executive Directorနှင့် တာဝန်ရှိသူများ၊ MFF အထွေထွေအတွင်းရေးမှု ဦးကိုကိုသိန်း၊ MNL CEO ဦးစိုးမိုးကျော်နှင့် အာဆီယံ နိုင်ငံများမှ ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှုးများ၊ လိဂ်အကြီးအကဲများ တက်ရောက် ဆွေးနွေး ခဲ့ကြသည်။

104768869_205959127226593_6255387345661480844_n

အစည်းအဝေးတွင် တက်ရောက် လာသူများမှ အလှည့်ကျ ဆွေးနွေးကြပြီး လက်ရှိ အခြေအနေအရ AFC Cup 2020 ပွဲစဉ်များကို ယခင်ကကဲ့သို့ အုပ်စုပွဲစဉ်မှ စတင်ကာ အိမ်ကွင်း/အဝေးကွင်း အပြန်အလှန် နှစ်ကျော့ကစားသည့် စနစ်အစား ယခုနှစ် ဘောလုံးရာသီတွင် Covid-19 ရောဂါ အခြေအနေများကြောင့် သင့်တော် အဆင်ပြေမည့် နိုင်ငံ တစ်နိုင်ငံတည်း တွင်သာ Centralized Host စနစ်ဖြင့် ကစားစေရန် ပဏာမ ဆုံးဖြတ်ခဲ့သည်။

ထို့အတူ AFC အနေနှင့် AFC Cup 2020 အုပ်စုအဆင့် ပွဲစဉ်များကို စက်တင်ဘာလ ၂၃၊ ၂၆၊ ၂၉ ရက်နေ့ များတွင် စတင် ကစားနိူင်ရန် လျာထားပြီး နောက်တစ်ကြိမ် ပြုလုပ်မည့် အစည်းအဝေးမှသာ အတည်ပြု ဆုံးဖြတ်ပေးမည် ဖြစ်သည်။

မြန်မာနိုင်ငံ ကိုယ်စားလှယ်များက ကလပ်ထောက်ပံ့ကြေး(Subsidy)ကို အဆင်ပြေပါ ပိုမိုပေးအပ်ပေးရေးနှင့် ကြိုတင်ထုတ်ပေးနိုင်ရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ရာ အခြားအဖွဲ့ဝင် နိုင်ငံများ ကလည်း ထောက်ခံဆွေးနွေး ခဲ့ကြပြီး AFC က နောက်တစ်ကြိမ် အစည်းအဝေးမှသာ ယင်းကိစ္စကို အသေးစိတ် ပြန်လည် ဆွေးနွေးပါမည်ဟု ပြောကြားခဲ့သည်။