မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပြန်လည်ကျင်းပနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပ

July 15, 2020

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပြန်လည် ကျင်းပနိုင်ရေး အတွက် အကြိုညှိနှိုင်း အစည်းအဝေး တစ်ရပ်ကို ဇူလိုင် ၁၅ ရက်(ယနေ့) မွန်းလွဲ ၁း၀၀ နာရီက သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ အစည်းဝေးခန်း၌ ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာ နေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာ အောင်ကျော်ဦး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လက်ရွေးစင်အသင်းများဌာနဒါရိုက်တာဦးထွန်းထွန်းအောင်၊ ဒိုင်ဌာန ဒါရိုက်တာ ဦးလှမင်း၊ မြန်မာနေရှင်နယ်လိဂ်-၁ နှင့် ၂ တို့မှ ကလပ်အသင်း စီအီးအိုများ၊ အထွေမန်နေဂျာများ၊ မန်နေဂျာများ၊ မြန်မာနေရှင်နယ်လိဂ် အဓိက မိတ်ဖက် MPT နှင့် Host Broadcaster ဖြစ်သည့် MY SPORTS မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်မှ ၂၀၂၀ ပြည့်နှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ လက်ကျန်ပွဲစဉ်များ အမြန်ဆုံး ပြန်လည်စတင်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ထားမှု များကို ပြီးခဲ့သည့် ရက်များ အတွင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် တွေ့ဆုံကာ ရှင်းလင်းတင်ပြခဲ့မှုအရ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ မိမိတို့ ပြင်ဆင်ထားမှုများ အပေါ် ကျေနပ်မှုရှိကြောင်း၊ သို့သော် ဘောလုံးပြိုင်ပွဲများ အမြန်ဆုံးနှင့် အန္တရယ်အကင်းဆုံးပြန်လည် စတင်ကျင်းပနိုင်ရန် ပါဝင်မည့် ကလပ်အသင်းများမှ ကစားသမားများ၊ အုပ်ချုပ် နည်းပြများအားလုံး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်အရ ပြိုင်ပွဲ ပြန်လည် မစတင်မီတွင် ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ ဆေးစစ်ရန် လိုအပ်သည်ဟု လမ်းညွှန်ထားကြောင်း၊ လိုအပ်ချက်အရ မဖြစ်မနေ ဆေးစစ်ရန် လမ်းညွှန်လာခြင်းဖြစ်၍ MOHS နှင့် ညှိနိူင်း၍ ဆေးစစ်ရန် စီစဉ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ကစားသမားများ အပါအဝင် အသင်းတာဝန်ရှိသူများ အားလုံးအနေဖြင့် ပြိုင်ပွဲမစတင်မီ ကာလအတွင်း ကျန်းမာရေး ကောင်းမွန်စေရေးအတွက် ကျန်းမာရေး လမ်းညွှန်ချက်အတိုင်း အထူးဂရုတစိုက် နေထိုင်ဖို့ လိုအပ်ပါကြောင်း၊ အားလုံးအတွက် အရေးကြီးသည့် MNL ပြိုင်ပွဲများ အမြန်ဆုံးပြန်လည် စတင်ရန် လိုအပ်ပါသဖြင့် MNL ပွဲစဉ်များ ယခုလ နောက်ဆုံးပါတ် အတွင်း မဖြစ်မနေ ပြန်လည်ကျင်းပခွင့်ပြုနိူင်ရေး အတွက် မိမိတို့အပိုင်းက စီမံဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို MOHS မှတစ်ဆင့် အသေးစိတ် ထပ်မံတင်ပြထားပြီး ဖြစ်၍ လာမည့်ရက်ပိုင်းအတွင်း နိုင်ငံတော်အစိုးရ​၏ ခွင့်ပြုချက် ရရှိလာမည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း၊ လက်ရှိ အခြေအနေအရ မိမိတို့ မူလရေးဆွဲထားသည့် ပွဲစဉ်ဇယားအတိုင်း ကျင်းပနိုင်ခြင်းမရှိတော့ သော်လည်း အသင်းများ အနေဖြင့် တတ်နိုင်သလောက် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားရန် လိုအပ်ပါကြောင်း၊ လက်ရှိ အနေအထားအရ MPT MNL 2020 လက်ကျန် ပွဲစဉ်များနှင့် ရှုံးထွက်ပွဲစဉ်များကို ကျင်းပရန် စီစဉ်ထားရာတွင် Plan A အဖြစ် လာမည့် ဇူလိုင် ၂၈ ရက်တွင် MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲကို လည်းကောင်း၊ ရှုံးထွက်ပြိုင်ပွဲအား ဇူလိုင် ၂၈ ရက်တွင် လည်းကောင်း၊ လိဂ်-၂ ပြိုင်ပွဲအား သြဂုတ် ၁ ရက်တွင် လည်းကောင်း အသီးသီး စတင်နိုင်ရန် ရည်ရွယ်ထား ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းမှ AFC Cup ပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံခွင့်ရရှိမည့် အခြေအနေများ၊ မြန်မာ့လက်ရွေးစင် အသင်း၏ နိုင်ငံတကာပြိုင်ပွဲများနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားမှု အခြေအနေများကို ရှင်းလင်း ပြောကြားပြီး ဘောလုံးပွဲများ အမြန်ဆုံး ပြန်လည်စတင်နိုင်ရန်နှင့် လက်ရွေးအသင်းများ နိုင်ငံတကာ ပြိုင်ပွဲများအတွက် စုပေါင်းလေ့ကျင့်မှု အမြန်ဆုံးပြုလုပ်နိုင်ရေး အတွက် နိုင်ငံတော်အစိုးရ​၏ ခွင့်ပြုချက် အမြန်ဆုံးရရှိအောင် ကြိုးစား ဆောင်ရွက်နေမှုများနှင့် MNL ပြိုင်ပွဲများ ပြန်လည်စတင်ခွင့် ရသည့်အချိန်တွင့် လေ့ကျင့်ရေးကွင်း အခက်အခဲရှိသော ကလပ်အသင်းများကို MFF ပိုင်ကွင်းများတွင် သတ်မှတ်အချိန်အလိုက် အခမဲ့ လေ့ကျင်းရေးပြုလုပ်နိုင်ရန် အတွက် ခွင့်ပြုစီမံပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနား အစီအစဉ်အရ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦးမှ ကလပ်အသင်းများ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင်ရာ Guidelines များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကလပ်အသင်း တာဝန်ရှိသူများမှ အထွေထွေ ဆွေးနွေးခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် ကော်မတီ အနေဖြင့် ပြိုင်ပွဲများ အမြန်ဆုံးပြန်လည်စတင်ကျင်းပနိူင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လိုအပ်ချက်အရ ထပ်ဆင်ညွှန်ကြားမည့် လုပ်ငန်းလမ်းညွှန်ချက် များကို ဖြည့်ဆည်း ဆောင်ရွက်သွားမည့်အပြင် ဘောလုံးပြိုင်ပွဲများ အမြန်ဆုံးပြန်လည်စတင် ကျင်းပနိုင်ရန် နိုင်ငံတော်အစိုးရ၏ တရားဝင်ခွင့်ပြုချက် ရရှိသည်နှင့် ပြိုင်ပွဲ စတင်ကျင်းပမည့် နေရက်နှင့် ပွဲစဉ်ဇယား အသေးစိတ်ကို ထပ်မံ အတည်ပြု ထုတ်ပြန် ပေးသွားမည်ဖြစ်သည်။