MNL ပြိုင်ပွဲများ ပြန်လည် ကျင်းပခွင့်ရရှိရေးနှင့် လက်ရွေးစင်အသင်းများ စခန်းဝင်လေ့ကျင့်နိုင်ရေး ပြည်ထောင်စုဝန်ကြီးအား MFF GS နှင့် MNL CEO တို့ သွားရောက်တွေ့ဆုံ

July 8, 2020

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ရပ်နားထားရသည့် ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့် ရရှိနိုင်ရေး အပါအဝင် နိုင်ငံတကာပြိုင်ပွဲများအတွက် မြန်မာ့လက်ရွေးစင်အသင်းများ စခန်းဝင်လေ့ကျင့်မှုပြုလုပ်နိုင်ရေး၊ ၂၀၂၀ ဖူဆယ်ရှုံးထွက်ပြိုင်ပွဲ (MFF Futsal Knockout Cup 2020) ကျင်းပသွားရန် ပြင်ဆင်ထားရှိခြင်းနှင့် ၂၀၂၀ ခုနှစ်ဘောလုံးအကယ်ဒမီကျောင်းမျာအတွက် ကစားသမားသစ်များရွေးချယ်ရေး စသည့် အကြောင်းအရာများအတွက် နိူင်ငံတော်အစိုးရ၏ခွင့်ပြုချက်ရရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးထံ အသေးစိတ် တင်ပြဆွေးနွေးခဲ့သည့် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားပြောကြားပြီး၊ ကိုဗစ်-၁၉ ရောဂါအခြေအနေကို အကောင်းဆုံးအနေအထားရောက်အောင် နိုင်ငံတော်အစိုးရမှ အစွမ်းကုန် မနားမနေကြိုးပမ်းဆောင်ရွက်နေမှုများ၊ အလွန်ခန့်မှန်းရခက်ခဲသည့် ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ၏အခြေအနေကို တစ်ကမ္ဘာလုံးက ကြိုတင်ခန့်မှန်းရတာ အလွန်ခက်ခဲနေသေးခြင်းကြောင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရက အစွမ်းကုန် မနားမနေကြိုးပမ်းဆောင်ရွက်နေရခြင်းများ၊ ပြည်သူအားလုံးအနေနှင့် လုံးဝပေါ့ဆ၍မရဘဲ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပုံများနှင့် အမျိုးသားအားကစားဖြစ်သည့်ဘောလုံးအားကစားမှာ အမြန်ဆုံးပြန်လည်စတင်လှုပ်ရှားနိုင်ရန် အရေးကြီးသည်ကိုနားလည်ပါကြောင်း၊ ယခုလ တတိယပါတ်ထဲတွင် အခြေခံပညာကျောင်းများ ပြန်လည်
ဖွင့်လှစ်နိုင်ရန်စီစဉ်ဆောင်ရွက်နေမှုများနှင့် ဘောလုံးပွဲများကိုလည်း ကျန်းမာရေးလမ်းညွှန်ကန့်သတ်ချက်များနှင့်အညီ သင့်တော်သည့် အစောဆုံးအချိန်တွင် ပြန်လည်စတင်နိုင်ရေးကိစ္စကိုလည်း ဝန်ကြီးဌာနအနေဖြင့် တတ်နိုင်သမျှကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ သို့သော် ကိုဗစ်၁၉ ရောဂါပြဿနာသည် မည်သည့်အချိန်တွင် လုံးဝပျောက်ကင်းသွားမည်ကို မည်သူမျှ သေသေချာချာမခန့်မှန်းနိုင်သေးခြင်းကြောင့် အားလုံးက အသိနဲ့သတိရှိပြီး ကျန်းမာရေးလမ်းညွှန်ချက်များကို တိတိကျကျလိုက်နာဆောင်ရွက်လုပ်ဆောင်ရန်အရေးကြီးပါကြောင်း ပြောကြားသွားသည်။
ထို့နောက် မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ ဘောလုံးမှာ အမျိုးသားအားကစားဖြစ်ပြီး အားလုံးနှင့်သက်ဆိုင်နေပြီး Stakeholder များစွာအပြင် ပြည်သူအားလုံးပါ သက်ဆိုင်သည့် အားကစားဖြစ်ရာ ပြည်တွင်းဘောလုံးပြိုင်ပွဲများအား ကိုဗစ်ကြောင့် အချိန် လေးလကျော် ငါးလခန့် ရပ်နားထားရခြင်းကြောင့် ထောင့်ပေါင်းစုံ၊ အလွှာပေါင်းစုံအတွက် ထိခိုက်ဆုံးရှုံးနစ်နာမှုများစွာ ကြုံတွေ့နေရပါကြောင်း၊ အခြေအနေအရ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများကို ၄/၅လ ကျော်ရပ်နားထားခြင်းကြောင့် အလွှာပေါင်းစုံအသီးသီးအတွက်၊ အထူးသဖြင့် ဘောလုံးနှင့်ဆက်နွယ်ပါတ်သက်သော အသင်းပိုင်ရှင်များ၊ တာဝန်ရှိသူများအတွက်သာမကဘဲ ဘောလုံးသမားများ၊ နည်းပြ/အုပ်ချုပ်အဖွဲ့ဝင်များနှင့် ထောင်သောင်းရှိသည့် မိသားစုဝင်များအတွက်လည်း စားဝတ်နေရေးအတွက်၊ ဘဝရပ်တည်ရေးအတွက် အလွန်ခက်ခဲသည့် အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ဘောလုံးအတွက် ပံ့ပိုးပေးနေကြသည့်စပွန်ဆာများ၊ ပါတနာများအတွက်လည်း ဆုံးရှုံးနစ်နာမှုများစွာ ရင်ဆိုင်နေရကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများကို နိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ရမည့် ကလပ်အသင်းများ၊ အထူးသဖြင့် နိုင်ငံလက်ရွေးစင်အသင်းများအတွက်ပါ ပြည်တွင်းလိဂ်ပြိုင်ပွဲများကို မဖြစ်မနေ ပြန်လည်စတင်နိုင်သည့်အချိန်တွင် အမြန်ဆုံးစတင်ရန်လိုအပ်မှုများနှင့် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် Football Resume Program များကို မှီငြမ်းကိုးကားပြီး မိမိတို့နိုင်ငံနှင့် ကိုက်ညီအဆင်ပြေဆုံးဖြစ်သည့် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပနိုင်အောင် အသေးစိတ်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ လိုက်နာဆောင်ရွက် သွားမည့် အစီအစဉ်များနှင့်ပါတ်သတ်၍ ရုပ်သံဖိုင်များနှင့်တကွ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက နိုင်ငံတကာပြိုင်ပွဲများအတွက် မဖြစ်မနေကြိုတင်စီမံဆောင်ရွက်ရမည့် မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး အသင်းများ စခန်းဝင်လေ့ကျင့်မှုများပြုလုပ်နိုင်ရေး၊ ဘောလုံးအကယ်ဒမီ ကျောင်းသားသစ်များ စနစ်တကျရွေးချယ်သွားရန် စီစဉ်ထားသည့် အခြေအနေများ၊ ဘောလုံး အကယ်ဒမီ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် MFF Futsal Knockout Cup 2020 ကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည် စတင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားမည့် ကိစ္စရပ်များ အပါအဝင် ကိုဗစ်ကာလ အတွင်း နိုင်ငံတကာ ဘောလုံးအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ၊ မြန်မာအသင်းများ ပါဝင်ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲများနှင့် စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်အတွင်း ကျင်းပပြုလုပ်မည့် AFC Cup ပြိုင်ပွဲအား ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်ကလပ်အသင်းများ အိမ်ရှင်အဖြင့် လက်ခံကျင်းပနိုင်ရေးအတွက် အာရှဘောလုံးအဖွဲ့ချုပ်သို့ ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရမည့် ကိစ္စရပ်အား ထည့်သွင်းအဆိုပြု တင်ပြသွားခဲ့ပါသည်။

