ပွဲကြည့်သူ တစ်ဦးရဲ့ ရင်ခုန်သံ (၄)

September 5, 2020

အလင်းဖြူ

(က)

ပွဲတွေက ကောင်းလာသည်။ မကောင်းတာက ကိုဗစ်။ တရိပ်ရိပ် တိုးနေသည်။ မတိုးသေးသည်က လစာ။ သူ့ကြည့်လည်း အခက်အခဲတွေနဲ့၊ ကိုယ့်ကြည့်လည်း အခက်အခဲတွေနဲ့ ဘာတစ်ခုမှ အဆင်မပြေ။ ပြေနေသည်က ပွဲတွေပုံမှန်အတိုင်း ကျင်းပခွင့် ရနေခြင်း ဖြစ်သည်။ ၅၀/၅၀ အနေအထားမှာ ကိုဗစ်ဘက်ပါမသွားအောင် ထိန်းထားနိုင်ဖို့ လိုသည်။ ရာသီက လိုတစ်မျိုး မလိုတစ်မျိုး၊ ပူလိုက်ရွာလိုက်၊ ရွာလိုက်ပူလိုက်နဲ့ Mask တပ်ပြီးပွဲကြည့်ရတာ အိုက်စပ်စပ်နဲ့ အခုချိန်ထိ အသားမကျသေး။ ကျလာတာက ဟံသာဝတီအသင်းတိုက်စစ်။ ရန်ကုန်ကိုနိုင်ပြီး ရာသီဝက်ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် အမှတ်ပေးဇယား အောက်ဆုံးက ဆောက်သမ်း၊ ISPE တို့နဲ့ ကစားခဲ့သည်။ နှစ်ပွဲစလုံးကို ပင်နယ်တီဖြင့်သာ နိုင်ခဲ့သည်။ ထို့ကြောင့် ဟံသာဝတီအသင်း နောက်ပွဲတွေဘယ်လိုလာမလဲ သိချင်နေမိသည်။

ဆောက်သမ်းခံစစ်ကစားပုံ အရမ်းကောင်းလာသည်။ ရှမ်း၊ ဧရာဝတီ၊ ဟံသာဝတီ ၃ ပွဲစလုံး တစ်ဂိုးစီပဲပေးခဲ့ရသည်။ ၄−၁−၄−၁ ကစားကွက်နဲ့ ခံစစ်က တည်ငြိမ်လွန်းနေသည်။ ရှမ်းလည်း ရုန်းကန်ခဲ့ရသည်။ ဧရာဝတီလည်း အခက်တွေ့ခဲ့ရသည်။ ဟံသာဝတီလည်း မနည်း ကစားခဲ့ရသည်။ မရသည်က သွင်းဂိုး။ အခွင့်အရေးတွေ ရသည်။ ဂိုးအဖြစ် မပြောင်းနိုင်ခဲ့။ ရန်ကျော်ထွေး၊ အောင်မြတ်သူတို့ရဲ့ တန်ပြန်တိုက်စစ်တွေက ကောင်းခဲ့သည်။ တိုင်ထိခဲ့သည့် နှစ်ကြိမ်တွင် တစ်ကြိမ်သာ ဂိုးရခဲ့လျှင် ပွဲအဖြေ ပြောင်းသွားနိုင်သည်။ ထို့ကြောင့် ဆောက်သမ်းကို ချီးကျူးမိသည် ဆောက်သမ်း နောက်ပွဲတွေ ဘယ်လို ကစားမလဲ။

ISPE က တစ်ပတ်ပြီးတစ်ပတ် စိတ်ဝင်စားဖို့ကောင်းလာသည်။ ဟံသာဝတီကို အခက်တွေ့စေခဲ့သည့် ISPE က ရတနာပုံကို နိုင်သွားသည်။ ဒီနှစ်သင်းက တွေ့ထားတာ မကြာသေး။ ၄ ဂိုးပြတ်ရှုံးခဲ့တဲ့ အရှုံးကို ပြန်ချေဖျက်ပြသွားတာက ပြောစရာ ဖြစ်ခဲ့ရသည်။ ISPE ကစားပုံကို သဘောကျသည်။ ဒီအသင်းတွင် ခြေစွမ်းခြေစရှိသည့် မျက်နှာသစ်တွေ အများကြီး။ ဂိုးသွင်းသွားသည့် လင်းထက်စိုး ကစားပုံမဆိုး။ ဂိုးရသွားခြင်းမှာ သူ၏ အရည်အချင်းကို မြင်ခဲ့ရသည်။ သူသာ ရပ်ကြည့်နေလျှင် ဂိုးရမည်မဟုတ်။ အလိုက်သင့် လိုက်ပါသွားခြင်းက အဓိကကျသည်။ ဆောက်သမ်း၊ ISPE တို့ ကောာင်းလာခြင်းက ပွဲတွေကို မြိုင်ဆိုင်စေသည် အကြိတ်အနယ် ဖြစ်စေသည်။ ထို့ကြောင့် တစ်ပတ်ပြီးတစ်ပတ် တစ်ပွဲပြီးတစ်ပွဲ ပြောစရာ အကြောင်းအရာတွေ ရှိလာခြင်း ဖြစ်သည်။

