ကျန်းမာရေးလမ်းညွန်ချက်တွေနဲ့အညီ ပြန်လည်ကျင်းပခဲ့တဲ့ MPT Myanmar National League 2020 ပွဲစဉ်(၁၀)ကတော့ ပရိသတ်တွေအကြိုက် သွင်းဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပြီးဆုံးခဲ့တာ တွေ့ရပါတယ်။ ယခုအပတ်မှာ ရန်ကုန်၊ ရတနာပုံ၊ဧရာဝတီ၊ရှမ်းအသင်းတို့ နိုင်ပွဲကိုယ်စီ ရခဲ့ပြီး မကွေး၊ ရခိုင်၊ဆောက်သမ်းနဲ့ ISPE အသင်းတို့ ရှုံးပွဲ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
မကွေးအသင်းကို ဂိုးဒါဇင်ဝက်သွင်းခဲ့တဲ့ ရန်ကုန်
(မကွေး ဝ-၆ ရန်ကုန်)
ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားခြင်းနဲ့ အတူ ကိုဗစ်ကာလအတွင်းမှာပင် ထရိန်နင်တွေ အဆက်မပြတ် လုပ်ဆောင်လာခဲ့တဲ့ အကျိုးကျေးဇူးတွေ ပေါင်းစပ်ပြီး ပြိုင်ဘက်ကို အသာစီးရယူကစားသွားခဲ့တဲ့ ပွဲစဉ်လို့ ပြောရမှာဖြစ်ပါတယ်။
အသစ်ရောက်လာခဲ့တဲ့ တောင်ပံကစားသမား ရန်နိုင်ဦးကလည်း အသင်းနဲ့ အလျင်အမြန်အထိုင်ကျပြီး တစ်ပွဲလုံး ခြေစွမ်းပြ ကစားသွားတာ တွေ့ရပါတယ်။
မကွေးအသင်းကတော့ မိနစ် ၆၀ နောက်ပိုင်း ကစားအား သိသိသာသာ ကျဆင်းသွားခဲ့ပြီး အရန်လူစာရင်း အားနည်းမှုကလည်း ဒီပွဲစဉ်အပေါ် ပေးဆပ်မှု ကြီးမားခဲ့တယ်လို့ သုံးသပ်ရမှာပါ။
ရန်ကုန်အသင်းအတွက် ၂၆၊ ၄၁၊ ၄၅+၁၊ ၇၂ မိနစ်တွေမှာ ဘာဖို၊ မောင်မောင်လွင်၊ အီမန်နျူရယ်နဲ့ ရန်ပိုင်စိုးတို့က တစ်ဂိုးစီ သွင်းယူခဲ့ပြီး ဝါရင့်ကစားသမား ကြည်လင်းက ၈၂၊ ၈၉ မိနစ်တွေမှာ နှစ်ဂိုးသွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။
နန္ဒကျော်ကြောင့် အသက်ရှုချောင်ခဲ့တဲ့ ရှမ်းယူနိုက်တက်
(ရှမ်း ၁-၀ ဆောက်သမ်းမြန်မာ)
ရှမ်းအသင်းက ဆောက်သမ်းမြန်မာအသင်းကို တစ်ဂိုးအသာနဲ့ အနိုင်ရခဲ့ပေမယ့် ခြေစွမ်းကတော့ ပုံမှန်အနေအထားသာ ရှိခဲ့တာပါ။ ပြိုင်ဘက် ဆောက်သမ်းအသင်းကတောင် ပို၍ ခြေစွမ်းပြနိုင်ခဲ့တာတွေ့ရပြီး
အောင်မြတ်သူ၊ ကောင်းစည်သူတို့ရဲ့ တိုက်စစ် အတွဲအဖက်က ရှမ်းနောက်တန်းကို ဒုက္ခပေးနိုင်ခဲ့တာ တွေ့ရပါတယ်။
ဂိုးရဖို့ ရုန်းကန်နေခဲ့ရတဲ့ ရှမ်းယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၈၁ မိနစ်အရောက်မှ နောက်ခံလူ နန္ဒကျော်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ရှမ်းအသင်းက ဒီပွဲစဉ်အနိုင်ရလဒ်ကြောင့် အဆင့်(၄) နေရာ ရောက်ရှိခဲ့ပေမယ့် ဆောက်သမ်းအတွက်တော့ အဆင့်(၁၀)နေရာကနေ ရုန်းမထွက်နိုင်သေးတာ ဖြစ်ပါတယ်။