ဆက်လက်၍ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းများအတွက် အားထားရမည့် မျိုးဆက်သစ် လူငယ်ကစားသမားကောင်းလေးများကို စနစ်တကျမွေးမြူ ပျိုးထောင်နိုင်ရေးအတွက် မြန်မာအမျိုးသမီး ဘောလုံးအကယ်ဒမီကျောင်း တစ်ခု တည်ထောင်ဖွင့်လှစ်နိုင်ရန် သင့်တော်သည့် နေရာတစ်ခု၌ မြေနေရာ သတ်မှတ်ခွင့်ပြုပေးရေး ကိစ္စများနှင့် ဖူဆယ်အားကစား ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စများနှင့် အသက်(၁၄)နှစ်အောက် လူငယ်လိဂ်ပြိုင်ပွဲ ကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်များကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး အားလုံးအတွက် အလွန်အရေးကြီးသည့် ဘောလုံးပြိုင်ပွဲများကို တတ်နိုင်သမျှ အစောဆုံး ပြန်လည် ကျင်းပနိုင်ရန် လိုအပ်သည် များကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် အချိန်ကာလ တစ်ခုကြာ ရပ်နားထားရသည့် ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများကို ဇူလိုင်လ ၁၆ ရက်တွင် ပြန်လည် စတင်သွားရန် ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ကော်မတီ အစည်းအဝေး၌ ဆွေးနွေး အတည်ပြုထားခဲ့ပြီး သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့လည်း တရားဝင် ခွင့်ပြုချက် တောင်းခံထားခြင်း ဖြစ်သည်။ ယခုအခါ ပြိုင်ပွဲအား မူလသတ်မှတ်ထားသည့် ရက်အတွင်း ကျင်းပပြုလုပ်သွားနိုင်ခြင်းမရှိလျှင်ပင် တတ်နိုင်သမျှအစောဆုံး (ခန့်မှန်း ဇူလိုင် တတိယပတ်ကုန်ခန့်/ နောက်ဆုံးပတ်အတွင်း၌) ပြန်လည်ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ခွင့်ပြုချက် ရရှိရန် ထပ်မံ ဆွေးနွေးတင်ပြ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့မှ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ ကျင်းပရန် ပြင်ဆင်ထားမှုများကို ယခုရက်ပိုင်းအတွင်း ပြိုင်ပွဲကျင်းပမည့် ကွင်းများနှင့် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းအချို့သို့ လာရောက်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ တတ်နိုင်သမျှအစောဆုံးပြန်လည်စတင်ကျင်းပနိုင်ရန် တရားဝင်ခွင့်ပြုချက်ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရ၏ တရားဝင်ခွင့်ပြုချက် ရရှိသည်နှင့် ပြိုင်ပွဲ စတင်ကျင်းပမည့် နေရက်နှင့် ပွဲစဉ်ဇယား အသေးစိတ်ကို ထပ်မံအတည်ပြု ထုတ်ပြန် ပေးသွားမည် ဖြစ်သည်။