ပွဲကောင်းတစ်ပွဲ ဆိုတာထက် ပိုပြီးအကြိတ်အနယ်ရှိမယ့် ရှမ်း-ဟံသာဝတီ နဲ့ MPT မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၄ အနေအထား

September 6, 2020

ထွန်းထွန်းဦး(လှိုင်)

အကြိတ်အနယ်ဆိုတဲ့ စကားလုံးပဲ ရွေးသုံးပါရစေတော့ခင်ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒီကာလအတောအတွင်းမှာ ပြန်ကစားတဲ့ MPT မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွေတိုင်းဟာဆိုရင် ကြည့်မိတဲ့သူတွေအတွက် လုံးဝကို အကြိတ်အနယ်ရှိတဲ့ ပွဲတွေချည်း ဖြစ်နေလို့ပါပဲ။ ဟုတ်ပါတယ်။ အပို စကားမဆိုပါဘူး။ ပွဲစဉ်တိုင်းကြည့်ဖြစ်တဲ့သူတွေ သိကြပါ လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့အဆင့်၊ သူ့အထွာနဲ့သူ အားလုံးဟာ မာနနဲ့သိက္ခာ အတွက် ပွဲစဉ်တိုင်းမှာ အသည်းပေါက် မတတ်ကို ရုန်းကန်ပြီးတော့ ကစားနေကြတာ ဖြစ်လို့ပါပဲ။

ပြီးခဲ့တဲ့ MPT မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂ ပွဲမှာ ဧရာဝတီ၊ ရန်ကုန်နဲ့ ရှမ်းတို့ရဲ့ လုပ်အားနှုန်းနဲ့ တိုက်စစ်ပိုင်းတော်တော်လေးကို သိသိသာသာနဲ့ ပိုမိုတိုးတက်လာခဲ့တယ်။ ဒါပေမယ့် အမှတ်ပေးဇယား ထိပ်ဆုံးရောက် ဟံသာဝတီရဲ့ အနေအထားကတော့ ရန်ကုန်ကို အနိုင်ယူခဲ့ပြီး နောက်ပိုင်း အစစရာရာ ပြန်ကျလာသလိုမျိုး ဖြစ်နေတာ အားလုံးလည်းတွေ့ကြမှာပါ။ ဟံသာဝတီရဲ့ နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲတွေရခဲ့တဲ့ ပုံစံဟာ ပင်နယ်တီနဲ့ဆိုတော့ လူပြောများစရာတစ်ခု လိုမျိုး ဖြစ်နေစေတယ်။ ပြီးတော့ အမှတ်ပေးဇယား ထိပ်ဆုံးက အသင်းတစ်သင်း အနေနဲ့ ဒီလိုမျိုးဖြစ်ရမလားဆိုပြီး မချိတင်ကဲဖြစ်ကြသလို၊ ပင်နယ်တီကိစ္စတွေ အပေါ်မှာပါ တခုတ်ရပြောဖြစ်လာကြတယ်။

ပြောဖြစ်မှာပေါ့။ ဟံသာဝတီနဲ့ ဧရာဝတီကြားမှာ အမှတ်ကွာဟချက်က ၃ မှတ်ပဲ ခြားနားတာ လေ၊ ရန်ကုန်နဲ့ရှမ်းကလည်း နောက်ကနေပြီး ထပ်ချပ်မကွာ လိုက်နေတာကြောင့် ဟံသာဝတီ တစ်ခုခု၊ တစ်ပွဲပွဲ ထစ်လိုက်တာနဲ့ မထင်မှတ်တာတွေက နောက်ကတန်းစီပြီးတော့ကို လိုက်မှာသေချာနေတယ်။ ဒီတစ်ပတ်လည်း ရှမ်းနဲ့ဟံသာဝတီပွဲက လိုအပ်တာထက်ပိုပြီး အကြိတ်အနယ် ရှိနေဦးမှာ သေချာတယ်။ ပြီးတော့ ဧရာဝတီက ဒုတိယနေ့မှာ ရတနာပုံနဲ့ ကစားရမှာ ဖြစ်နေတာကြောင့် ရှမ်းနဲ့ဟံသာဝတီပွဲအပြီး ရလဒ်ကို ကြည့်ပြီး ကစားရမယ့် အခွင့်အရေး က ရှိနေသေးတယ် မဟုတ်ပါလားဗျာ။

