အနားပြန်ရောက်လာတဲ့ မန္တလေး ဒါဘီနဲ့ ဖိအားတွေအောက်မှ ရုန်းထွက်ရမယ့် ဟံသာဝတီနဲ့ ဧရာဝတီ

September 3, 2020

ထွန်းထွန်းဦး(လှိုင်)

ဒီနေ့ ကစားမယ့် MPT မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၃) က ရင်ခုန်ဖို့ သိပ်ကောင်းတယ်။
ဘယ်ပွဲတွေ ရွေးကြည့်မလဲ၊ မန္တလေး ဒါဘီပွဲလား၊ ဒါမှမဟုတ် ဖိအားတွေအောက်မှာ ရုန်းရဦး မယ့် ဟံသာဝတီနဲ့ဧရာဝတီ တို့ကစားကြမယ့် ပွဲစဉ်တွေကိုလား။ အားလုံးက ကြည့်ချင်ပွဲ တွေချည်းပဲဖြစ်နေတယ် ဆိုတာကတော့ငြင်းမရပါဘူး။ ပြီးတော့လည်း အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ရပ်တည်မှုတွေ အတွက် အတိမ်းအစောင်း မခံနိုင်ကြသေးတဲ့ အနေအထား တစ်ရပ် မှာ ရှိနေကြသေးတာကြောင့် ဒီတစ်ပတ်လည်း ထင်ထား တာထက်ပိုပြီးတော့ ဒီပွဲစဉ်တွေက အသက်ဝင်နေလိမ့်မယ် ဆိုတာ သေချာနေတယ်။

ပြီးခဲ့တဲ့ ပွဲစဉ် (၁၂) မှာ အသင်းကြီး၊ အသင်းငယ်ရယ်ဆိုပြီး ခွဲခြားပြောလို့မရအောင် ရမှတ် နဲ့ ရပ်တည်မှုကိုယ်စီအတွက် ရေကုန်ရေခမ်း တိုက်ပွဲတွေ ဝင်ခဲ့ကြတာ အားလုံးအမြင်ပဲ မဟုတ်ပါ လား။ ဒီတော့ ဘယ်လိုမျိုး မဆို ဒီတစ်မှာလည်း အောက်သင်းတွေထဲက ISPE တို့၊ ဆောက်သမ်းမြန်မာတို့လို အသင်းတွေဟာ ပွဲစဉ် (၁၂) တုန်းက ခြေစွမ်းတွေ အတိုင်း သူတို့တွေရဲ့ လုပ်အားနဲ့ ကစားသမား စိတ်ဓါတ်တည်ဆောက်မှုတွေဟာ ဒီပွဲစဉ်အထိ ပါလာကြမလားဆိုတာ ကြည့်ရပါလိမ့်မယ်။ ပြီးတော့ ပွဲပယ်ခံထိထားတဲ့ ကစားသမားတွေထဲမှာ ဆိုရင် လှိုင်းဘိုဘိုနဲ့ မောင်မောင်လွင်တို့ပါ နေတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာ ဒီလိုအဓိက ကစားသမားတွေမပါပဲနဲ့ ဘယ်လိုမျိုး ဖြတ်သန်းကြမလဲ။ ပြိုင်ဘက်တွေကိုရော လွယ်လင့်တကူနဲ့ဖြတ်သန်းနိုင်ဖို့ ရှိနေမလားဆိုတာ ကြည့်ရမယ်။

