အလင်းဖြူ
တစ်ကျော့ပြန် MPT မြန်မာနေရှင်နယ်လိဂ်ရဲ့ ပထမဆုံး ပွဲကို သွားကြည့်မိတယ်။ နယ်မြေသစ်ကို ရောက်သွားတဲ့ ကလေးတစ်ယောက်လို ရင်ခုန်စိတ်လှုပ်ရှားလို့။ ဘာတွေ၊ ဘယ်လို စီစဉ်ထားလဲ သိချင်စိတ်က တားမရ ဆီးမရ။ ပရိသတ်တွေရဲ့ အသံကို မကြားရတော စိတ်ထဲ တစ်မျိုးကြီး။ အရင်တုန်းကရော ပရိသတ်တွေ ရှိလို့လား။ အမြဲလာနေကျ ပရိသတ်တွေတော့ ရှိပါတယ်။ ပွဲကြည့်စင်တွေက တိတ်ဆိတ်မနေဘူး။ ဟိုတစ်စ ဒီတစ်စ အသံတွေဟာ မြန်မာလိဂ်ရဲ့ သရုပ်မှန်ပဲလေ။

ဘောလုံးပွဲတွေမှာ စကားလုံး ကြမ်းကြမ်းနဲ့ ပွဲဆူတတ်တဲ့ အမျိုးသမီးကြီးကို ကျွန်တော်လွမ်းတယ်။ မိနစ် ၉၀ လုံး တစ်ချက်လေးမှ နားမသွားတဲ့ အန်တီကြီးကို ကျွန်တော်လွမ်းတယ်။ ဘောလုံးပွဲရှိမှ တွေ့ခွင့်ရတဲ့ သူငယ်ချင်းတွေကို ကျွန်တော်လွမ်းတယ်။ “ဒုံး…ဒုံး…ဒုံး” ဆိုတဲ့ အသံတွေကို ကျွန်တော် လွမ်းတယ်။ “ဂိုး” ဆိုတဲ့ ပဲ့တင်ထပ်နေတဲ့ အသံတွေဟာ နားထဲက မထွက်။

ဒီမြင်ကွင်းတွေက ဘယ်မှာလဲ။ ကျွန်တော်တို့ကို ပြန်ပေးပါ။ ဘယ်မှာတောင်းဆိုရမလဲ။ ပထမဆုံးပွဲမို့ စိတ်ထဲတော့ တစ်မျိုးကြီး။ ဒါကိုက အရသာတစ်မျိုးဖြစ်မှန်းမသိ ဖြစ်နေခဲ့တယ်။ ပရိသတ် မပါတဲ့ပွဲ။ ခိုးလိုးခုလုတော့ ဖြစ်တယ်။ ပွဲစဖို့ တစ်နာရီ အလိုမှာ ကွင်းထဲဝင်ခွင့်ရတယ်။ အပူချိန်တိုင်းတယ်။ ခပ်ခွာခွာထိုင်။ တစ်ယောက်နဲ့ တစ်ယောက် ရီပြ ပြုံးပြ၊ အရင်လို စကားပြောလို့မရ။ အရန်ကစားသမားတွေက ပွဲကြည့်စင်ပေါ်မှာ။ Mask ကို တစ်ချိန်လုံး တပ်ထားရတယ်။ အသက်ရှုကြပ်လို့ ဖြုတ်ထားရင်၊ လူချင်းပူးသွားရင် တာဝန်ရှိသူတွေက လာလာသတိပေးမယ်။ ပွဲမစခင် ၁၅ စက္ကန့် လက်ခုပ်တီးချိန်မှာ ကြက်သီးထတယ်။ ရှေ့တန်းကနေ တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လက်ခုပ်တီးဂုဏ်ပြုဖို့ပဲ ကျွန်တော်တို့တတ်နိုင်တယ်။ ဒီမြင်ကွင်းက ကြည်နူးစရာ။ ထိုင်ခုံတွေကလည်း ဆေးဖြန်းထားလို့လား မသိ သန့်ရှင်းတောက်ပြောင်လို့။ အခက်အခဲတွေ ကြားထဲကနေ လိုအပ်ချက်မရှိအောင် စီစဉ်ရတာကလည်း လွယ်တော့မလွယ်။ ပထမဆုံးပွဲမို့ အသားမကျတာကလွဲရင် အဆင်ပြေတယ်။ ယှဉ်ပြိုင်မှုတွေက အရင်အတိုင်းပဲ ကျေနပ်ရပါတယ်။ မကွေး−ရန်ကုန်၊ ပြောစရာတွေက ကုန်မှာမဟုတ်။ များလွန်းလို့ ဟုန်သွားမှာလည်း စိုးရိမ်ရတယ်။