တစ်ကယ်တမ်းဆိုရင် ဖိအားများနေတာက ဟံသာဝတီပါ။ ဒီနေ့မှာရော ဖိအားအောက်မှာနေပြီး ဘယ်လိုမျိုး ရုန်းထွက်ပြဦးမလဲဆိုတာ ကြည့်ချင်၊ သိချင်ကြမယ့်သူတွေများမယ်နဲ့တူတယ်။ ဒါတင် ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ကျန်တဲ့အသင်းတိုင်း အားလုံးကလည်း သူ့တို့အဆင့်နဲ့သူတို့ အကောင်းဆုံးဖြစ်အောင်လို့ အချိန်တိုအတွင်း ပြင်ဆင်မှုအသီးသီးနဲ့ ခရီးဆက်နေခဲ့တယ် ဆိုတာတွေ့ရမှာဖြစ်တယ်။

အဲ့ဒီအထဲမှာတော့ အမှတ်ပေးဇယား အောက်ဆုံးမှာရှိနေတဲ့ အသင်း ၂ သင်း အကြောင်းလည်း ထည့်ပြောရမယ်။ အဲ့ဒါကတော့ ISPE နဲ့ ဆောက်သမ်းတို့ပါပဲ။ ရလဒ်တွေခဏဘေးချပြီး ခြေစွမ်းနဲ့ကစားသမားတွေရဲ့ လုပ်အားနှုန်း ကိုကြည့်ရင် တဖြည်းဖြည်းနဲ့ လူပြောများလာသလို ကစားဟန်နဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအတိုင်းအတာမှာ ၂ ရက်ခြား တစ်ပွဲကစားရတဲ့ ကာလမှာတောင် ဒီအသင်းတွေဟာ ဖိအားမရှိ အသားကျလာတယ် ဆိုတာ တွေ့ရမှာဖြစ်ပါလိမ့်မယ်။ အဓိကကတော့ အသင်းလိုက် စုဖွဲ့မှုပါ။ အဲ့ဒီအပိုင်းမှာ အနိုင်မခံ၊ အရှုံးမပေးတဲ့ စိတ်တွေက ဒီနှစ်သင်းမှာ အတော်လေးကို ကပ်မိနေတာမျိုး တွေ့ရတယ်။

ပရိသတ်တွေကလည်း နိုင်ငံခြားသားမပါတဲ့ ပြည်တွင်းဖြစ်တွေအားနဲ့ ပြိုင်ဘက်ကောင်းတွေ ကြားထဲမှာ ခေါင်းထောင်လာပြီး အတန်အသင့် အနေအထားကောင်းလေး မိလာတာကို သဘောကျနေတယ်။ ဘာကြောင့်လဲဆိုတာ ရှင်းပါတယ်။ ပြည်တွင်းဖြစ်တွေ ခြေစွာရင် လက်ရွေးစင်မြန်မာအသင်းအတွက် အတိုင်းအတာတစ်ခုအထိ အထောက်အကူ ဖြစ်စေတာကြောင့်ပါပဲ။ နိုင်ငံတော် အမျိုးသားဘောလုံးအသင်း လက်ရွေးစင်နည်းပြ နှစ်ဦး ဖြစ်တဲ့ မစ္စတာအန်တိုနီဟေးနဲ့ မစ္စတာပိုပေါ့ဗ်တို့ကလည်း ၂ ရက်ခြားကစားတဲ့ ဒီအမှတ်ပေး ပြိုင်ပွဲတွေ အချိန် ပေးကြည့်ဖြစ် တယ်ဆိုတာလည်း တွေ့တယ်။