MPT မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၃)ရဲ့ ပထမရက် မှာ ထုံးစံအတိုင်း ၃ ပွဲကစားမယ်။ ကစားမယ့် ၃ ပွဲထဲမှာ ရန်ကုန်ယူနိုက်တက်နဲ့ ရှမ်းယူနိုက်တတ် တို့ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေမပါဘူး။ အမှတ်ပေး ဇယားထိပ်ဆုံးရောက် ၂ သင်းဖြစ်တဲ့ ဟံသာဝတီနဲ့ ဧရာဝတီ ပွဲတွေက ဒီနေ့မှာ အရင်ဦးဆုံး နိုင်ငံခြားသား ဘောလုံးသမား တွေမပါတဲ့ အသင်း နှစ်သင်းနဲ့ စတင်ယှဉ်ပြိုင် ကစားကြမှာဖြစ်တယ်။ ဒီတော့ ရန်ကုန်နဲ့ ရှမ်းအတွက် လိုချင်တာကို အရယူဖို့ အသင့်ပြင် ရှေ့ကို တိုးခွင့်ရှိနေမလား၊ ဒီနေ့ကစားမယ့် ဟံသာဝတီနဲ့ ဧရာဝတီတို့အတွက် ပွဲစဉ် (၁၂) တုန်းကလို ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရာမှာ လိုအပ်တာထက်ပို ပြီး ရုန်းကန်ခက်ခဲနေကြဦးမလားဆိုတာ ကြည့်ရလိမ့်မယ်။
ကိုဗစ်ကာလအတွင်း ၈ ရက်ကို ၃ ပွဲနှုန်းနီးပါး ကစားနေရတဲ့ MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲတွေ ပြန်လည်ယှဉ်ပြိုင် ကစားကြတဲ့ အခါမှာ ရက်တိုတိုအတွင်း ဖိအားများတဲ့ ပွဲတွေ ဆက်တိုက်နွဲရတာကြောင့် အသင်းတိုင်း ပွဲပန်းကြတယ်။

ကစားသမား ဒဏ်ရာပြဿနာ နဲ့ ကြံ့ခိုင်မှုပိုင်း အပြည့်အဝ ပြန်လည်တည်ဆောက်နိုင်တာမျိုး မရှိတဲ့ အခက်အခဲနဲ့ လိုအပ်တာတွေကို နည်းပြတွေ အနေနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်တာမျိုးအပြင် အခြားအခြားသော မမြင်နိုင်တဲ့ အခက်အခဲတွေ အများအပြား ရှိနေကြပါသေးတယ်။ ဒါတောင် ပွဲစဉ် (၁၂) မှာ ပြိုင်ဆိုင်မှု အကြိတ်အနယ်ဖြစ်ခဲ့တာကတော့ မြန်မာနေရှင်နယ်လိဂ် ပွဲတွေကို ဂရုစိုက်ပြီး တိုက်ရိုက် ပြသတဲ့ ရုပ်သံလိုင်းတွေကနေ အားပေးကြည့်ရှု နေကြတဲ့ ပရိသတ်တွေ အတွက်တော့ တစ်ကယ့်ကို ပွဲကောင်းများစွာနဲ့ ကြုံခဲ့ကြရတယ် မဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ်ပါ၊ ဒီတစ်ပတ်မှာလည်း ကျန်းမာရေးနဲ့အညီ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေ အတိုင်း ၂ ရက်ခြားတစ်ခါ အမှတ်ပေးပြိုင်ပွဲတွေကို ဖြတ်သန်းနေကြရတဲ့ အသင်း ၁၀ သင်းစလုံး ပွဲစဉ် (၁၃) ကို ဖြတ်သန်းရပါလိမ့်ဦးမယ်။

ဒီတစ်ပတ်မှာတော့ မန္တလေး ဒါဘီရယ်လို့ တင်စားခေါ်ကြရမယ့် အသင်း ၂ သင်းပြန်လာဆုံတယ်။ ဒါကတော့ ISPE နဲ့ ရတနာပုံတို့ တွေ့ဆုံကြမယ့်ပွဲ ဖြစ်တယ်။ သုဝဏ္ဏကွင်းမှာ ကစားမှာ ဖြစ်ပါတယ်။ ဒီတော့ ကွင်းကလည်း ကျယ်ပြီးတော့ ကစားရတာလည်း ကစားသမား တွေအကြိုက်ဖြစ်နေမယ့်အပြင် မန္တလေး ဒါဘီ ပွဲဖြစ်နေတာကြောင့် ပွဲစဉ်( ၁၀ ) တုန်းကလိုမျိုး ထပ်မဖြစ်ဖို့အတွက် ISPE အနေနဲ့ ကြိုးစားခွင့် အပြည့်အဝ ရှိနေမလား ဆိုတာကြည့်ချင်နေမိပါတယ်။ ပထမအကျော့တုန်းက မျိုးကိုထွန်းနဲ့ အောင်သူတို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးအသီးသီးနဲ့ ၄-၀ ဆိုပြီး နိုင်ခဲ့တာပါ။ အောင်သူ ဟတ်ထရစ် ရခဲ့တယ်။ အခုရော ရတနာပုံအတွက် အမှတ်လို အပ်နေချိန်မှာ ISPE ရဲ့တုံ့ပြန်မှုက စိတ်ဝင်စားဖို့ ကောင်းပြန်တယ်။

