MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ လအလိုက်အကောင်းဆုံးဆုများကို ဟံသာဝတီယူနိုက်တက်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းနှင့် ရှမ်းယူနိုက်တက်အသင်း နောက်ခံလူ ဒေးဗစ်ထန်းတို့ ဆွတ်ခူးရရှိခဲ့သည်။

အကာင်းဆုံးနည်းပြဆုကို စက်တင်ဘာ ၃ ရက်ညနေပိုင်းက YUSC ကွင်း၌ ကျင်းပသည့် ဆောက်သမ်းမြန်မာ (ဝ-၁) ဟံသာဝတီယူနိုက်တက် ပွဲစဉ်မတိုင်မီ ပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါဆုကို မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ချီးမြှင့်ပေးခဲ့သည်။

ထို့အတူ အကောင်းဆုံး ကစားသမားဆုရရှိသည့် ရှမ်းယူနိုက်တက်အသင်းနှင့် လက်ရွေးစင်အသင်း နောက်ခံလူ ဒေးဗစ်ထန်းအား ယနေကျင်းပသည့် ရခိုင်ယူနိုက်တက် (ဝ-၃) ရှမ်းယူနိုက်တက်ပွဲစဉ်မတိုင်မီ ပေးအပ်ခဲ့ရာ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်က တက်ရောက်ချီးမြှင့်ပေးသည်။

ဦးမျိုးမင်းထွန်းသည် အကောင်းဆုံးနည်းပြဆုကို ၂၀၂၀ ဘောလုံးရာသီအတွင်း ဒုတိယအကြိမ် ဆွတ်ခူးရရှိခြင်းဖြစ်ပြီး ဒေးဗစ်ထန်းအနေဖြင့် ယင်းဆုကို ပထမအကြိမ် ရရှိခြင်းဖြစ်သည်။

အထက်ပါ အကောင်းဆုံးဆုများအနက် ကစားသမားဆုကို ဆုတံဆိပ်နှင့် ဆုငွေကျပ် ၂ သိန်း၊ နည်းပြဆုအတွက် ဆုတံဆိပ်နှင့် ဆုငွေကျပ် ၁ သိန်းခွဲ ချီးမြှင့်ခြင်းဖြစ်ပါသည်။