ကိုဗစ်-၁၉ အလွန်ကျင်းပသွားမည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များအတွက် MNL တာဝန်ရှိသူများနှင့် MPT မှ တာဝန်ရှိသူတို့တွေ့ဆုံ

June 30, 2020

ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအလွန်တွင် ကျင်းပသွားရန် ပြင်ဆင်ထားသည့် ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်သွားနိုင်ရေးအတွက် မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ်မိတ်ဖက်ပါတနာ MPT မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေပိုင်းက သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ်မှ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ်စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ မြန်မာနေရှင်နယ်လိဂ် Sponsorship & Project ဒါရိုက်တာ ဦးသိုက်စံထွန်းတို့ တက်ရောက်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်၏ မိတ်ဖက်ပါတနာ MPT မှ Marketing Department ၏ Dy Director Mr. Takehiko Kotani၊ Branding and Advertising Department မှ Deputy General Manager ဦးမိုးသူရနှင့်အတူ Event & Sponsorship Manager ဒေါ်ခင်သူဇာကျော်တို့ တက်ရောက်ခဲ့ကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအလွန် ကျင်းပသွားမည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များအား အခက်အခဲမရှိ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးနှင့် နှစ်ဖက် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းမှုများ ပြလုပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အလျဉ်းပျောက်ကင်းသွားခြင်း မရှိသေးသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို ရပ်နားထားပြီး ဇူလိုင်လ တတိယပတ်၌ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ ပြန်လည်ကျင်းပပြုလုပ်သွားရန် စီစဉ်ထားရှိသည်။