ရတနာပုံနှင့် ISPE အသင်းတို့ ပွဲစဉ် ၁၀ တွင် တွေ့ဆုံခဲ့စဉ်က

ရတနာပုံက ပြီးခဲ့တဲ့ ပွဲတုန်းက ရန်ကုန်ကို ဂိုးပြတ် ရှုံးထားပြီး ဒီပွဲအတွက် လှိုင်းဘိုဘို မပါနိုင်ဘူး။ ပွဲပယ်ခံထားရတယ်။ ပြီးတော့ ကစားသမားကောင်းတွေ ထဲမှာ ဒဏ်ရာပြဿနာအပြင် ကြံ့ခိုင်မှု ပိုင်းမှာ ထိခိုက်မှုတွေ ရှိထားလို့ ISPE ကို ရင်ဆိုင်ရာမှာ ခက်ခဲမှုတွေ ရှိနေမလား။ ISPE ကလည်း ပွဲကြီးပွဲကောင်းတွေကို တရစပ်နွဲထားရတဲ့အသင်းပါ။ ဆက်တိုက် ဆိုသလို အသင်းကြီး တွေနဲ့ဆုံနေတာပါ။ ပွဲစဉ် (၁၀)မှာ ရတနာပုံ၊ ပွဲစဉ် (၁၂) မှာဟံသာဝတီ၊ အခု ၁၃ ရက်ခြားပြီး ကစားမယ့် ပွဲစဉ် (၁၃) မှာ ရတနာပုံနဲ့ ဒုတိယအကျော့ပွဲအဖြစ် ပြန်ဆုံတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေရာ၊ ဒီကွင်း ၊ ဒီအနေအထားမှာ ပြန်ဆုံတာကြောင့် အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းနေမှာ သေချာတယ်။ ISPE ကလည်း ခြေစွမ်းတွေ တက်နေတဲ့ အနေအထား ဖြစ်နေသ လို လူငယ်တွေကလည်းကစားတာ ယုံကြည်မှုရနေတဲ့အချိန် ဖြစ်ပြီး တစ်ဖက်က ရတနာပုံကလည်း အမှတ်လိုအပ်နေတဲ့ အသင်းမျိုးဆိုတော့ ဘယ်လိုမျိုးမဆို ဒီပွဲကကြည့်ကောင်းတာထက် ပိုနေမှာပါ။

ပြီးတော့ YUFC မှာ ကစားမယ့် ဆောက်သမ်းနဲ့ ဟံသာဝတီပွဲ။ ဒီပွဲကလည်း အတော်လေးကို အကြိတ်အနယ်ရှိနေလိမ့်မယ်။ အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးက ဟံသာဝတီကို ဘယ်လိုမျိုး တုံ့ပြန်မလဲ၊ မာနနဲ့ဂုဏ်သိက္ခာအတွက် ဒီပွဲမှာ လည်း အင်အားရှိသလောက်နဲ့ တိုက်ဖို့ ဟံသာဝတီကို ရင်ဆိုင်လာမှာဖြစ်နေတယ်။ ရှမ်းနဲ့ ပွဲတုန်းကလို၊ ပြီးတော့ ISPE နဲ့ ဧရာဝတီနဲ့ပွဲတုန်းကလိုမျိုး အမှားကင်းအောင် သူတို့ ပြိုင်ဘက်ဖြစ်တဲ့ ဟံသာဝတီအသင်းကို အကောင်းဆုံး ဖိအားမရှိပဲနဲ့ ကစားဖို့ လုပ်လာလိမ့်မယ်။ အဲ့ဒါအပြင် နှစ်ပွဲဆက် သရေဆိုတာထက်ပိုအောင် ဟံသာဝတီနဲ့ပွဲမှာ လုပ်မှာသေချာတယ်။ ဟံသာဝတီအနေနဲ့ ဆောက်သမ်းရဲ့ အလွတ်တည်ကန်ဘောတွေနဲ့ တိုက်စစ်မှူးဖြစ်တဲ့ အောင်မြတ်သူရဲ့ တိုးအားတွေကို သတိထားရမယ်။

