ပွဲကြည့်သူတစ်ဦးရဲ့ ရင်ခုန်သံ (၂)

August 28, 2020

အလင်းဖြူ

ဦးတင်မောင်ထွန်းနဲ့လမ်းခွဲတယ်။ ဦးမင်းထွန်းလင်းရောက်လာတယ်။ မျက်စိတစ်မှိတ်အတွင်းမှာ အပြောင်း အလဲ တွေက မြန်မှမြန်။ တစ်ချို့သောသတင်းတွေက အသံထက်မြန်လွန်းနေတယ်။ ဆယ်စုနှစ်ကြာ တာဝန်ထမ်း ဆောင်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်း ရေးဖွဲ့လို့မှ မဆုံးသေး မျော်လင့်ချက်အသစ်တွေနဲ့ နယ်မြေသစ်ကို ခြေချလာတဲ့ ဦးမင်းထွန်းလင်းအတွက်လည်း ကြိုဆိုမိပြန်တယ်။

မနှစ်က ဦးမျိုးမင်းထွန်းနဲ့ လမ်းခွဲတယ်။ ဒီနှစ် ဦးတင်မောင်ထွန်းနဲ့ လမ်းခွဲပြန်တယ်။ ဒါဟာ ဘောလုံး လောကရဲ့လောကဓံပဲ။ ဖြစ်မယ်၊ ပျက်မယ် သဘောတရားတွေနဲ့ ကမ္ဘာကြီးလည်ပတ်လို့။ ရလဒ်အပေါ်မှာ အခြေပြုထားတဲ့ ဘောလုံးမှာ အနိုင်နဲ့အရှုံးကြားက နံရံဟာ ပါးပါးလေး။ ဒီတစ်ပါတ်မှာ ချီးကျူးသံတွေကြားရမယ်။ နောက်တစ်ပါတ်မှာ ဝေဖန်သံတွေ ကြားချင်ကြားရမယ်။

ဟံသာဝတီကို ရှုံးနိမ့်ခဲ့သည့် ပွဲမှ ရန်ကုန်ယူနိက်တက် အသင်း နည်းပြချုပ်ဟောင်း ဦးတင်မောင်ထွန်း

ယှဉ်ပြိုင်ခြင်းတွေနဲ့ ရှင်သန်နေတဲ့ဘောလုံးမှာ ရလဒ်ဟာအရေးကြီးတယ်။ ဟံသာဝတီဟာ ရန်ကုန်ကို အနိုင်ယူပြီး ရာသီဝက်ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ဟာ တန်ဘိုးကြီးမားခဲ့တယ်။ ဒါဟာ အသင်းသမိုင်းတစ်လျောက်မှာ ပထမဆုံးရပ်တည်နိုင်မှု၊ ပထမအကျော့အပြီးမှာ ရှုံးပွဲတစ်ပွဲပဲ ရှိခဲ့တယ်ဆိုတဲ့ စံချိန်ဟာ ပထမဆုံး။ သူတို့ ပျော်ခဲ့ကြတယ်။

ရန်ကုန်၊ ဟံသာဝတီပွဲမှာ အဆုံးသတ် သေချာတဲ့အသင်းက အနိုင်ရသွားတာပဲ။ ဒီရာသီမှာ အသင်း ကြီးတွေနဲ့ဆုံတိုင်း ဦးဆောင်ဂိုးပေးခဲ့ရတဲ့ ဟံသာဝတီဟာ နောက်ကလိုက်ပြီး အနိုင်ယူခဲ့တဲ့ပွဲက (၃)ပွဲအထိ ရှိခဲ့တယ်။ ရတနာပုံ၊ ရှမ်း၊ ရန်ကုန်တို့ကို အနိုင်ယူခဲ့တယ်။ ဧရာဝတီ တစ်သင်းတည်းကိုပဲ ရှုံးခဲ့တယ်။ ဒါဟာ ရာသီဝက်ချန်ပီယံ ဆိုတဲ့ဂုဏ်နဲ့ ထိုက်တန်ခဲ့တယ်။ ဒီပွဲကို ဟံသာဝတီအသင်းပိုင်ရှင် လာကြည့်တယ်။ ကျွန်တော်သိသလောက် ဒီရာသီမှာ ပထမဆုံးလာကြည့်တဲ့ပွဲ ထင်တယ်။ လာကြည့်တဲ့ အသင်းပိုင်ရှင်အတွက်လည်း ကျေနပ်စရာ ရလဒ်တစ်ခုပေါ့ ။

