ပွဲကြည့်သူ တစ်ဦးရဲ့ ရင်ခုန်သံ (၃)

September 1, 2020

အလင်းဖြူ

သူငယ်ချင်းရေ …. ဘောလုံးပွဲတွေရှိတိုင်း မင်းကိုလွမ်းတယ်။ ပွဲမတိုင်ခင် လက်ဖက်ရည်ဆိုင်ထိုင်၊ သတင်းတွေ ဖလှယ်ကြ၊ ငြင်းကြ ခုံကြ။ မန္တလေးဆိုလည်း သွားလိုက်တာပဲ။ တောင်ကြီးဆိုလည်း ဒိုးလိုက်တာပဲ။ ဘောပွဲမရှိတဲ့ နေ့တွေဆို ငါတို့ဟာ ကိုယ့်အလုပ်နဲ့ကိုယ်။ ပွဲတွေရှိမှ ပြန်တွေ့ရတဲ့ သူငယ်ချင်း အရင်းကြီးတွေပါ။

ရတနာပုံ−ရန်ကုန်။ ဒီနှစ်သင်း ဆုံတဲ့ပွဲတိုင်းလိုလို ငါတို့တွေ အတူကြည့်ခဲ့ကြတယ်။ ရန်ကုန်−မန္တလေး ဆိုတာ ပရိုခေတ်ကြမှ ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့တာ မဟုတ်ဘူး။ ငါတို့အဖေတွေ အဖိုးတွေ လက်ထက်ကတည်းက ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့ကြတာလေ။ “မြန်မာပြည်ဒါဘီ” ဆို ကွင်းထဲသွားကြည့်လိုက်ရမှ အရသာရှိတာဆိုတဲ့ မင်းရဲ့ စကားတွေ ငါ့နားထဲက မထွက်သေးဘူး သူငယ်ချင်းရေ…

ကွင်းထဲရောက်နေတဲ့ ငါလည်း ဟာတာတာကြီး၊ အရက်ဖြတ်ထားတဲ့ လူတစ်ယောက်ရဲ့ ညနေခင်းတွေလိုပဲ ရင်ထဲမှာ ဗလာကြီး။ ဒါကြောင့် မင်းတို့ကို လွမ်းတယ်။ ရောဂါတွေ ခဝါချ ကမ္ဘာလှတဲ့နေ့ ရောက်လာတော့မှာပါ။ Mask တွေချွတ် ထိုင်ခုံလွတ်မရှိတဲ့နေ့ ငါတို့ပြန်တွေ့ကြမယ် သူငယ်ချင်း။ အခုတော့ မင်းက တီဗီရှေ့မှာ၊ ငါက ကွင်းထဲမှာ၊ ဖေ့ဘုတ်မှာပဲ တွေ့နေတဲ့ နေ့တွေကို ငါတော့မုန်းနေမိတယ်ကွာ။

“ရတနာပုံရဲ့ ကစားဟန်က ဘယ်တော့မှ ပျောက်မှာမဟုတ်ဘူးလို့” မင်းရဲ့သုံးသပ်ချက်တွေကို ငါအခုထိ မှတ်မိနေတုန်း။ ရန်ကုန်နဲ့ ပွဲမှာ ရတနာပုံရဲ့ အုပ်စုဖွဲ့ ကစားပုံဟာ ကောင်းခဲ့တယ်။ လှိုင်းဘိုဘို၊ ရဲကိုဦးနဲ့ မျိုးကိုထွန်းတို့ ကွင်းလယ်ကို သဘောကျတယ်။ တစ်ခါတစ်ခါ စဉ်းစားတယ်။ ရတနာပုံမှာ နိုင်ငံခြားသားတွေ ပါမယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ။ ရတနာပုံအသင်းပိုင်ရှင်က ပြောခဲ့ဖူးတယ်။ အသင်းတည်ထောင်ပြီး ၅ နှစ်ကျော်သွားရင် နိုင်ငံခြားသား မခေါ်တော့ဘူး။ ပြည်တွင်းကစားသမားတွေပဲ အသုံးပြုမယ်လို့ အင်တာဗျူးမှာ ဖြေခဲ့တယ်။ မင်းလည်း တီဗီက ကြည့်ရမှာပါ။ ရတနာပုံအသင်းရဲ့ ကစားဟန် ကောင်းတယ်မဟုတ်လား။

ရောဂါတွေ ခဝါချ ကမ္ဘာလှတဲ့နေ့ ရောက်လာတော့မှာပါ။ Mask တွေချွတ် ထိုင်ခုံလွတ်မရှိတဲ့နေ့ ငါတို့ပြန်တွေ့ကြမယ် သူငယ်ချင်း