ပြီးတော့ တိုက်ရိုက် LIVE လွှင့်တဲ့ ရုပ်သံတွေမှာလည်း ကွင်းထဲသွားကြည့်နေရတဲ့အတိုင်းကို ကွင်းထဲမှ နည်းပြတွေ၊ ဒိုင်တွေ၊ ကစားသမားတွေရဲ့ အသံနဲ့ခံစားချက် ဟန်တွေက ပရိသတ်တွေရဲ့ရင်ကို ဆွဲဆောင်ထိရှနေစေတာလည်း ထည့်ပြောပါရစေ။ လုံးဝကို ကွင်းထဲက ခံစားချက် ဖီလင်မျိုးကို ခံစားရစေတယ်။ ဘာပဲပြောပြောဒါဟာ တစ်ပတ်အတွင်း မှာ ၃ ပွဲ စီကစားနေကြရတဲ့ MPT မြန်မာနေရှင်နယ်လိဂ်ပါ။ ဟုတ်ပါတယ်။ ရသအစုံစုံ၊ အဖုံဖုံကိုထည့်ပေးထားသလိုကို ပြိုင်ဆိုင်မှု အားကောင်းကောင်းနဲ့ သွားနေတဲ့ ကျန်းမာရေးလမ်းညွှန်မှုတွေအောက်မှ မြန်မာနေရှင်နယ်လိဂ်ဟာ ဒီနေ့ ပွဲစဉ် ၁၄ မှာ အရင်လိုမျိုး အမှားမခံစတမ်း အမှတ်လုကြမယ့်ပွဲတွေ ပြည့်နေ တယ်ဆိုတာ ပြောထားချင်တယ်။

ဒီနေ့ ရှမ်းနဲ့ဟံသာဝတီတွေ့တယ်။ နှစ်သင်းလုံး ပွဲစဉ် ၁၀ ကစလို့ အခုအချိန်အထိ အမှားမရှိသေးဘူး။ ပွဲတိုင်းနိုင်ပွဲဆက်နေတယ်။ တစ်ခုရှိတာက အထက်မှာပြောခဲ့သလိုမျိုး နောက်ဆုံး ၂ ပွဲမှာ ဟံသာဝတီက ကစားပုံမဆိုးပေမယ့် တိုက်စစ်ကျနေတယ်။ ရှမ်းကတော့ တိုက်စစ်ရော ခံစစ်ပါ ကောင်းလာတယ်။ ဒီတော့ ဟံသာဝတီအတွက် ရှမ်းနဲ့အတွေ့မှာ ဧရာဝတီရဲ့ဖိအားပေးမှုကို ဘယ်လိုကျော်ဖြတ်ပြမလဲ။ သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်။ ဟံသာဝတီတိုက်စစ် ဒီနေ့ပွဲမှာ လူစုံဖို့လိုတယ်။ ရှမ်းကလည်း ခံစစ်မှာ အတွေ့အကြုံရင့် ခံစစ်သမားတွေဖြစ်တဲ့ ဒေးဗစ်ထန်၊ ငြိမ်းချမ်း၊ နန္ဒကျော်၊ဟိန်းသီဟဇော်တို့ အပြည့်ရှိတယ်။ ကွင်းလယ်မှာဆိုရင်လည်း မက်ဆီမန်တို့ဆက်ဖြိုးဝေတို့အပြင် ခြေစွာနေတဲ့ ဇွဲသက်ပိုင် ရှိတယ်။ ပြီးတော့ အဘူဘာကာ နဲ့ဇင်မင်းထွန်းတို့ ရှိသေးတယ်လေ။

