ဩဂုတ်လ(၂၂)ရက်နေ့တွင် ပြန်လည်ကျင်းပမည့် MPT MNL 2020 လက်ကျန်ပွဲစဉ်ဇယား ထုတ်ပြန်

August 14, 2020

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ ပြန်လည်စတင်နိုင်ရေးအတွက် ပြီးခဲ့သည့် သြဂုတ် ၁၂ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ လက်ရွေးစင်ဂိုးသမား သီဟစည်သူ (ရှမ်းယူနိုက်တက်) တို့ ပါဝင်ခဲ့သည့် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသဘောတူခွင့်ပြုခဲ့မှုအရ MPT Myanmar National League 2020 လက်ကျန်ပွဲစဉ်များကို ယခုလ ၂၂ ရက်တွင် ကျင်းပသွားရန် ဆုံးဖြတ်အတည်ပြုနိုင်ခဲ့ပါသည်။

ထို့ကြောင့် ပြန်လည်ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များနှင့် ပတ်သက်သည့် အသေးစိတ်အစီအစဉ်များ၊ ပွဲစဉ်ဇယားများ သတ်မှတ်ထုတ်ပြန်နိုင်ရေးအတွက် ကလပ်အသင်းများနှင့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁း၀၀ နာရီအချိန်က သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီးနောက် အသေးစိတ်ပွဲစဉ်ဇယားကို တပါတည်းထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါညှိနိူင်အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ်အမှုဆောင် အရာရှိချုပ် က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်များအတိုင်း ပြိုင်ပွဲများကိုစနစ်တကျ ပြန်လည်စတင်ကျင်းပရန် စီစဉ်ထားခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ကလပ်အသင်းများဘက်မှ MOHS က ဘောလုံးပွဲများကျင်းပရန် သတ်မှတ်ပြဌာန်းပေးထားသည့် ကျန်းမားရေးဆိုင်ရာ စည်းကမ်းများကို တိကျစွာလိုက်နာပြီး ၂၀၂၀ပြည့်နှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးနိူင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်
မေတ္တာရပ်ခံတိုက်တွန်းလိုကြောင်းရှင်းလင်းပြောကြားပြီး MFF ဆေးမှူးချုပ်ဒေါက်တာအောင်ကျော်ဦးက ကျန်းမာရေးလမ်းညွန်ချက်များအား ကလပ်အသင်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် MNL COO နှင့်ကလပ်အသင်းတာဝန်ရှိသူများက အထွေထွေဆွေးနွေးခဲ့ကြပြီး
အစည်းအဝေး ဆုံးဖြတ်ချက်အရ MPT Myanmar National League 2020 လက်ကျန်ပွဲစဉ်များကို ယခုလ ၂၂ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၊ YUSC ကွင်းနှင့် ပဒုမ္မာကွင်းတို့၌ ကျင်းပပြုလုပ်သွားရန် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ပြိုင်ပွဲ ပွဲစဉ်ဇယားကိုလည်း အောက်တွင် ပူးတွဲဖော်ပြပေးလိုက်ပါသည်။