ပြီးတော့ ဆောက်သမ်း အနေနဲ့လိုအပ်နေတဲ့ ထိမိတဲ့ ဂိုးကန်သွင်းချက်တွေ အသက်ဝင်နေဖို့ အရေးကြီးတယ်။ အဲ့ဒီ အပိုင်း အားနည်းရင်တော့မလွယ်ဘူး။ အထူးသဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဧရာဝတီကို ၃ မှတ်ဖြတ်ချထားတဲ့ ဟံသာဝတီပါ။ နည်းနည်းလေးမှကို အမှားပိုလို့မရဘူး။ ဒီပွဲမှာ အကောင်းဆုံး လုပ်ပြထားနိုင်မှ ပွဲစဉ် (၁၄) ရောက်တဲ့အခါမှာ ရှမ်းနဲ့ဆုံရင် (အမှတ်အပွန်းအပဲ့ အနာအဆာတစ်ခုခုဖြစ်ရင်) ခုသာ ခံသာရှိနေစေဖို့ လုပ်ထားရမှာဖြစ်တယ်။ ဒီတော့ ဟံသာဝတီအတွက် အမှားလုပ်လို့ကို မရတဲ့ အနေအထားမျိုး ဖြစ်နေတယ် ဆိုတာပါပဲ။
ပြီးခဲ့တဲ့ပွဲမှာ ကံဖေးမမှုက ဟံသာဝတီကို တရစပ်နိုင်ပွဲ ဆက်စေခဲ့တယ်။ ၃ ပွဲကစားပြီး ၉ မှတ်ဆိုတာ နည်းတဲ့ အားမှ မဟုတ်တာပါ၊ ဟံသာဝတီနဲ့အတူ နိုင်ပွဲဆက်နေတဲ့ အသင်းဆိုလို့ ရှမ်းပဲရှိတယ်။ ဒီတော့ ရှမ်းနဲ့ အမှတ်လုပွဲမတိုင်ခင်မှာ ဆောက်သမ်းမြန်မာ အသင်းကို ဟံသာဝတီအနေနဲ့ ဖိအားအောက်က ရုန်းရပြန်ပါပြီ။

ISPE နဲ့ပွဲတုန်းက ဘယ်လိုမှ လှုပ်ရှားခွင့် မသာခဲ့သလို ရတဲ့အခွင့်အရေး တွေကို အထိမိဆုံးမယူနိုင် ခဲ့ပေမယ့် လုပ်အားနဲ့ ကစားသမားစုဖွဲ့မှု အတိုင်းအတာကတော့ သဘောကျဖို့ ကောင်းခဲ့ပါ တယ်။ ဟိန်းထက်အောင်၊ ရွှေလှိုင်ဝင်း၊ ရန်နိုင်အောင်၊ လာဒင်မောရာတို့ အကောင်းဆုံး ကစားခဲ့ကြပေမယ့် အဆုံးသတ်အပိုင်းမှာ ဘစ်ဆာနဲ့ အီမီကာတို့နှစ်ယောက် အခွင့်အရေးကောင်းတွေကို အပိုင်အသုံးမချနိုင်တဲ့အတွက် ဂိုးမရခဲ့ဘူး။ နောက်ဆုံးစက္ကန့်မှ ရတဲ့ ပင်နယ်တီကြောင့်သာ နိုင်ပွဲဆက်ခဲ့တာပါ။ အခုပွဲမှာ အဲ့ဒီလိုမျိုး မဖြစ်ရအောင် သေချာဂရုစိုက်မှ ဖြစ်မယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ဖက်မှာကလည်း ဒီနေ့ တစ်ရက်တည်း တစ်ချိန်တည်း ကစားမယ့် မကွေးနဲ့ ဧရာဝတီပွဲစဉ်က ရှိနေတဲ့အတွက်ကြောင့်ပါပဲ။