မိုးဖွဲဖွဲအောက်မှာ နွှဲခဲ့တဲ့ ဒီပွဲ။ ရင်ခုန်ဖို့ကောင်းတယ်။ ဒါကြောင့်လည်း အန်တွမ်နီဟေး၊ ပိုပေါ့တို့ လာကြည့်ကြတယ်။ ဒီပွဲမှာ ရန်နိုင်ဦး၊ မောင်မောင်ဝင်း ကွင်းလယ်က စိတ်ဝင်စားဖို့ အကောင်းဆုံး။ မောင်မောင်ဝင်းက ရာသီမစခင်မှာ ရောက်လာတယ်။ ရန်နိုင်ဦးက ကိုဗစ်ကာလမှာ ရောက်လာတယ်။ သူတို့နှစ်ယောက် အတွဲဟာ ပြောစရမလိုအောင် ပြည့်စုံခဲ့တယ်။ စိတ်မကောင်းဖြစ်ရတာက မကွေး။ ပြင်ဆင်ချိန်က ၁၀ ရက်ပဲ ရခဲ့တယ်။ ရှိသမျှအားနဲ့ တောင့်ခံခဲ့တယ်။ ဒါပေမဲ့ ဂိုးတွေပေးခဲ့ရတယ်။ အသင်းရဲ့ ပုံရိပ်ကစားသမားတွေ ဖြစ်တဲ့ နေမိုးနိုင်၊ စိုးလွင်လွင်၊ နိုင်နိုင်ကျော်၊ ပြေမိုးတို့ ဘာမှမလုပ်နိုင်ခဲ့။
မကွေးမာန်ကို မြင်ရဖို့ဆို အချိန်တစ်ခုတော့ ပေးရမယ်ထင်ပါရဲ့။ ရန်ကုန်ကတော့ ဂိုးပြတ်နိုင်ပွဲနဲ့အတူ ဟံသာဝတီကို ဖိအားပေးလို့။ ကြည်လင်းဂိုးသွင်းနိုင်တယ် ဆိုတဲ့သတင်းမှာ ပြုံပျော်သွားသူတွေ အများကြီး။ တကျော့ပြန် မြန်မာလိဂ်ရဲ့ ပထမဆုံးပွဲမှာ ရန်ကုန်လည်းနိုင်၊ ရှမ်းလည်းနိုင်။ အသင်းကြီးတွေ ပုံမှန်အတိုင်း ခရီးဆက်နေဆဲ။

ဧရာဝတီနဲ့ ရခိုင်။ ပြိုင်ဆိုင်မှုက ပြင်းထန်တယ်။ ဒါပေမဲ့ ကွာသွားတာက ကစားသမား စုဖွဲ့မှု။ ဧရာဝတီရဲ့ ကစားပုံဟာ ကောင်းတယ်။ ၂၀၁၅ ဆီးဂိမ်းရဲ့ သူရဲကောင်း နေလင်းထွန်းဟာ နေလင်းထွန်းဖြစ်ခဲ့တယ်။ ဆာဆက်၊ ဝင်းနိုင်ထွန်း၊ နေလင်းထွန်းတို့ တိုက်စစ်ဟာ စိတ်ဝင်စားဖို့ ကောင်းတယ်။ အထူးသဖြင့် ဆာဆက်၊ ကွင်းလယ်ထိ ဆင်းတယ်။ တိုက်စစ်ကို ပုံဖော်တယ်။ သူသွင်းသွားတဲ့ နှစ်ဂိုးစလုံးဟာ ဆရာကျလွန်းတယ်။ လွင်မိုးအောင်၊ တင်ဝင်းအောင်၊ အောင်နိုင်ဝင်းတို့ ကွင်းလယ်က ပြောစရာမရှိ။ ဒီ ၃ ယောက်ကို ယှဉ်ကစားနိုင်မယ့် ကွင်းလယ်ဟာ မြန်မာနေရှင်နယ်လိဂ်မှာ များများစားစား မရှိဘူး။ ကျော်ဇင်လွင်၊ ဗစ်တာ၊ စိုးမိုးကျော်၊ ဇော်ဝင်းတို့ ခံစစ်က တောင့်တင်းခဲ့တယ်။ စုစည်းမှုကောင်းတယ် ဆိုတဲ့ ရခိုင်အသင်းလည်း ဘာမှ လုပ်မရ။

