ရပ်နားထားရသည့် ၂၀၂၀ MPT မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲ အမြန်ဆုံး ပြန်လည်ကျင်းပပြုလုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MOHS) ၏ ကျန်းမာရေးလမ်းညွန်ချက် စည်းမျဉ်းစည်းကမ်းများ(SOP) အတိုင်း မဖြစ်မနေ လိုက်နာဖြည့်ဆည်းဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါသည်။

မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများ အနေဖြင့် MOHS ၏ ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ Team Camp များတွင် Camp Quarantine အဖြစ် နေထိုင်လေ့ကျင့်ပြီး စနစ်တကျပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ရာ ယနေ့ သြဂုတ်လ ၁၀ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်(ရောဂါနှိမ်နင်းရေး)၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနှင့် ဗဟိုကူးစက်ရောဂါနှိမ်နင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်တို့ ပါဝင်သော ကျန်းမာရေး စစ်ဆေးရေးအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးမှု အခြေအနေများ၊ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများ Team Camp Quarantine အဖြစ် အသုံးပြု နေထိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အသင်းအဆောင်များ၊ စားရိပ်သာများ၊ ISPE FC နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ကစားသမားအိပ်ဆောင်များ၊ စားရိပ်သာများနှင့် ပြိုင်ပွဲကျင်းပမည့် သုဝဏ္ဏကွင်းနှင့် YUSC ကွင်းများသို့ လာရောက်စစ်ဆေးခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးကျော်စိုးမိုး၊ ရန်ကုန်ယူနိုက်တက်အသင်း CEO ဦးရာဇာထွေး၊MFF ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက MOHS ၏ ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း အသေးစိတ်ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် ပြိုင်ပွဲကျင်းပရန်အတွက် လစ်ဟာမှု မရှိစေရန် စီမံဆောင်ရွက်ထားသည့် လုပ်ငန်းစဉ်များအား အသေးစိတ်လိုက်လံရှင်းလင်းတင်ပြခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စစ်ဆေးရေးအဖွဲ့ကလည်း အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ လာရောက်စစ်ဆေးခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပါကြောင်း၊ လာရောက်စစ်ဆေးသည့်အကြိမ်တွင် မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပရန် ပြင်ဆင်ထားမှုများမှာ ယခင်ကထက် ပိုမိုကောင်းမွန်လျက်ရှိပါကြောင်း၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကစားသမား၊ အုပ်ချုပ်/နည်းပြများနှင့် ဒိုင်လူကြီးများပါ ကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးနေပြီဖြစ်၍ ပြိုင်ပွဲအတွက် ပိုမိုလုံခြုံစိတ်ချရမည်ဟု ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲများ အမြန်ဆုံးပြန်လည်ကျင်းပနိုင်ရေးအတွက် မိမိတို့ဘက်မှ လိုအပ်သည်များ အစွမ်းကုန်ကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြိုင်ပွဲဝင်ကလပ်အသင်းအားလုံးမှလည်း ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း ဆက်လက် နေထိုင်ပေးရန် တိုက်တွန်းလိုပါကြောင်း၊ မကြာမီအချိန်၌ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့် ရရှိမည်ဟု မျှော်လင့်ပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါသည်။

MPT Myanmar National League 2020 လက်ကျန်ပွဲစဉ်များ ပြန်လည်ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲတွင် ပါဝင်ကြမည့် ကစားသမားများ၊အုပ်ချုပ်/နည်းပြအဖွဲ့ဝင်များ၊ ဒိုင်လူကြီးများအားလုံး ကျန်းမာရေးစစ်ဆေးရမည်ဖြစ်ပြီး ယနေ့တွင် ရှမ်းယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ ရတနာပုံအက်ဖ်စီ၊ မကွေးအက်ဖ်စီနှင့် ဆောက်သမ်းမြန်မာအသင်းတို့ကို ကိုဗစ်-၁၉ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

ထို့အတူ သြဂုတ်လ ၁၁ ရက် နံနက်ပိုင်းတွင် စစ်ဆေးပြီးဖြစ်သည့် ရန်ကုန်ယူနိုက်တက်မှလွဲ၍ ဧရာဝတီယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ISPE FC နှင့် စစ်ကိုင်းယူနိုက်တက်အသင်းများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးမှုတွင် တစ်ဦးလေမျှ Positive Case မတွေ့ရှိမှသာ နိုင်ငံတော်အစိုးရမှ ပြိုင်ပွဲကို ကျင်းပခွင့်ပြုမည်ဖြစ်သည်။
ထို့ကြောင့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် MOHS ၏ ကျန်းမာရေးလမ်းညွှန်ချက်များကို မဖြစ်မနေလိုက်နာသွားရန် လိုအပ်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်အနေဖြင့် ကလပ်အသင်းများအတွက် ကိုဗစ်စစ်ဆေးခြင်းကို ငွေကြေးအကုန်အကျခံဆောင်ရွက်ပေးခြင်းဖြစ်သည့်အပြင် လေ့ကျင့်ရေးကွင်းများကိုလည်း အခမဲ့အသုံးပြုခွင့်ပေးထားခြင်းဖြစ်သည်။