မကွေးကလည်း ရခိုင်နဲ့ပွဲမှာ ပြည်မိုးရဲ့ အဆုံးသတ်ကောင်းမွန်ပြီး တိကျသေချာတဲ့ သွင်းဂိုး ၂ ဂိုး နဲ့ ဦးဆောင်နိုင်ခွင့်ကို ၂ ကြိမ်တိုင်တိုင် ရခဲ့ပေမယ့် ရခိုင်က ချမ်းဦးရဲ့ စိတ်ဓါတ်မာကျောမှုကို မကျော်လွန်နိုင်လို့ ချမ်းဦးရဲ့ ပါးပါးနပ်နပ်သွင်းယူတဲ့ ချေပဂိုး ၂ ဂိုးပြန်ပေးရပြီး သရေကျခဲ့တဲ့အသင်းပါ။ ဧရာဝတီကလည်း ဆောက်သမ်းနဲ့ ပဒုမ္မာကွင်းထဲမှာ ကစားရခက်ပြီး တိုက်စစ်သွားရတာ အဆင်မပြေပဲ ဆာဆက်တို့ နေလင်းထွန်းတို့ လွင်မိုးအောင်တို့ ဘာမှ ဂိုးရအောင် ယူဖို့အခွင့်မသာခဲ့ကြတာ ကြုံခဲ့ရတယ်။ ဗစ်တာရဲ့ သိပ်ကောင်းတဲ့ ခံစစ်ထိန်းကျောင်းမှုဟာ ဧရာဝတီ အတွက် မဟာအုတ်တံတိုင်းသဖွယ် ဖြစ်နေတယ်။ ဒါပေမယ့် ၁-၁ သရေဆိုတာ မဖြစ်သင့် ပဲဖြစ်ခဲ့လို့ အခု ဟံသာဝတီနဲ့ တစ်ပွဲစာ ၃ မှတ်ကွာဟသွားပြီ၊ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ပွဲမှာ ပြိုင်ဘက် မကွေးလိုအသင်းကို ဖိအားပေး အနိုင်တိုက်ဖို့ ဧရာဝတီ အတွက် အသင့်ဖြစ်နေပြီလား။

တစ်ချက် သတိထားရမှာက ဒီရာသီ MPT မြန်မာနေရှင်လိဂ် အဖွင့်ပွဲမှာ ဒီနှစ်သင်းဟာ ပုသိမ်မြို့ ကျောက်တိုင်ကွင်းထဲမှာ သရေကျထားခဲ့တယ် ဆိုတာပါပဲ။ ဒါကြောင့် ဒီပွဲမှာတော့ မကျေပွဲနွဲဖို့ နှစ်သင်းစလုံးအတွက် ရှိနေလိမ့်မယ်။ ပြီးတော့ ပြောစရာရှိတာက ကွင်းအနေအထားပါ၊ ဧရာဝတီ ပထမဆုံး အကြိမ်အဖြစ် ဆောက်သမ်းနဲ့ပွဲကို ပဒုမ္မာကွင်းမှာ ယှဉ်ပြိုင်တော့ ကစားသမား အချို့ကစားရတာ အဆင်မပြေသလို စိတ်သွားတိုင်း ကိုယ်မပါတဲ့ ပွဲပန်းတဲ့ဒဏ်ကို ခံရတယ်လို့ မြင်မိတယ်။ ဆာဆက်ဆိုရင် မလိုအပ်ပဲ မဖြစ်သင့်တဲ့ ဘောလုံး အထိန်းအသိမ်းလွဲတာမျိုး မြင်ခဲ့ရသလို ကွင်းကတိုတော့ သူ့ကစားဟန်နဲ့ လိုသလို လှုပ်ရှားရတာ ကျပ်နေတယ်လို့ ခံစားမိတယ်။ အခု တော့ ဒုတိယမြောက်ပွဲအဖြစ် ပဒုမ္မာကွင်းမှာ ဆက်လက်ကစားရပြီ၊ မကွေးအဖို့တော့ အခုမှ ပဒုမ္မာကွင်းမှာ စတင်ယှဉ်ပြိုင်ရတာ ဖြစ်လို့ ကွင်းနဲ့အသားမကျမှုတွေ၊ ကစားသမား ပွဲပန်း မှုတွေကို အနည်းနဲ့အများ ခံရမလားဆိုပြီး မဆီမဆိုင် တွေးမိပြန်တယ်။ သီဟ၊ ပြည်မိုး၊ နေမိုးနိုင်၊ စစ်မုန်းတို့ စိုးလွင်လွင်တို့ အပိုင်ရတဲ့အခွင့်အရေးတွေကို အထိမိဆုံး အသုံးချနိုင်ဖို့လိုသလို ခံ စစ်တန်းကလည်း ဒီပွဲမှာ စေ့နေဖို့ မိနစ် ၉၀ အတွင်း ဧရာဝတီ ထိုးစစ်ကို တောင့်ခံနိုင်မလား ကြည့်ရမယ်။