ဧရာဝတီ။ ဘယ်လို စာစီရမလဲ။ ဆောက်သမ်းကိုမထင်မှတ်ဘဲ သရေကျသွားတာက လွဲရင် သူတို့ရဲ့ တိုက်စစ်က ကြောက်စရာကောင်းနေဆဲ။ သန်းထက်အောင် ၄ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သည်က ချီးကျူးစရာ ကောင်းခဲ့သည်။ ၂၀၁၈ ဘောလုံးရာသီက ဇွဲကပင်အသင်းအတွက် ၁၀ ဂိုးသွင်းပြီး အကောင်းဆုံး ခြေစွမ်းပြခဲ့သည့် သန်းထက်အောင်ကို နောက်တစ်ကြိမ် ပြန်မြင်နေရသလိုပင်။ ချန်ပီယံဆုအတွက် အကောင်းဆုံး အနေအထားတွင် ရှိနေသည့် ဧရာဝတီက တစ်ပတ်ပြီးတစ်ပတ် ဖမ်းစားထားနိုင်သည်။

(ခ)

အောင်မောင်လွင်မပါသည့် ရန်ကုန်ကို စိတ်ဝင်စားခဲ့သည်။ ဘယ်လိုပုံစံ ပွဲထွက်လာမလဲ။ နည်းပြသစ် ဦးမင်းထွန်းလင်းက မောင်မောင်ဝင်း၊ ရန်နိုင်ဦး၊ ရှိုရီတို့ကို တည်လိုက်သည်။ ၄−၃−၃ ဆန်ဆန်။ သို့သော် ရှိုရီ ကစားပုံက မကောင်း။ ထို့ကြောင့် ကစားပုံပျက်နေသည်။ စစ်ကိုင်းကစားပုံက ဟန်ချက်ညီနေသည်။ ထို့ကြောင့်လည်း ဦးဆောင်ဂိုး ရသွားသည်။ ရန်ကုန် ကစားပုံက တက်မလာ။ ထို့ကြောင့် ကြည်လင်းနှင့် ငြိမ်းချမ်းအောင်ကို ချက်ချင်းလူစားလဲလိုက်သည်။ မောင်မောင်ဝင်းက ရှိုရီနေရာ၊ မောင်မောင်ဝင်း နေရာကို ငြိမ်းချမ်းအောင် ဝင်ကစား။

မောင်မောင်ဝင်း၊ ရန်နိုင်ဦး၊ ငြိမ်းချမ်းအောင်တို့ကြောင့် ကွင်းလယ်က ငြိမ်သွားသည်။ ရန်ကုန်အသင်း၏ ပထမ ချေပဂိုးကို ကြည့်လျှင် ငြိမ်းချမ်းအောင် ပေးပို့မှုက သပ်ရပ်လွန်းသလို ကောင်းထက်စိုးကန်ချက်ကလည်း တိကျလွန်းခဲ့သည်။ ကောင်းထက်စိုး ပုံစံကောင်း ပြန်ရနေခြင်းက ရန်ကုန်တိုက်စစ်ကို ပိုမိုတောင့်တင်းသွား စေခဲ့သည်။ ဒုတိယဂိုးကလည်း ငြိမ်းချမ်းအောင်ကြောင့်ပင်။ စစ်ကိုင်းနောက်တန်းက ငြိမ်းချမ်းအောင်ကို တားဆီးရာတွင် ကြမ်းတမ်းသွားသဖြင့် ပင်နယ်တီ ပေးခဲ့ရသည်။ ဒီပင်နယ်တီကို ကြည်လင်းက အမှားအယွင်းမရှိ အဆုံးသတ်ခဲ့သည်။