ဟံသာဝတီအတွက်တော့ ဇွဲသက်ပိုင်နဲ့ ခြေစွမ်းခြင်းပြိုင်မယ့် ဟိန်းထက်အောင်ရဲ့ အားနဲ့အတူ ဘစ်ဆာတို့ အီမီကာ တို့ရဲ့တိုးအားဟာ ရှမ်းခံစစ်ကို အခက်တွေ့စေမလားဆိုတာ ကြည့်ချင်နေတယ်။ လာဒင်မောရာ၊ ဘိုဘိုနိုင်၊ ရန်နိုင်အောင် တို့ရဲ့ကွင်းလယ်ပိုင်းဟာ ရှမ်းကို ဘယ်လိုမျိုး ယှဉ်မလဲ၊ ခံစစ်ပိုင်းမှာတော့ ရွှေလှိုင်ဝင်းတို့ မွန်ကာလူးတို့၊ သန့်ဇင်ဝင်းတို့ နန်းဝေမင်းတို့ ရှိကြတယ်၊ ဒီနေရာမှာ ရှမ်းတိုက်စစ်ဟာ မွန်ကာလူးတို့နဲ့ တိုက်ရိုက်အချိုးကျနေသလို၊ ဂိုးသမားတွေရဲ့ ပွဲအပေါ် အာရုံစူးစိုက်မှုနဲ့ အမှားကင်းမှုကလည်း ထည့်ပြောစရာပါ။ ဂိုးသမား ၂ ယောက်စလုံးကောင်းတယ်။ ဒီတော့ ရတဲ့အခွင့်အရေးတွေကို နှစ်ဖက်တိုက်စစ်သမားတွေ အလွဲအလွဲချော်ချော် မဖြစ်ရစေဖို့ ထိထိမိမိနဲ့ အသုံးချပေးနိုင်ဖို့သာလိုတယ်။

ရှမ်းက ပွဲကျပ်နေချိန်မှာ တစ်ဖက်မှာ ရမှတ်တူ ရန်ကုန်ကလည်း မကွေးနဲ့ သုဝဏ္ဏကွင်းထဲမှာ ကစားရမှာလေ၊ ကွင်းကလည်းကောင်းပြီး ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ပွဲလို့တော့ ထပ်ပြောချင်တယ်။ မကွေးမှာ တိုက်စစ်စုဖွဲ့မှု အားနည်းတယ်။ ကွင်းလယ်နဲ့ခံစစ်ပိုင်းကောင်းတယ်။ ဒါပေမယ့် ဒုတိယပိုင်း လူစားလဲရင် အဆင်မပြေတော့ဘူး။ အထူးသဖြင့် တစ်ဖက်က မြန်နှုန်းမြင့် ကစားသမားတွေနဲ့ ကြုံရင် ဒုတိယပိုင်းမှာ ကျသွားလေ့ရှိတယ်။ ပြည်မိုးနဲ့ စစ်မုန်းဟာ အခွင့်အရေးတွေ ထိထိမိမိ အသုံးချနိုင်ပေမယ့် ကောင်တာတွေနဲ့ တစ်ကိုယ်တော် ဖောက်ထွက်နိုင်မယ့်အခွင့်အရေးတွေကို ရယူနိုင်စွမ်းနည်းပါးတာဟာ ဒီနေ့ပွဲမှာ အခက်တွေ့စရာဖြစ်နိုင်တယ်။ မကွေးက တွဲလုံးတွေကောင်းတယ်။ စိုးလွင်လွင်ပါလာရင် ကွင်းလယ်ဖန်တီးမှု ပိုအားကောင်းတာ မှန်ပေမယ့် ဒီနေ့မှာ ရန်ကုန်ကွင်းလယ် စုဖွဲ့မှုကို ရင်ဆိုင်ဖို့ခက်နေဦးမလားဆို ကြည့်ချင်တယ်။