အဓိက ကစားသမားတစ်ချို့ ဒဏ်ရာရနေတယ် ဆိုတဲ့ ရခိုင်နည်းပြက သူ့အသင်းကို အပြစ်မမြင်။ ကြိုးစားရဦးမယ်လို့ ဆိုသွားတယ်။ တကျော့ပြန် မြန်မာလိဂ် ပြန်အစမှာ အသင်းကြီးတွေ အနိုင်ရခဲ့တယ်။ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီ၊ ရတနာပုံ။ အောင်သူ ဟက်ထရစ် သွင်းသွားတယ် ဆိုတဲ့သတင်းဟာ လှုပ်ခတ်သွားတယ်။ အောင်သူဟာ မြန်မာ့လက်ရွေးစင် အသင်းရဲ့ အဓိကတိုက်စစ်မှူး။ သူဂိုးတွေသွင်းနိုင်ခြင်းဟာ ပျော်စရာတစ်ခုပဲ။

ကိုဗစ်သာမဖြစ်ရင် ဒါဟာ မန္တလေးဒါဘီ။ မန္တလေး ပရိသတ်တွေ ဘယ်လောက်များ ရင်ခုန်စိတ်လှုပ်ရှားနေမလဲ။ အခုတော့ ဘယ်တတ်နိုင်မလဲ။ ISPE ရဲ့ ပုံစံဟာ ကျွန်တော်တို့ ရင်ထဲစိုက်ဝင်ခဲ့တယ်။ လာမယ့် လာမယ့် နှစ်တွေမှာလည်း ဒီအသင်းကို ရှိစေချင်ပါရဲ့။ တကျော့ပြန် မြန်မာနေရှင်နယ်လိဂ်ရဲ့ ပွဲတွေဟာ သွင်းဂိုးနှုန်း မြင့်မားခဲ့ပေမယ့် အပြန်အလှန် သွင်းဂိုးတွေကိုတော့ မမြင်ရသေး။ လာမယ့်ပွဲတွေမှာ ဘယ်လိုရှိမလဲ ရင်ခုန်မိတာတော့ အမှန်ပဲ။
နားပြီးမှ ပြန်စတာမို့ ခြေစွမ်းမပြနိုင်တဲ့သူတွေ ရှိတယ်။ မပြည့်စုံတဲ့သူတွေ ရှိတယ်။ ဒါပေမဲ့ ကိုဗစ်ကာလမှာ အသင်းနဲ့ ပူးပေါင်းခဲ့တဲ့ ရန်နိုင်ဦး၊ နေလင်းထွန်းတို့ ခြေစွမ်းပြနိုင်တာက ပြောစရာဖြစ်ခဲ့တယ်။ ပရိသတ်မပါတာကလွဲရင် အသင်းကြီးတွေရဲ့ ကြိုးစားအားထုတ်မှုက အရင်အတိုင်းပဲ။ လာမယ့်အပတ်တွေမှာရော ဘယ်လိုရှိမလဲ။ မကွေး၊ ရခိုင်၊ ဆောက်သမ်း၊ ISPE တို့လည်း လာမယ့်အပတ်တွေမှာ ပိုကောင်းလာမယ့် သဘောရှိတယ်။

၅ ဦးထိ လူစားလဲခွင့် ရှိတယ်။ ဒါဟာ ကစားသမား တောင့်တင်းတဲ့ အသင်းတွေအတွက် အားသာချက် ဖြစ်လာနိုင်တယ်။ ကြည့်ခဲ့ရတဲ့ ၂ ပွဲမှာ ရန်ကုန်လည်း ၅ ဦးထိ လဲတယ်။ လူစားဝင် ကစားသမား ရန်ပိုင်စိုးနဲ့ ကြည်လင်းတို့ ဂိုးသွင်းတယ်။ ဧရာဝတီကလည်း ၃ ယောက် တိုက်စစ်ကို အတွဲလိုက်ချိန်းတယ်။ လူစားဝင်လာတဲ့ သန်းထက်အောင်က ဂိုးသွင်းနိုင်တယ်။ တကျော့ပြန် မြန်မာနေရှင်နယ်လိဂ်ရဲ့ ပထမဆုံး ပွဲတွေကြည့်ပြီး ပရိသတ်တွေကို လွမ်းလိုက်တာဗျာ။ ကွင်းထဲမလာနိုင်ပေမယ့် တီဗီရှေ့က အားပေးနေသူတွေရဲ့ ရင်ထဲမှာလည်း မြန်မာနေရှင်နယ်လိဂ် ရှိနေတယ်ဆိုတာ ကျွန်တော်တော့ ယုံတယ်။