ှ
အောင်သူဂိုးပြန်သွင်းပြီး ဂိုးပြတ်နိုင်ပွဲရရှိခဲ့တဲ့ ရတနာပုံ
(ရတနာပုံ ၄-၀ ISPE)
ရတနာပုံအသင်းအနေနဲ့ အစောပိုင်းမိနစ်တွေမှာ ဂိုးရဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပြီး မိနစ် ၆၀ နောက်ပိုင်းမှ ဂိုးလမ်းကြောင်းပွင့်သွားခဲ့တာ ဖြစ်ပါတယ်။
လူငယ်တွေနဲ့ စနစ်တကျ အခြေပြုထားတဲ့ ISPE အသင်းကလည်း ရတနာပုံအသင်းကို ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့တာ တွေ့ရပေမယ့် လိုအပ်တဲ့ သွင်းဂိုးတွေကိုတော့ ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။
ရတနာပုံအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၆၁ မိနစ်မှာ မျိုးကိုထွန်းက သွင်းယူခဲ့ပြီး ဂိုးလမ်းကြောင်း တွေ့သွားပြီး နောက်ပိုင်း ၁၁ မိနစ်အတွင်း တိုက်စစ်မှူး အောင်သူက ဟက်ထရစ်သွင်းယူခဲ့လို့ ပွဲအပြီး လေးဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဟံသာဝတီကို မျက်ခြေမပြတ်ဖို့ ရမှတ်ပြည့်ယူခဲ့တဲ့ ဧရာဝတီ
(ဧရာဝတီ ၄-၀ ရခိုင်)
ထိပ်ဆုံးမှ ဦးဆောင်နေသူ ဟံသာဝတီယူနိုက်တက်အသင်းနဲ့ အမှာကွာဟမသွားစေဖို့ ဧရာဝတီယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို လေးဂိုးပြတ် အနိုင်ယူခဲ့တာ တွေ့ရပါတယ်။
ရခိုင်ယူနိုက်တက်အသင်းအနေနဲ့ ကိုဗစ်ကာလမတိုင်ခင် ပုံစံကောင်းတွေ ရနေခဲ့ပေမယ့် ဧရာဝတီနဲ့ပွဲမှာတော့
ယုံကြည်မှုတွေ ပျောက်ဆုံးနေသလို ခြေစွမ်းကလည်း ပုံမှန်အနေအထားအောက် ရောက်ရှိနေခဲ့ပါတယ်။
ဒါကြောင့်လည်း ပြိုင်ဘက်အသင်းရဲ့ ဂိုးပြတ်ချေမှုန်းခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ဧရာဝတီအသင်းမှာ ပြိုင်ပွဲတွေနဲ့ ဝေးကွာနေခဲ့တဲ့ ကွင်းလယ်လူ နေလင်းထွန်း တစ်ကျော့ပြန် ပါလာခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့တာလည်း တွေ့ရပါတယ်။
ဧရာဝတီအသင်းအတွက် အနိုင်ဂိုးတွေကို ၂၇ မိနစ်မှာ စိုးမိုးကျော်၊ ၃၆၊ ၆၂ မိနစ်တွေမှာ ဆာဆက်နဲ့ ၇၂ မိနစ်မှာ သန်းထက်အောင်တို့က အသီးသီး ရယူပေးခဲ့တာပဲ ဖြစ်ပါတယ်။