MPT Myanmar national League 2020 လက်ကျန်ပွဲစဉ်များအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရှမ်းယူနိုက်တက်အသင်းသည် နောက်ခံလူ သက်ပိုင်ထွေးအား ခေါ်ယူသွားရန် ပြင်ဆင်လျက်ရှိပြီး ခြေစွမ်းစမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

“လောလောဆယ်တော့ သက်ပိုင်ထွေးရဲ့ ခြေစွမ်းကို အသင်းမှာ ခေါ်ပြီး စမ်းသပ်နေတုန်းပါပဲ။ ပွဲစဉ်တွေကလည်း ရပ်နားထားတာ ကြာပြီဆိုတော့ အခြေအနေကို စောင့်ကြည့်ရဦးမှာပါ။ အသင်းနဲ့ အဆင်ပြေတယ်ဆိုရင် ခေါ်ယူသွားမှာပါ” ဟု ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးအောင်နိုင်ကပြောသည်။
ဇွဲကပင်ယူနိုက်တက်အသင်း၏ ကစားသမားဟောင်း တစ်ဦးဖြစ်သည့် အဆိုပါ လူငယ်လက်ရွေးစင် ကစားသမားသည် ပြီးခဲ့သည့် ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များတွင် ပွဲထွက် ကစားသမားအဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့သူဖြစ်ပြီး အလားအလာရှိ လူငယ်ကစားသမား တစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရသူဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် လာမည့် ပြည်တွင်း၊ ပြည်ပ ပွဲစဉ်များအတွက် ပြင်ဆင်လျက်ရှိရာတွင် ခံစစ်ပိုင်းအား အဓိကထား ပြင်ဆင်လျက်ရှိပြီး ဝါရင့်နောက်ခံလူ ဝင်းမင်းထွဋ်ကိုလည်း ခေါ်ယူသွားရန် စီစဉ်ထားသည်ဟုဆိုသည်။
လတ်တလော အခြေအနေတွင် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များ အပါအဝင် ပြည်တွင်းပွဲစဉ်များကို ကိုဗစ်-၁၉ ရောဂါကြောင့် ပြန်လည်စတင်နိုင်ခြင်း မရှိသေးသော်လည်း နိုင်ငံတော်အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် အစောဆုံး ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။