ဒုတိယနေ့မှာ ကစားမှာက စစ်ကိုင်းနဲ့ ရန်ကုန်ရှိမယ်။ ပြီးတော့ ရခိုင်နဲ့ရှမ်းပွဲရှိမယ်။ ဒီပွဲတွေ ထဲမှာ ရှမ်းနဲ့ရခိုင်ပွဲက ပွဲစဉ် (၁၁) တုန်းက ပထမအကျော့ အဖြစ်တွေ့ပြီးပြီ၊ ရှမ်းက နန္ဒကျော် သွင်းဂိုးနဲ့ နိုင်ခဲ့တာလေ။ ပူပူနွေးနွေးလေးတွေပဲ ရှိသေးတယ်။ အခုပြန်ဆုံပြီ။ ကစားရမယ့် ကွင်းကလည်း YUFC မှာဆို တော့ အားလုံးက အတူတူတွေ နောက်တစ်ခါပြန်ဆုံ ကစားရမှာ ဖြစ်နေတယ်ပေါ့နော်။ ရှမ်းကိုတော့ ပွဲစဉ် ( ၁၂ ) မတိုင်ခင်မှာတည်းက ပြောစရာတွေ အပြည့်နဲ့ ရှိနေခဲ့တယ်။ ခံစစ် ကစားတာကောင်းတယ်။ တိုက်စစ်မှာ တစ်ခုခုလိုနေသလို ထစ်နေတယ်။ ဒါပေမယ့် စစ်ကိုင်းနဲ့ ပွဲမှာတော့ ရှမ်းရဲ့ လူစားလဲမှု မှန်ကန်ခဲ့လို့လည်း ဂိုးတွေ ပြတ်သားစွာရခဲ့တယ်၊ တောင်ပံတိုက်စစ်တွေ သိပ်ကောင်းပြီး ဖန်တီးမှုတွေ လုပ်ပေးနိုင်ခဲ့တယ်။ ဟိန်းဖြိုးဝင်း ဝင်လာပြီးနောက်မှာ ဒေးဗစ်ထန် ကစားရတာ သိပ်ကောင်းသွားတယ်။ အသင်းရဲ့ ကစားဟန်လည်း ပြောင်းသွားတာ ပါတယ်။

ပထမအကျော့ တွေ့ဆုံစဉ်က ရှမ်းယူနိုက်တက် အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို နန္ဒကျော်က ယခုခဲ့သို့ သွင်းယူပေးခဲ့သည်

ဘယ်နဲ့ညာတောင်ပံနှစ်ဖက်ကနေ ဟိန်းသီဟဇော်နဲ့ ဟိန်းဖြိုးဝင်း ချိုးပေးတာတွေ အလုပ်ဖြစ်သလို ဒေးဗစ်ထန်ရဲ့ ကပ္ပတိန်ပီသချက်တွေက ပွဲတိုင်းမှာ ခြေစွမ်းအမှန်ထိန်းနိုင်တာ လူငယ်တွေအတွက် အတုယူစရာကောင်းခဲ့တယ်။ ခံစစ်တန်းလည်း အမှားတွေရှိပေမယ့် ဒုတိယပိုင်းမှာတော့ သိသိသာသာနဲ့ ငြိမ်သွားတယ်၊ ပထမပိုင်းကလိုမဟုတ်တော့ဘဲနဲ့ နန္ဒကျော်တို့ အတွေ့အကြုံနဲ့ ထိန်းထားနိုင်ခဲ့တာ ဒီပွဲအထိ ဆက်ပါလာမလား ဆိုတာ ကြည့်ရမှာ ဖြစ်တယ်။