ရန်ကုန်က ၂ ပွဲရှိပြီ။ နည်းပြသစ် ဦးမင်းထွန်းလင်းလက်ထဲမှာ သိချင်စရာ၊ ကြည့်ချင်စရာတွေ တစ်စတစ်စ ပိုများလာတယ်။ မောင်မောင်လွင် မပါနိုင်တဲ့ ပွဲမှာ လူစားလဲမှု ၂ ခုလုပ်လိုက်တယ်။ စစ်ကိုင်းကို အဖွင့်ဂိုးပေးထားရတာတောင် နောက်က လိုက်ကစားပြီး ငြိမ်းချမ်းအောင်နဲ့ ကြည်လင်းဝင်လာပြီးနောက်ပိုင်း ပုံစံကောင်းတစ်ခုအောက်မှာ ကွင်းလယ်စေ့သွားပြီး တိုက်စစ်သွားတဲ့ အကောင်းစားဟန်က နိုင်ပွဲရခဲ့သလို ပရိသတ်ပါ အကြိုက်ဖြစ်စေခဲ့ရတယ်။ အတွေ့အကြုံရင့်ပြီး လုပ်အားနှုန်းပြည့်တဲ့ ကစားသမားတွေ ရန်ကုန်မှာရှိနေတယ်။ တာဝန်ကျေ တာထက်ပိုတဲ့ ကစားသမားတွေ ဖြစ်နေတယ်။ မောင်မောင်ဝင်းက ဘောလုံးကိုလိုက်ဖျက်တာတင် မဟုတ်ဘူး။ တိကျတဲ့ ပေးပို့ဖြန့်ဝေမှုနဲ့ အမြင်အားကောင်းတဲ့ အပေးအပို့တွေပါ သူလုပ်ပေးနိုင်တယ်။ သူ့ကို ရံတာ ရန်နိုင်ဦး၊ တစ်ကွင်းလုံး လိုက်ဆော့နေတယ်။ ရှမ်းမှာတုန်းကနဲ့မတူဘူး။ သူ့လုပ်အားနှုန်းက ရန်ကုန်မှာပိုပြီး ကောင်းနေတယ်။ ဒီတော့မောင်မောင်ဝင်းအတွက် သက်သာသွားသလို ငြိမ်းချမ်းအောင်ရဲ့ ထိမိတဲ့အပေးအပို့တွေနဲ့ပေါင်းစပ်တော့ ဂိုး တွေရလာတယ်။ ကြည်လင်းကလည်း သူ့အတွေ့အကြုံကောင်းနဲ့ ကစားဖော်ညီငယ်တွေကို ထိန်းပေးထားတော့ ရန်ကုန်ကွင်းလယ်အားက ပြီးခဲ့တဲ့ပွဲစဉ်မှာ အကောင်းစားဖြစ်လာတော့ တာပါပဲ။ ထိုက်ထိုက်အောင်နဲ့ အဘူဘာကာ ခံစစ်ကလည်း မာတယ်။ တောင်ပံနှစ်ဖက်က ဇာနည်ထက်နဲ့ မင်းကျော်ခန့်၊ ပြီးတော့ ကောင်းထက်စိုး လုပ်အားရော၊ ဂိုးလာဘ်ပါရှိနေ တာကြောင့် စိတ်ဓါတ်တွေ ပြန်တက်လာကြတယ်။ တိုက်စစ်အတွက် ဘာဖိုအနေနဲ့ သေသပ်တဲ့သွင်းဂိုးတွေယူနိုင်ဖို့ မကွေးနဲ့ပွဲမှာ လိုအပ်နေတယ်။ ဖြည်းဖြည်းခြင်း ရှေ့ကိုသွားနေတဲ့ ရန်ကုန်အတွက်တော့ နိုင်ငံခြားသားမပါတဲ့ မကွေးကို ဖိအားပေးဖို့ ပွဲစဉ် ၁၀ တုန်းကအတိုင်း ရှိနေလိမ့်မယ်။ ဒီတစ်ခါမှာရော မကွေး ခံစစ်ဟာ ဂိုးပြတ်နဲ့အရေးမနိမ့်ဖို့ လုပ်နိုင်ဦးမလား။