စစ်ကိုင်းအသင်း။ ကိုဗစ်ကြောင့် မနားခင်မှာ ခြေစွမ်းပြနေသည့် အသင်း။ ရလဒ်ကောင်း နေသည့်အသင်း။ သို့သော် ပြန်စချိန်တွင် ရှုံးပွဲဆက်နေသည်။ ထို့ကြောင့် စိတ်မကောင်းဖြစ်ရသည်။ ဧရာဝတီ၊ ရှမ်း၊ ရန်ကုန် ချန်ပီယံမှန်းနေသည့် ၃ သင်းစလုံးကို ဂိုးပြတ်ရှုံးခဲ့ရသည်။ ရှမ်း၊ ရန်ကုန် ပွဲများတွင် ဦးဆောင်ဂိုးများ ရခဲ့သော်လည်း မထိန်းနိုင်ခဲ့။ စစ်ကိုင်းပုံစံကောင်း ပြန်ရလိမ့်မည်ဟု ယုံကြည်နေဆဲ။

ရှမ်းကတော့ ဒုတိယပိုင်း မင်းသားကြီးပဲ။ နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲမှာ ရခိုင်နဲ့ပွဲ တစ်ပွဲပဲ ပထမပိုင်းဂိုးနဲ့ နိုင်ခဲ့သည်။ ဆောက်သမ်း၊ စစ်ကိုင်း၊ ရခိုင်(ဒုကျော့) ပွဲတွေမှာ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ နိုင်ခဲ့သည်။ သို့သော် ဟံသာဝတီနှင့် ပွဲမတိုင်မီ ဇင်မင်းထွန်း၊ ကိသ်တို့ ဂိုးရသွားခြင်းက ယုံကြည်မှုကို ဖြစ်ထွန်းစေခဲ့သည်။ ဒုတိယအကျော့ ပြန်စချိန်တွင် ၂ ပွဲဆက် ဂိုးပြတ်နိုင်ခဲ့ခြင်းကြောင့် ရှမ်းကို သတိထား စောင့်ကြည့်ရတော့မည်။

အထူးသဖြင့် ဟံသာဝတီနှင့်ပွဲ။ ဒီနှစ်သင်းက ပြောင်းပြန်။ ဒုတိယအကျော့ ပြန်စချိန်တွင် တစ်သင်းက တိုက်စစ်အစွမ်းပြနေသည်။ တစ်သင်းက တိုက်စစ်အားပျော့နေသည်။ ရှမ်းအသင်း ကစားပုံက ပညာပါသည်။ ပထမပိုင်းကို ထိန်းကစားခဲ့သည်။ ပြိုင်ဘက်အားကို ချွေသည်။ ဒုတိယပိုင်းရောက်လျှင် တိုက်စစ်ကိုမြှင့်သည်။ ရှမ်းကလည်း ဧရာဝတီလိုပင် ကစားသမားကောင်း ပေါသည်။ လျှင်မြန်သည့် ကစားသမားတွေကို ထည့်ပြီး ကစားအားကို တင်သည်။ စစ်ကိုင်းရော ရခိုင်ပါ ဒီဒဏ်ကို မခံနိုင်ခဲ့။

ယခုလို ပွဲဆက်ကစားနေရသည့် ကာလတွင် နည်းပြဆရာ၏ ဗျူဟာက အရေးကြီးသည်။ ထို့ကြောင့် ရှမ်းအသင်း ကစားပုံကို စောင့်ကြည့်နေမိသည်။ ဟံသာဝတီ၊ ဧရာဝတီ၊ ရန်ကုန်၊ ရှမ်း အသင်းတို့၏ အားပြိုင်မှုက MPT Myanmar National League 2020 ပြိုင်ပွဲကို ပရိသတ်၏ စိတ်ဝင်စားမှု မြင့်တက်စေသည်။ သူတို့၏ ရပ်တည်မှုတွေ ဘယ်လိုဖြစ်မလဲ ရင်ခုန်ရတာအမော။ ထို့ကြောင့် ပွဲစဉ်တစ်ပွဲပြီးသွားတိုင်း ပြောစရာတွေ များသည်၊ မများသည်က ပြဿနာ။ ဟိုအရင်လို ကွင်းတွင်းကွင်းပြင် ပြဿနာ မရှိခြင်းက အရသာ တစ်မျိုးဖြစ်သည်။