ကိုဗစ်ကာလအတွင်း အစောဆုံးပြန်စသည့် K League ၏ Resuming Plan နှင့်ပါတ်သက်၍ အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့
အာရှဘောလုံးအဖွဲ့ချုပ်(AFC) အထွေထွေ အတွင်းရေးမှုး ဦးဆောင်၍ အဖွဲ့ဝင် နိုင်ငံများမှ အဖွဲ့ချုပ် အတွင်းရေးမှုးများ၊ လိဂ်စီအီးအိုများနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက် ကြသည့် Teleconference Meeting ကို ယနေ့နံနက် (၈:၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ AFC အထွေထွေအတွင်းရေးမှူး ဒါတိုဝင်ဆာဂျွန်နှင့် တာဝန်ရှိသူများ၊ AFC အဖွဲ့ဝင် နိုင်ငံများမှ အဖွဲ့ချုပ် အတွင်းရေးမှုးများ၊ လိဂ်စီအီးအိုများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် AFC အထွေထွေ အတွင်းရေးမှူးက အဖွင့်နှုတ်ဆက်စကား ပြောကြားပြီး အဖွဲ့ဝင် နိုင်ငံများ၏ သက်ဆိုင်ရာ လိဂ်ပြိုင်ပွဲများအားလုံး မကြာခင် ကာလအတွင်း ပြန်လည် စတင်နိူင်လိမ့်မည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကိုဗစ်အခြေအနေ အပါအဝင် ဖော်ဆောင် လုပ်ကိုင်ရသည့် အခြေအနေချင်း မတူညီနိုင်၍ လိဂ်ပွဲများ ပြန်စတင်ရာတွင်လည်း စောလျင်စွာ ပြန်လည် စတင်နိုင်သည့် နိုင်ငံရှိသကဲ့သို့ နောက်ကျမှ ပြန်လည် စတင်နိုင်သော နိုင်ငံများလည်း ရှိနေမည် ဖြစ်ကြောင်း၊ မည်သို့ဆိုစေကာမူ ယနေ့ခေတ်တွင် ဘောလုံး အားကစားမှာ အားလုံးအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းကြီး ဖြစ်၍
နိုင်ငံတိုင်း၏ ဘောလုံးပွဲများကို တတ်နိုင်သမျှ ပြန်လည် စတင်ကျင်းပ ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံ များ၏ League Resuming Plan/Draft Plan များကို အပြန်အလှန် ချပြဖလှယ်ပြီး မိမိတို့နိုင်ငံနှင့် သင့်တော်သည့် ပုံစံကို ချမှတ်ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြား သွားသည်။

ထို့နောက် အာရှတိုက်တွင်သာမက ကမ္ဘာတွင်ပါ တရားဝင်လိဂ်ပြိုင်ပွဲကို အစောဆုံး ပြန်လည်စတင် နိုင်ခဲ့သည့် ကိုရီးယားလိဂ်(K League) တာဝန်ရှိသူ တစ်ဦးက K League Resuming Plan နှင့်ပါတ်သက်၍ အသေးစိတ် ရှင်းလင်း တင်ပြခဲ့သည်။ ယင်းနောက် AFC အဖွဲ့ဝင်နိုင်ငံများမှ လိဂ်တာဝန်ရှိ အကြီးအကဲများက မိမိတို့ နိုင်ငံအလိုက် လိဂ်များ ပြန်လည်စတင်မည့် Plan များကို အပြန်အလှန် ရှင်းလင်းပြသကာ အမြင်ချင်းဖလှယ် ခဲ့ကြသည်။
ထို့နောက် AFC အတွင်ရေးမှူးနှင့်တာဝန်ရှိသူများက ဆက်လက် ဆွေးနွေးကြပြီး အစည်းအဝေးမှာ နံနက်(၁၀:၁၀)နာရီတွင် ပြီးဆုံးခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ တာဝန်ရှိသူများ အဖြစ် MFF အထွေထွေ အတွင်းရေးမှုးနှင့် MNL CEO တို့ တက်ရောက် ဆွေးနွေးခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ကော်မတီ၏ အတည်ပြု ဆုံးဖြတ်ချက် အရ ၂၀၂၀ ခုနှစ် MPT မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများကို နိုင်ငံတော်အစိုးရမှ ခွင့်ပြုချက် ရရှိပါက ၁၆-၇-၂၀၂၀ ရက်နေ့တွင် နိုင်ငံတကာ လိဂ်ပြိုင်ပွဲများတွင် ကျင့်သုံးလျက် ရှိသော နည်းလမ်းများကို ကိုးကားပြီး မိမိတို့နိုင်ငံ အခြေအနေနှင့် အသင့်တော်ဆုံး ဖြစ်သည့် Resuming Plan ဖြင့် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ပရိသတ်မပါပဲ ရန်ကုန်မြို့တွင်သာ ကွင်းပိတ် ကျင်းပသွားရန် စီစဉ်ထားသည်။