စစ်ကိုင်းနဲ့ ရခိုင်ပွဲကတော့ ကြည့်ကောင်းမယ်။ ရခိုင်မှာ ချမ်းဦးအနေအထား ဘယ်လိုရှိမလဲ။ ချမ်းဦး စောစောစီးစီးထွက်သွားလို့ ရခိုင်တိုက်စစ်ဟာ ရှမ်းနဲ့ပွဲမှာ ပြိုခဲ့တယ်။ ဒါပေမဲ့ ကွင်းလယ်ရဲ့ လုပ်အားနှုန်းကောင်းတယ်။ လူစားဝင် ဂိုးသမား ဗန်ဟားလာရွယ်သာ အမှား ၂ ခါ ထပ်တူမလွန်ကျူးရင် ရှမ်းဂိုးရဖို့ခက်မယ့် အခြေအနေမှာရှိခဲ့မှာဖြစ်တယ်။ ပြီးတော့ အလက်ဇန်းဒါး ဦးဆောင်မှုက ဒီနေ့ပွဲမှာ ဘယ်လိုလာမလဲ။ တစ်ဖက်က စစ်ကိုင်း ကလည်း အခုအချိန်အထိ နိုင်ပွဲမရှိသေးဘူး။ သရေပွဲကိုတောင် မရှာနိုင်သေးတာကြောင့် ဖရိုင်းဒေးတို့ ပက်ထရစ်တို့ အားနဲ့ ဘယ်လိုမျိုး ရင်ဆိုင်ကြမလဲ၊ စစ်ကိုင်းဂိုးသမား အေဇင်မှူး အတွက်တော့ သေချာသတိထားရမယ်။ ဘာပဲဖြစ်ဖြစ် ဒီပွဲကလည်း ရပ်တည်မှုတွေ အတွက် အရေးပါနေတယ်လေ။

ပြီးတော့ ဒုတိယနေ့မှာကစားမယ့် ပွဲတွေကိုလည်း ကြည့်ချင်တယ်။ ပြောဖြစ်တာကတော့ ရတနာပုံပါ။ ရတနာပုံ ဘာဖြစ်နေတာလဲ။ ကစားသမားတွေ ဒဏ်ရာရနေတယ်။ ပွဲပန်းနေတာ လက်ခံမိတယ်။ ဒါပေမယ့် နိုင်ငံတကာ အဆင့် ကစားသမားတွေ ရှိနေတာတောင် အသင်းရဲ့ သွားနေတဲ့ဟန်က ပရိသတ်တွေအတွက် အားရဖို့မကောင်းဘူးဆိုတာ တွေ့ရမယ်။ မန္တလေးဒါဘီမှာ ISPE လို အသင်းကို ၁-၀ နဲ့ အရေးနိမ့်တာ ပြောစရာဖြစ်တယ်။ အခွင့်အရေးတွေရတယ်၊ အသုံးမချနိုင်ဘူး။ လှိုင်းဘိုဘို၊ မြတ်ကောင်းခန့်၊ မျိုးကိုထွန်းတို့ မပါတာနဲ့ ဒီအသင်းက ဒီလောက်အထိ တုံ့ဆိုင်းသွားစရာမှ မဟုတ်တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ပွဲစဉ်မှာ အတော်လေးကို ဆိုးဝါးခဲ့လို့ ပရိသတ်တွေရဲ့ အသံထွက်ကျယ်ခဲ့တယ်။