၄−၄−၂ ချင်းအားပြိုင်တဲ့ပွဲမှာ လူစားလဲမှုတွေက စကားပြောသွားတယ်။ ပထမပိုင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ဘိုဘိုနိုင်၊ အောင်မိုးထွေးတို့ကိုထုတ် အောင်မျိုးသူရ၊ ရန်နိုင်အောင်တို့ကို ထည့်လိုက်တဲ့အချိန်မှာ ဟံသာဝတီဟာ ဟန်ချက်ညီသွားတယ်။ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ရသွားတယ်။ သန်းပိုင်၊ ရန်ပိုင်စိုး၊ ကြည်လင်း ၊ မင်းကျော်ခန့်တို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာတယ်။ ရန်ကုန်ဟာ အခွင့်အရေးတွေ ရတယ်။ ဒါပေမယ့်ဂိုးတွေ ဖြစ်မလာဘူး။ သန်းပိုင်ရတဲ့အခွင့်အရေးသာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် ပွဲက အလှည့်အပြောင်း ဖြစ်သွားနိုင်တယ်။ နောက်ဆုံးမိနစ်တွေဟာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပဲ။

ရန်ကုန်ယူနိုက်တက်၏ ဝါရင့်နောက်ခံလူ သိန်းသန်းဝင်းကို ကျော်ဖြတ်ရန် ကြိုးစားနေသည့် ဟိန်းထက်အောင်

ဒီပွဲမှာ သဘောအကျဆုံး ကစားသမားက ဟိန်းထက်အောင်။ ဒီရာသီမှာ အကောင်းဆုံးခြေစွမ်း ရနေတဲ့သူ၊ ဟံသာဝတီရဲ့အောင်မြင်မှုမှာ အီမီကာ၊ ဒေါ်နယ် တို့ရဲ့ ဂိုးတွေဟာ အဓိကကျတယ် ဆိုပေမယ့် ဟိန်းထက်အောင်ရဲ့စွမ်းဆောင်မှုကလည်း ချီးကျူးစရာ။ ဝါရင့်တွေကြားမှာ မြန်မာလူငယ်ကစားသမားတစ်ယောက် ခြေစွမ်းပြတာကို သဘောကျတယ်။

ပွဲစဉ် ၁၁ မှာ ရတနာပုံရဲ့ စွမ်းဆောင်မှုကလည်း ကျေနပ်စရာ။ နှစ်ပွဲဆက် ဂိုးပြတ်တွေနဲ့ လတ်ဆတ်နေတဲ့ ရတနာပုံရဲ့ကစားဟန်က ရင်ခုန်ချင်စရာ၊ ပြည်တွင်းကစားသမား(၂)ယောက် နှစ်ပွဲဆက်ဟက်ထရစ် ရတာက ဂုဏ်ယူစရာ။ အောင်သူပြီးတော့ မျိုးကိုထွန်း။ ပွဲစဉ်တစ်ပွဲပြီးတစ်ပွဲ ကြည့်ချင်လာတယ်။ မျိုးကိုထွန်း၊ မြတ်ကောင်းခန့်၊ ရဲကိုဦး၊ အောင်သူတို့ရဲ့ တွဲလုံးတွေက ကောင်းတယ်။ ဒီလိုပဲ မကွေးအသင်း ကစားတာကလည်း ကောင်းတယ်။ အခွင့်အရေးတွေ ဖန်တီးနိုင်တယ်။ ပြောရရင် ရန်ကုန်ပွဲထက် ပိုကောင်းခဲ့တယ်။ ကျွန်တော်ထင်တယ် မကွေးအသင်းဟာ တစ်ပွဲပြီးတစ်ပွဲ ပိုကောင်းလာမယ့်သဘောရှိတယ်။

ဟက်ထရစ်ရှင် မျိုးကိုထွန်း

နှစ်ပွဲဆက် ဂိုးပြတ်နိုင်ပွဲတွေနဲ့ လတ်ဆတ်နေတဲ့ ရတနာပုံနဲ့ နည်းပြအသစ်နဲ့ ပွဲထွက်လာမယ့် ရန်ကုန်တို့ပွဲကို ရင်ခုန်နေတယ်။ ဒီပွဲဘယ်လိုရှိမလဲ။ ရတနာပုံ ရန်ကုန်ပွဲဟာ ဖမ်းစားထားတယ်။ တနင်္ဂနွေနေ့တောင် မြန်မြန်ရောက်ချင်နေပြီ။ မြန်မာလိဂ်မှာ စောင့်ကြည့်ချင်စရာ ပွဲတွေများလာတာဟာ ကောင်းခဲ့တယ်။ ပရိသတ်တွေနဲ့ မြိုင်ဆိုင်နေရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ရတနာပုံ−ရန်ကုန်ဆိုတာ မြန်မာပြည်ဒါဘီ။

Super Sunday အလှမ်းမဝေးတော့ပါဘူး။ ရတနာပုံ တစ်ကယ်ကောင်းမကောင်း၊ ရန်ကုန်က စမ်းသပ်ပေးနိုင်သလို ရန်ကုန်ရဲ့ ချန်ပီယံအိမ်မက်တွေကိုလည်း ရတနာပုံက ရပ်တန့်နိုင်မလား စိတ်ဝင်စားစရာပါပဲ။ မြန်မာလိဂ်မှာ စိတ်ဝင်စားစရာတွေများတယ်။ ဒီထဲမှာ ဧရာဝတီလဲပါတယ်။ ဧရာဝတီဟာ ချန်ပီယံဆုဖလားကို မှန်းနေတဲ့အသင်း။ မြန်မာလိဂ်အသင်းတွေထဲမှာ ကစားသမားအင်အား အတောင့်တင်းဆုံးအသင်း ။ ရခိုင်နဲ့ပွဲမှာ အသုံးပြုခဲ့တဲ့ နေလင်းထွန်းတို့ တင်ဝင်းအောင်တို့ဟာ စစ်ကိုင်းနဲ့ပွဲမှာ ပါမလာ။ သီဟဇော်၊ Success ၊ သန်းထက်အောင် တို့ကို အသုံးပြုတယ်။ ဝင်းနိုင်ထွန်းက အရန်ခုံမှာ။

