အသင်းကြီးတွေ အမှားမခံဘဲ နိုင်ပွဲရခဲ့တဲ့ ပွဲစဉ် (၁၃)

September 5, 2020

MPT Myanmar National League 2020 ပွဲစဉ်(၁၃) မှာ အမှတ်ပေးဇယားထိပ်ဆုံးက ဟံသာဝတီ၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ISPE အသင်းတွေ အနိုင်ရရှိခဲ့တာ တွေ့ရပါတယ်။ တစ်နည်းအားဖြင့် ရတနာပုံအက်ဖ်စီအသင်းကလွဲရင် အသင်းကြီးတွေ အကုန်အနိုင်ရခဲ့တဲ့ ရက်သတ္တပတ်လို့ ဆိုရမှာပါ။

စစ်ကိုင်းယူနိုက်တက် (၁-၃) ရန်ကုန်ယူနိုက်တက်

ဆောက်သမ်းမြန်မာ (ဝ-၁) ဟံသာဝတီယူနိုက်တက်
အမှတ်ပေးဇယား အောက်ခြေက ရုန်းထွက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ဆောက်သမ်းမြန်မာအသင်းအနေနဲ့
ဟံသာဝတီယူနိုက်တက်အသင်းကို (ဝ-၁) ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် အဆင့်(၁၀) နေရာမှာပဲ ဆက်လက်ရပ်တည်နေပါတယ်။ နိုင်ပွဲဆက်ခဲ့တဲ့ ဟံသာဝတီယူနိုက်တက်အသင်းကတော့ အဆင့်(၁) နေရာမှာ ဆက်လက်ရပ်တည်ခွင့် ရရှိခဲ့ပြီး ဧရာဝတီယူနိုက်တက်အသင်းကို သုံးမှတ်ဖြတ်ထားနိုင်တာ တွေ့ရပါတယ်။

ဆောက်သမ်းမြန်မာ (ဝ-၁) ဟံသာဝတီယူနိုက်တက်

ISPE ၁-၀ ရတနာပုံအက်ဖ်စီ
ISPE အသင်းအတွက် ချိုမြိန်တဲ့ နိုင်ပွဲ၊ ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲကို ပုံဖော်နိုင်ခဲ့တဲ့ အပတ်အဖြစ် သုံးသပ်ရမှာဖြစ်ပြီး ရတနာပုံအသင်းအတွက်တော့ ခါးသီးတဲ့ အခိုက်အတန့်ကို ရင်ဝယ်ပိုက်ခဲ့ရတဲ့ အပတ်ဖြစ်ခဲ့ပါတယ်။

ISPE FC (၁-ဝ) ရတနာပုံအက်ဖ်စီ
မကွေးအက်ဖ်စီ (ဝ-၅) ဧရာဝတီယူနိုက်တက်

မကွေးအက်ဖ်စီ (ဝ-၅) ဧရာဝတီယူနိုက်တက်
ဧရာဝတီယူနိုက်တက်အသင်းကို တုံ့ပြန်ကစားနိုင်ဖို့ ကြိုးစားခဲ့တဲ့ မကွေးအသင်း ဧရာဝတီအသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ရေရှည်တောင့်မခံနိုင်ဘဲ ပြိုလဲခဲ့ရတာပါ။ ဧရာဝတီအသင်းက ပွဲစဉ်(၁၂) ကလို ရမှတ် မဆုံးရှုံးစေဖို့ စနစ်တကျပြင်ဆင်လာခဲ့တာတွေ့ရပြီး လိုချင်တဲ့ ရလဒ်ကိုလည်း ပုံဖော်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မကွေးအသင်းအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ လေးပွဲမှာ တိုက်စစ်က သုံးဂိုးသာရပြီး ပေးဂိုးက ၁၇ ဂိုးအထိ ပေးထားရလို့ လာမယ့်ပွဲစဉ်တွေအတွက် ခံစစ်ပိုင်းကို အဓိက ပြင်ဆင်သွားရဖို့ ရှိနေပါပြီ။

စစ်ကိုင်းယူနိုက်တက် (၁-၃) ရန်ကုန်ယူနိုက်တက်
စစ်ကိုင်းအသင်း အစကောင်းခဲ့ပြီး အနှောင်းမသေချာခဲ့တဲ့ ပွဲဖြစ်သွားခဲ့ပါတယ်။ ပွဲအစ ၁၃ မိနစ်မှာတင် တောင်ပံကစားသား မျိုးမင်းဖြိုး ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ဆက်တိုက် ခြေစွမ်းပြ ကစားလာတဲ့ ကောင်းထက်စိုးရဲ့ ချေပဂိုး၊ ကြည်လင်း၊ ဇာနည်ထက်တို့ရဲ့ အနိုင်ဂိုးတွေကြောင့် ရှုံးပွဲဆက်ခဲ့ရတာ ဖြစ်ပါတယ်။

ရခိုင်ယူနိုက်တက် (ဝ-၃) ရှမ်းယူနိုက်တက်

ရခိုင်ယူနိုက်တက် (ဝ-၃) ရှမ်းယူနိုက်တက်
ရခိုင်ယူနိုက်တက်-ရှမ်းယူနိုက်တက် ပွဲစဉ်မှာ ရခိုင်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ချမ်းဦးနဲ့ ဂိုးသမား တေဇာအောင်တို့ ဒဏ်ရာပြဿနာတွေကြောင့် စောစောစီးစီး လူစားလဲလိုက်ရပါတယ်။ ဒီအချက်က ရခိုင်အသင်းကို ထိုးနှက်ချက်တစ်ရပ်ဖြစ်ခဲ့ပေမယ့် ရှမ်းအသင်းအတွက်တော့ အားသာချက်တွေ ဖြစ်စေခဲ့တာပါ။ ရှမ်းယူနိုက်တက်အသင်းက ဒီအခွင့်အရေးတွေကို လက်လွတ်မခံဘဲ မှန်ကန်တဲ့ လူစားလဲလှယ်မှုတွေ ချက်ခြင်း ပြုလုပ်ပြီး လိုချင်တဲ့ နိုင်ပွဲတစ်ပွဲကို ဆက်ပြီး ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။