ပွဲစဉ်(၁၁)အပြီး ရာသီဝက် ချန်ပီယံဘွဲ့ခံယူခဲ့သော ဟံသာဝတီနဲ့ နည်းပြထိုင်ခုံ လှုပ်ခတ်ခဲ့သော ရန်ကုန်

August 28, 2020

ရန်ကုန်ယူနိုက်တက် (၁-၃) ဟံသာဝတီယူနိုက်တက်
ဟံသာဝတီယူနိုက်တက်အသင်း အနေနဲ့ ပြိုင်ဘက် ရန်ကုန်ယူနိုက်တက်အသင်းကို ၃-၁ ဂိုးရလဒ်နဲ့ အနိုင်ယူပြီး ပထမအဆုံးအကြိမ် ရာသီဝက်ချန်ပီယံဘွဲ့ ခံယူနိုင်ခဲ့ပါတယ်။ ပွဲမတိုင်ခင်ကတည်းက ဒီနှစ်သင်းရဲ့ တွေ့ဆုံမှုအပေါ် အားလုံးက စိတ်ဝင်တစား ရှိခဲ့ပြီး တစ်ကယ်တမ်းကစားခဲ့တဲ့အခါမှာလည်း ပွဲကောင်းတစ်ပွဲကို မြင်တွေ့ခဲ့ရတာပါ။ သို့ပေမယ့် ကံကြမ္မာက ဟံသာဝတီအသင်းဘက်က ရပ်တည်ခဲ့ပြီး ရာသီဝက်ချန်ပီယံဆိုသောဂုဏ်နဲ့ အတူ အနီးကပ်ပြိုင်ဘက်အသင်းတစ်သင်းကို ခုနှစ်မှတ်အထိ ဖြတ်လိုက်နိုင်တာ ဖြစ်ပါတယ်။ ဟံသာဝတီအသင်းအတွက် ဒါဟာ အပိုဆုလာဘ်အဖြစ် သတ်မှတ်ရမှာဖြစ်ပေမယ့် ရန်ကုန်အသင်းအတွက်တော့ နည်းပြ အပြောင်းအလဲ ဖြစ်သွားတဲ့အထိ ဂယက်ရိုက်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြသစ်နဲ့အတူ အစဉ်အလာပြိုင်ဘက် ရတနာပုံနဲ့ပွဲမှာ ပြန်လာနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

နှစ်ပွဲဆက် ဟက်ထရစ်၊ နှစ်ပွဲဆက် အနိုင်ရလဒ်နှင့် ရတနာပုံ


မကွေးအက်ဖ်စီ (၁-၄) ရတနာပုံအက်ဖ်စီ
Y.U.S.C ကွင်းမှာ ကျင်းပခဲ့တဲ့ ယခုပွဲမှာ ရတနာပုံအသင်းက ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ဆက်လက်အသက်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပွဲတွေရပ်နားထားရပြီး နောက်ပိုင်း ပုံစံကောင်းတွေ ရနေတဲ့အသင်းတွေထဲမှာ ရတနာပုံအသင်းက တစ်သင်းအပါအဝင် ဖြစ်နေတာပါ။ ပွဲစဉ်(၁၀) မှာ ISPE အသင်းကို ဂိုးပြတ်ချေမှုန်းခဲ့သလို ရာသီဝက်နောက်ဆုံးပွဲစဉ်မှာလည်း မကွေးအသင်းကို လေးဂိုး၊တစ်ဂိုးရလဒ်နဲ့ နောက်ကောက်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ မျိုးကိုထွန်းက တစ်ဦးတည်းသုံးဂိုးသွင်းယူပြီး ဝင်းနိုင်စိုးက တစ်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်က ရာဇဝင်ထဲက အစဉ်အလာပြိုင်ဘက် ရန်ကုန်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်(၁၂) မတိုင်မီ ရတနာပုံအသင်းနဲ့ ပရိသတ်တွေအတွက် ကျေနပ်စရာ ရလဒ်ဖြစ်ခဲ့တာပါ။ သို့ပေမယ့် နှစ်ပွဲဆက် ဂိုးပြတ်အရှုံးရလဒ်မှာ နစ်မွန်းခဲ့ရတဲ့ မကွေးအသင်းအတွက်တော့ ပြန်လည်ကုစားရမယ့် ကာလကို ရောက်ရှိလာခဲ့ပါပြီ။