ဧရာဝတီ ယူနိုက်တက်အသင်း တိုက်စစ်မှူး ဆာဆက်စ်

တိုက်စစ်အတွဲကို လိုသလို အသုံးပြုနိုင်တာဟာ ဧရာဝတီရဲ့ အားသာချက်ပဲ။ ဒီအချက်ဟာ ပွဲတွေဆက်တိုက် ကစားရမယ့် ဒီလိုအချိန်မျိုးမှာ အားကောင်းလွန်း နေတယ်။ ရခိုင်ကို ၄-၀ ၊ စစ်ကိုင်းကို ၁−၆။ ဂိုးသွင်းနှုန်းက ကြောက်စရာ။ တိုက်စစ်မှူးတွေ ဂိုးရနေတာကလည်း အားရစရာ။ ဒါ့ကြောင့် ဧရာဝတီ ဟာ တစ်ပွဲပြီးတစ်ပွဲ တိုက်စစ်ကိုဘယ်လိုအသုံးပြုမလဲ ရင်ခုန်နေရတာကိုက ပျော်စရာဖြစ်မှန်းမသိ ဖြစ်လာတယ်။

နောက်တစ်သင်းက ရှမ်း။ ဒီအသင်းကဖြေးဖြေးနဲ့မှန်မှန်ပဲ ချီတက်နေတယ်။ ကစားဟန်က အကောင်းကြီးမဟုတ်။ ဒါပေမယ့် နိုင်ပွဲတွေရနေတယ်။ ရခိုင်ကလည်း ဧရာဝတီနဲ့ ကစားတဲ့ ခြေမျိုးမဟုတ် ကောင်းလာတယ်။ အရင်ပုံစံမျိုးပြန်မရသေးပေမယ့် နောက်ပွဲတွေမှာ ပိုကောင်းလာ နိုင်တယ်။ နန္ဒကျော်ကတော့ နှစ်ပွဲဆက် ဂိုးသွင်း နိုင်ခဲ့တယ်။ မနှစ်က ရှမ်းအသင်းနဲ့ယှဉ်ရင် ဒီနှစ်ရှမ်းက ညံ့တယ်။ ဒါပေမယ့် နိုင်သင့်နိုင်ထိုက်တဲ့ အသင်းကို နိုင်နေတာဟာ ယုံကြည်မှုရစေတယ်။ ဒါကြောင့်လာမယ့်ပွဲစဉ်မှာ ရှမ်းအသင်း ဘယ်လိုပုံစံ ပွဲထွက်လာမလဲ စိတ်ဝင်စားတယ်။

ရခိုင်ယူနိုက်တက် အသင်းဘက်သို့ ထိုးဖောက် တိုက်စစ်ဆင်ရန် ကြိုးပမ်းနေသည့် ရှမ်းယူနိုက်တက် တိုက်စစ်မှူး
ကိသ်မာတူနာ့ရှ်

ဆောက်သမ်းနဲ့ ISPE ပွဲကလည်း မဆိုး။ သူတို့မှာရှိနေတဲ့အားကို ချပြသွားတယ်။ ISPE ကတော့ သူတို့အားကို ထိန်းထားနိုင်ဆဲပဲ ဒီတစ်ပါတ်ပွဲစဉ် (၁၁)မှာ မြန်မာကစားသမား အများစု ခြေစွမ်းပြနိုင်တာကို သဘောကျတယ်။ သီဟဇော်ရဲ့ ပြစ်ဒဏ်ဘောက တစ်ကယ့်ကို ပြောစရာဖြစ်ခဲ့တယ်။ တစ်ကျော့ပြန် ပြန်စတဲ့ MPT Myanmar National League ပွဲတွေမှာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမယ့် အသင်းတွေရှိတယ်။ စောင့်ကြည့်ရမယ့် ကစားသမားတွေ ရှိတယ်။

ပွဲကောင်းတွေရှိတယ်။ ကစားသမားကောင်းတွေရှိတယ်။ ဒါကြောင့် ရုပ်/သံမှာပဲဖြစ်ဖြစ် Social Media ပေါ်ကပဲဖြစ်ဖြစ် ကောင်းကွက် ကလေးတွေကို အဆက်မပြတ် ပြနေမယ်ဆိုရင် ပရိသတ်ကို စွဲဆောင် နိုင်မယ့် နည်းလမ်းတစ်ခုလို့တော့ မြင်မိတယ်….