ဒီနှစ်ပွဲမှာ ရန်ကုန်နဲ့ ရှမ်းထက်စာရင် ပြိုင်ဘက်တွေဖြစ်တဲ့ စစ်ကိုင်းနဲ့ ရခိုင်အတွက် အမှားထပ် ဖြစ်လို့မရဘူး။ ထပ်ဖြစ်ရင် အမှတ်တွေ ကွာဟပြီး ရပ်တည်မှုတွေကအစ ထိခိုက်ကုန်မယ်။ ရခိုင်ကတော့ ရှမ်းကို ပြန်ပြီး ဖိအားပေးနိုင်တဲ့ အနေအထားရှိတယ် ဆိုပေမယ့် စစ်ကိုင်းရဲ့လတ်လော အနေအထားအရ အခြေအနေ မကောင်းဘူး။ နှစ်ပွဲကစားပြီးတော့ ပေးဂိုး ၁၁ ဂိုးနဲ့ သွင်းဂိုး ၁ ဂိုးသာ ပြန်ရထားသေးတယ်။ ခံစစ်တန်းက ဒုတိယပိုင်းမှာ အတော်လေးကို ဖရိုဖရဲဆန်လွန်းတယ်။ ပက်ထရစ်တို့ ဖရိုင်းဒေးတို့ ဘာမှလုပ်မရသလို ဇွန်မိုးအောင်လည်း တစ်ယောက်တည်း တိုးအားနဲ့ ဘာမှလုပ်မရဘူး။ ဒီပွဲမှာတော့ ဒီအတိုင်းဆက်သွားနေလို့ မရဘူး။ ရှိတဲ့အားနဲ့ သွားနေတာ အဆင်မှမပြေတာပါ။ ဂိုးသမား အေဇင်မှူးသာ ကာကွယ်မှုမကောင်းရင် ဒီထက်မက ရှမ်းနဲ့ပွဲမှာ စစ်ကိုင်း ဂိုးတွေထပ် ပေးရဦးမှာ ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနေအထား တစ်ခုတော့ စစ်ကိုင်းပြင်ဆင်ထားပြီး ဖြစ်မယ်လည်းထင်တယ်။ ဦးဇော်လင်းထွန်းအနေနဲ့ ပထမပိုင်းမှာ ခပ်သွက်သွက်လေး တိုက်စစ်ကို တင်ပြီး ကစားတတ်တဲ့ သူ့အသင်း ရဲ့ လုပ်အားနှုန်းကို ရန်ကုန်နဲ့အတွေ့မှာ ဘယ်လိုမျိုး စီမံလာမလဲဆိုတာ စိတ်ဝင်စားဖို့သိပ်ကောင်းနေတယ်။

ဘာပဲပြောပြောပါ၊ ဒီနေ့ပွဲစဉ်တွေရော၊ မနက်ဖြန်ပွဲစဉ်တွေရောပါ အားလုံး ပရိသတ်အကြိုက် ဖြစ်စေမယ့် ပွဲကောင်းတွေဖြစ်နေတယ်။ အနားရချိန် နည်းပါးပေမယ့်လည်း အကောင်းစားဖြစ်စေဖို့ကို ပွဲတိုင်း အားမာန်အပြည့်နဲ့ ထည့်ကစားနိုင်ကြတဲ့ အသင်းတွေရဲ့ ရုန်းအားဟာ တစ်ကယ့်ကို ထိထိမိမိနဲ့ ကြည့်ကောင်းနေခဲ့ကြတယ်မဟုတ်ပါလားခင်ဗျာ။ ဒီတော့ ဒီနေ့မှာလည်း ဇယားထိပ်ဆုံးက အသင်းတွေကို စိန်ခေါ်ကြမယ့် အသင်းတွေ ဟာ လိုရာ ပန်းတိုင်ကို ပွဲစဉ်(၁၂) တုန်းကအတိုင်း အရောက်လှမ်းနိုင်မလားဆိုတာ ဖိအား အောက်က ရုန်းထွက်ပြမယ့် အသင်းကြီးတွေနဲ့အတူ စိတ်ဝင်စားစွာ ကြည့်ဖြစ်ဖို့ ဖြစ်လာတယ်။