သူငယ်ချင်းရေ …… ရန်ကုန်ဆိုတာ မင်းတို့ငါတို့ အမြဲတမ်းစောင့်ကြည့်ရတဲ့ အသင်း။ ဦးမင်းထွန်းလင်း လက်ထက်မှာ ရန်ကုန်အသင်းကို ဘယ်လိုပုံစံမြင်ရမလဲ။ မင်းလည်း သိချင်ခဲ့တယ်။ ငါလည်း သိချင်ခဲ့တယ်။ ဒါကြောင့်လည်း ဒီပွဲမှာ မီဒီယာတွေ များခဲ့တယ်။ ပွဲကလည်း ကောင်းခဲ့တယ် သူငယ်ချင်း။ ၄−၄−၂ ပုံစံ အသုံးပြုနေတဲ့ ရန်ကုန်ဟာ ဒီနေ့မှာတော့ ၄−၂−၃−၁ ပုံစံနဲ့ ပွဲထွက်လာတယ်။ ဒီရာသီမှ ရောက်လာတဲ့ အောင်ကျော်နိုင်က 10 Role ပုံစံ ကစားတယ်။ နည်းပြသစ်ရဲ့ ပထမဆုံးပွဲမှာ ရလဒ်ကောင်းခဲ့တာကြောင့် အဖွင့်လှတယ်လို့ ဆိုရမယ်။

နှစ်သင်းစလုံး အခွင့်အရေးရခဲ့တယ်။ ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ အခွင့်အရေးတွေကို အသုံးချနိုင်ရန် နှစ်သင်းပေါင်း သွင်းဂိုးက ဒီထက်များသွားမှာ။ ပြောရရင် ဒီပွဲက ကြည့်ကောင်းခဲ့တယ်။ နည်းပြသစ် ဦးမင်းထွန်းလင်းက ရန်ကုန်အသင်းဟာ ပိုကောင်းလာမှာပါတဲ့။ ဟုတ်တယ် သူငယ်ချင်းရေ။ ရန်ကုန်အသင်းရဲ့ ၁၁ ဦးမြောက် နည်းပြဖြစ်တဲ့ ဦးမင်းထွန်းလင်း အနေနဲ့ အသင်းကို ဘယ်လောက်ထိ ဆွဲတင်မလဲ ငါတော့ စိတ်ဝင်စားတယ်။

သူငယ်ချင်းရေ …… ဘောလုံးပွဲတွေဟာ မှန်းထားသလိုလာ အမြဲဖြစ်နေရင် ပျင်းစရာ ကောင်းသွားမှာပေါ့။ အသင်းကြီးနဲ့ အသင်းလေး ဆုံတိုင်း အသင်းကြီးပဲ နိုင်ရမယ်ဆိုရင် ရင်ခုန်စရာ ဘယ်ကောင်းတော့မလဲ။ “ဘောလုံးမှာ ဘာမဆို ဖြစ်သွားနိုင်တယ်”ဆိုတဲ့ သီအိုရီတွေနဲ့ ငါတို့တွေ ရှင်သန်နေကြတာ မဟုတ်လား။ ဆောက်သမ်း ၁−၁ ဧရာဝတီတဲ့။ “အာ” တစ်လုံးပဲ ထွက်နိုင်ခဲ့တယ် သူငယ်ချင်းရယ်။ နှစ်ပွဲဆက် တိုက်စစ်အစွမ်းပြခဲ့တဲ့ ဧရာဝတီဟာ ဆောက်သမ်းအသင်းကို သရေကျမယ်လို့ ဘယ်သူတွေ ယုံမှာလဲ။ ဒါပေမဲ့ တစ်ကယ်ဖြစ်ခဲ့တယ်။ ပဒုမ္မာကွင်းမှာ ဖြစ်ခဲ့တယ်။ ဒါပဲ သူငယ်ချင်း။ ဘောလုံးမှာ ဘာတစ်ခုမှအစိုးမရဘူး။ ဘယ်တန်ခိုးရှင်မှ ဖန်တီးခဲ့တာ မဟုတ်ဘူး။ ကြိုးစားအားထုတ်မှုပဲ။

ရှမ်းနဲ့ပွဲမှာလည်း သူတို့လုပ်ပြခဲ့တယ်။ နန္ဒကျော်သာ ဂိုးမသွင်းနိုင်ခဲ့ရင် သရေကျသွားမှာ။ ဧရာဝတီကတော့ ကံဆိုးသွားတယ်လို့ပဲ ပြောရမယ်။ ဒီပွဲသရေကျတာဟာ သူတို့နစ်နာခဲ့တယ်။ ဧရာဝတီကို ၃ ပွဲမြောက် သရေပွဲ ကြုံတွေ့စေခဲ့တဲ့ ဆောက်သမ်းဟာ ကစားပုံကောင်းလာတယ်။ ပြည့်ဖြိုးအောင်ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကလည်း ဧရာဝတီ တိုက်စစ်ကို ရပ်တန့်စေခဲ့တယ်။ အသင်းကြီးနဲ့ အသင်းငယ်တွေ့တိုင်း အသင်းကြီးပဲ နိုင်နေမယ် ဆိုရင် ပွဲတွေက ပျင်းစရာကောင်းသွားမှာပေါ့။ မင်းတို့ငါတို့ ကြည့်ကြည့်နေတဲ့ ဥရောပ ပွဲတွေမှာလည်း အသင်းငယ်တွေကြောင့် ခြေချော်သွားတဲ့ အသင်းကြီးတွေကို မြင်ရတယ်။ ဒါကိုက ဘောလုံးရဲ့ အလှတရား ဖြစ်နေတယ် မဟုတ်လား။ ငါတော့ ဆောက်သမ်းအသင်းကို ချီးကျူးတယ်။ အသိအမှတ်ပြုတယ်။