ဒါကို ဒီနေ့မှာ ပြန်ပြီး ကုစား ပေးဖို့လိုနေတယ်။ ပြိုင်ဘက်ကလည်း ဧရာဝတီဆိုတော့ ပွဲကကြည့်လှပြီပေါ့။ တိုက်စစ်တရစပ် သွားနေတဲ့အသင်း၊ ပြီးတော့ အမှတ်ပေးဇယားထိပ်ဆုံးကို တက်ဖို့လှမ်းချီနေတဲ့ အသင်းလေ။ ဘာပဲဖြစ်ဖြစ် ဒီပွဲကလည်း ပရိသတ်အကြိုက်တွေ့ကြမှာပါ။ ဧရာဝတီကတော့ ဦးမျိုးလှိုင်ဝင်း လက်ထဲမှာ အဖက်ဖက်ကနေပြီးတော့ အတောင့်တင်းဆုံးဖြစ်နေတယ်။ အကောင်းဆုံးပုံစံ ပြန်ရနေတယ်။ ဒါကိုကြားမှာ ဆောက်သမ်းနဲ့ပွဲ ၁-၁ သရေ ကျလိုက်တာ အံသြမိရပြန်တယ်။ ဘာပဲပြောပြော ဧရာဝတီမှာက ဆာဆက်တို့၊ တင်ဝင်းအောင်တို့ လွင်မိုးအောင်တို့ ကောင်းမြတ်သူတို့ သီဟဇော်တို့ ရုန်းအားက အတော်လေးကို ထိမိတယ်။ ခံစစ်မှာလည်း ဗစ် တာနဲ့ စိုးမိုးကျော်အတွဲက အလုပ်ဖြစ်နေတယ်။ ကျော်ဇင်ဖြိုးပြန်လာတော့ ပိုကောင်းသွားတာပေါ့။ အဲ့ဒါအပြင် ကျော်ဇင်လွင်၊ ဒီကောင်လေးက တာဝန်ကျေတာထက် ပိုအောင် ပွဲတိုင်းမှာဇော်ဝင်းလို လုပ်အားပြနိုင်တယ်။ သန်းထက်အောင်ကတော့ တစ်ပွဲတစ်ဂိုး ပုံမှန်ရအောင် သွင်းနိုင်တယ်။ သူ့အလုပ်သူလုပ်နိုင်လို့လည်း ဧရာဝတီ ဒီလိုဖြစ်နေတာပါ။ ဒီတော့ ရတနာပုံကို ဧရာဝတီအနေနဲ့ ပွဲစဉ် ၇ တုန်းက အိမ်ကွင်းမှာ ၁-၁ သရေကစားခဲ့သလိုမျိုး မဖြစ်အောင် ကျော်လွန်နိုင်မလား။ အမှတ်ကလည်း လိုနေတာကြောင့် ဧရာဝတီအနေနဲ့ ရှမ်းနဲ့ ဟံသာဝတီပွဲက ဖြစ်လာမယ့် အခွင့်အရေးကို အမိအရယူဖို့ လိုတယ်ဆိုတာပါပဲ။

နောက်ဆုံးတစ်ပွဲကတော့ ISPE နဲ့ဆောက်သမ်းပွဲပါ။ ကစားမှာက သုဝဏ္ဏကွင်း၊ ဒီတော့ ကွင်းကျယ်ကျယ်မှာ နှစ်ဖက်ကစားသမားတွေ အဖို့တော့ အကြိတ်အနယ်နဲ့ မကျေပွဲ ထပ်နွဲရတယ်လို့ဆိုရမယ်။ ပွဲစဉ် ၁၁ တုန်းက ဒီနှစ်သင်း ၁-၁ သရေကျထားတယ်။ အခုပြန်တွေ့ပြီ။ ခြေစွာပြီး ခံစစ်တောင့်တင်းတဲ့ အသင်းနှစ်သင်း အတွက်တော့ အမှတ်လု ရုန်းကန်မယ့်ပွဲကို ကြည့်ချင်မိတယ်။ ISPE ရဲ့ လူငယ်တွေအားနဲ့စုဖွဲ့ထားတဲ့ မြန်နှုန်းမြင့်အသင်း၊ ဆောက်သမ်း ကလည်း မာကျောမှုကို အခြေခံထားတဲ့အသင်း ဂိုးပေးနည်းထားတဲ့အသင်း ဖြစ်နေတာကြောင့် အခွင့်အရေးတွေကို ဘယ်အသင်း အမိအရအသုံးချနိုင်မလဲဆိုတာ ကြည့်ချင်စရာဖြစ်လာတယ်။

ဟုတ်ပါတယ်။ ပွဲစဉ် ၁၄ မှာ အမှတ်ပေးဇယားမှာ အပြောင်းအလဲတွေက ဘာတွေဖြစ်လာမလဲ၊ ပရိသတ် တွက်ထားသလိုပဲဖြစ်လာမလား၊ ဒါမှမဟုတ် မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုက ဖြစ်လာဦးမလား။ ဒီလိုနဲ့ MPT မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၁၄ ဟာ သိချင်စရာများနဲ့ ပြည့်နှက် နေပါတော့တယ်။