အဆင့်(၁၀) ဝဲဂယက်ကနေ ရုန်းမထွက်နိုင်ခဲ့သည့် ဆောက်သမ်းမြန်မာ


ဆောက်သမ်းမြန်မာ (၁-၁) ISPE
ဆောက်သမ်းမြန်မာအသင်းအနေနဲ့ ပထမအကျော့ကာလအပြီး အဆင့်(၁၀) နေရာမှာပဲ ဇာတ်သိမ်းခဲ့ရပါတယ်။ ခြေစွမ်းပိုင်းနဲ့ ကြိုးစားအားထုတ်မှုပိုင်းက အဆင့်တစ်ခုမှာ ရှိနေခဲ့ပေမယ့် နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာပါ။ ရှမ်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် ပွဲစဉ်(၁၁) ISPE နဲ့ ပွဲမှာလည်း သရေတစ်မှတ်ကသာ အမြင့်ဆုံးဆုတံဆိပ်ဖြစ်ခဲ့တာပါ။ ပဒုမ္မာကွင်းမှာ ကျင်းပခဲ့တဲ့ ယခုပွဲမှာ ISPE အသင်းရဲ့ ဦးဆောင်ခြင်းကို ခံလိုက်ရပြီးမှ နောက်ကလိုက် ချေပဂိုး သွင်းယူခဲ့ရတာ ဖြစ်ပါတယ်။ ISPE အသင်းကတော့ တန်းတက်အသင်းဆိုပေမယ့် ကစားပုံမာကျောပြီး ငယ်ပေမယ့် အဆိပ်ပြင်းတယ်ဆိုတဲ့ အမျိုးအစားထဲက အသင်းပဲ ဖြစ်ပါတယ်။

“ဖြည်းဖြည်းနဲ့ မှန်မှန် အောင်ပွဲခံ” ထုံးနှလုံးမူပြီး ရှေ့ခရီးဆက်နေဆဲ လက်ရှိချန်ပီယံ


ရှမ်းယူနိုက်တက် (၁-ဝ) ရခိုင်ယူနိုက်တက်
ပြိုင်ဘက်တွေ ဂိုးပြတ်ရလဒ်တွေနဲ့ စခန်းသွားနေချိန် ရှမ်းအသင်းကတော့ “ ဖြည်းဖြည်းနဲ့ မှန်မှန် အောင်ပွဲခံ” ဆိုတဲ့ ထုံးနှလုံးမူပြီး အောင်ပွဲတွေဆီ ချီတက်နေတာ တွေ့ရပါတယ်။ ဒါကလည်း အလုပ်ဖြစ်တယ်လို့ သတ်မှတ်ရမှာဖြစ်ပြီး ရန်ကုန်အသင်းနဲ့အတူ ရမှတ်တူ အနေအထားတစ်ခုအထိ ရောက်ရှိလာခဲ့တာ တွေ့ရပါတယ်။ ရခိုင်အသင်းအတွက်ကတော့ ကိုဗစ်ကာလပွဲစဉ်တွေမှာ ဂုဏ်ပုဒ်တွေညှိးနွမ်းနေတဲ့ အသင်းတွေထဲက တစ်သင်းအဖြစ် မှတ်တမ်းဝင်နေဆဲပါပဲ။ လာမယ့် မကွေးအသင်းနဲ့ ပွဲစဉ်မှာတော့ ဂုဏ်ရည်တူချင်း ဖက်ပြိုင်ပြီး အနိုင်ရယူသွားမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

ရှုံးပွဲမရှိစံချိန်ဖြင့် ရာသီဝက်ချန်ပီယံကို အနီးကပ်ဖိအားပေးနေဆဲ ဧရာဝတီ


စစ်ကိုင်းယူနိုက်တက် (၁-၆) ဧရာဝတီယူနိုက်တက်
ဧရာဝတီယူနိုက်တက်အသင်းက စစ်ကိုင်းအသင်းအပေါ် ဂိုးမိုးရွာပြီး ပထမဆုံးအကြိမ် ရာသီဝက်ချန်ပီယံဖြစ်ခဲ့တဲ့ ဟံသာဝတီယူနိုက်တက်ကို အနီးကပ်ဖိအားပေးနေနိုင်တာ တွေ့ရပါတယ်။ သုဝဏ္ဏကွင်းမှာ ကျင်းပခဲ့တဲ့ယခုပွဲမှာ ဧရာဝတီအသင်းက စစ်ကိုင်းအသင်းကို ၆-၁ ဂိုးနဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး နှစ်ပွဲပေါင်း သွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ ဒါ့အပြင် လက်ရှိအချိန်အထိ ရှုံးပွဲမရှိစံချိန်ကောင်းကို ဆက်လက်ရေးထိုးထားနိုင်ဆဲ အသင်းအဖြစ်လည်း မှတ်တမ်းဝင်နေပါတယ်။ စစ်ကိုင်းအသင်းအတွက်တော့ လေ့ကျင့်မှု မပြည့်ဝခြင်းနှင့် ပြိုင်ပွဲဝေးနေတဲ့အချက်က အားနည်းချက်ဖြစ်ခဲ့ပြီး ပြိုင်ပွဲပြန်လည်စတင်ချိန်မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။