သူငယ်ချင်းရေ …… ပွဲစဉ် ၁၂ မှာ ငါတို့အားလုံးကို ဖမ်းစားခဲ့တာက ISPE ပဲ။ အား/ကာ သိပ္ပံ ဆိုတာက ကစားသမားကောင်းများစွာ မွေးထုတ်ပေးခဲ့တဲ့ ကျောင်းတော်ကြီး။ ဒီအသင်းဟာ ရလဒ်မကောင်းဘူး။ ဒါပေမဲ့ ကစားပုံကောင်းတယ်။ ပထမဆုံး MPT မြန်မာနေရှင်နယ်လိဂ်ကို ရောက်တယ်။ သူတို့အဆင့်အတန်းကို ပြသနိုင်တယ်။ သူတို့လေးတွေဟာ ချီးကျူးမှုနဲ့ ထိုက်တန်တယ်။ မင်းလည်းဒီအသင်းကို သဘောကျနေတယ် မဟုတ်လား။

ရှမ်းပြန်လာပြီလား။ ငါတော့ပျော်တယ်။ ချန်ပီယံဆုဖလား အတွက် ပြိုင်ဆိုင်မှု ပြင်းထန်တာ ပိုမကောင်းဘူးလား။ ဒီပွဲမှာ ပြောချင်တာက နန္ဒကျော်။ ရှေ့နှစ်ပွဲမှာ ဘယ်တောင်ပံမှာ ကစားတယ်။ ၂ ပွဲဆက် ဂိုးသွင်းတယ်။ အခုပွဲမှာ Center Back ။ သူက စွယ်စုံရ ကစားသမားပဲ။ သူ့ကိုသဘောကျတယ်။ အသင်းတစ်သင်းမှာ နေရာစုံ အသုံးပြုနိုင်တဲ့ ကစားသမားရှိနေတာမျိုးဟာ ကောင်းတယ်။ ပွဲစဉ် ၁၂ မှာ ရှမ်းကောင်းတယ်။ မင်းကြိုက်တဲ့ ဒေးဗစ်ထန်ကတော့ သူခြေစွမ်းကို ထိန်းထားနိုင်ဆဲပဲ။ စစ်ကိုင်းနဲ့ပွဲမှာ ဒေးဗစ်ရဲ့ ဖန်တီးမှုကနေ ချေပဂိုးရတယ်။ ရခိုင်နဲ့ပွဲမှာလည်း သူ့ရဲ့ပေးပို့မှုကနေ နန္ဒကျော် အနိုင်ဂိုး သွင်းနိုင်ခဲ့တယ်။ သူငယ်ချင်းရေ စစ်ကိုင်းကတော့ ဧရာဝတီ၊ ရှမ်းနဲ့ ၂ ပွဲဆက် ကြုံတွေ့ရတာကိုက ကံဆိုးမှုပဲ။ ပြင်ဆင်မှုတွေ အသင့်မဖြစ်ခင်မှာ အသင်းကောင်းတွေနဲ့ ကစားလိုက်ရတယ်။ နောက်ပွဲတွေမှာ စစ်ကိုင်းအသင်း ပုံစံကောင်းတွေရမယ်လို့ ငါတော့ မျှော်လင့်တယ်ကွာ။

ပွဲစဉ်တစ်ခု ပြီးသွားတိုင်း ပြီးသွားတိုင်း ငါတို့တွေ ဝေဖန်ကြတယ်။ ထောက်ပြကြတယ်။ ဘယ်သူ့ကိုတော့ သာပါစေ၊ ဘယ်သူ့ကိုတော့ နာပါစေ ဆိုတဲ့စိတ်မျိုး မရှိကြဘူး။ အဖြစ်အပျက်တွေ အပေါ်မှာ ဝေဖန်ရတဲ့အတွက် အမြင်မတူတာတွေ ရှိကောင်းရှိနိုင်တယ်။ တီဗီမှာ ကြည့်ရတဲ့မင်းရော ကွင်းထဲမှာ ကြည့်နေတဲ့ ငါပါ ထပ်တူမကျနိုင်ပါဘူး။ ဒါကိုတော့ နားလည်ပေးပါ သူငယ်ချင်းရယ်။ ရောဂါတွေခဝါချ ကမ္ဘာလှတဲ့နေ့ ရောက်လာမှာပါ။ Mask တွေချွတ် ထိုင်ခုံလွတ်တွေမရှိတဲ့ တစ်နေ့ ငါတို့ပြန်ဆုံကြမယ် သူငယ်ချင်းရေ…..