ထိပ်ပိုင်းအသင်းတွေကြား ရမှတ်ကွာဟမှု ကျဉ်းမြောင်းလာခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်

September 9, 2020

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၄) အပြီး ချန်ပီယံလျောက်လမ်းထက်က ပြိုင်ပွဲဝင်အသင်းတွေကြား ရမှတ်ကွာဟမှု သိသိသာသာ ကျဉ်းမြောင်းလာခဲ့တာ တွေ့ရပါတယ်။
ထိပ်ပိုင်းအသင်းတွေကြား ရမှတ်ကွာဟမှု နည်းသထက်နည်းလာတဲ့ အနေအထား၊ ရှုံးပွဲဆက်နေတဲ့အသင်းတွေကြား ရမှတ်လိုအပ်နေတဲ့ အနေအထားတွေကြောင့် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာတော့မယ့် အသွင်ကို ဆောင်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်(၄-၂) ဟံသာဝတီယူနိုက်တက်

ငါးပွဲဆက် အနိုင်ရလဒ်နဲ့အတူ သုံးပွဲဆက် ဂိုးသွင်းတဲ့ ဒွေးကိုကိုချစ်
နည်းပြချုပ် ဦးအောင်နိုင်ရဲ့ ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းက အကောင်းဆုံးပုံစံနဲ့အတူ ငါးပွဲဆက်နိုင်ပွဲ ရရှိထားပြီး ပွဲစဉ်(၁၄)မှာလည်း အမှားအယွင်းမရှိ ရှေ့ခရီးဆက်နိုင်ခဲ့ပါတယ်။ ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ ဟံသာဝတီယူနိုက်တက်အသင်းကို အကြိတ်အနယ်ကစားပြီး ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပွဲမတိုင်ခင်ကတည်းက ရှမ်းယူနိုက်တက်-ဟံသာဝတီယူနိုက်တက်ပွဲက အများရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရတဲ့နည်းတူ ပွဲကစားတဲ့အခါမှာလည်း ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ရှမ်းအသင်းအတွက် ဇွဲသက်ပိုင်၊ မက်ဆီမင်(ပင်နယ်တီ)၊ ဒွေးကိုကိုချစ်နဲ့ ဟိန်းဖြိုးဝင်းတို့ တစ်ဂိုးစီ သွင်းယူခဲ့ပြီး ဟံသာဝတီအသင်းအတွက် ဒေါ်နယ်ဘစ်ဆာ(ပင်နယ်တီ)နဲ့ ဟိန်းထက်အောင်တို့က ပြစ်ဒဏ်ဘောကနေ သွင်းယူပေးခဲ့ပါတယ်။ တိုက်စစ်မှူး ဒွေးကိုကိုချစ်က ဒီပွဲစဉ်အပါအဝင် သုံးပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်(၃-၁) မကွေးအက်ဖ်စီ

ဦးဆောင်ဂိုးရခဲ့ပေမယ့် ရှုံးပွဲကြုံခဲ့ရပြန်တဲ့ မကွေး
နိုင်ပွဲပြန်လည်ရရှိဖို့ မကွေးအသင်း ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။ ၃၁ မိနစ်မှာ တိုက်စစ်မှူး ပြည်မိုးက ဦးဆောင်ဂိုးကို လှလှပပ သွင်းယူခဲ့ပေမယ့် ၃၆၊ ၅၆၊ ၈၈ မိနစ်တွေမှာ ကောင်းထက်စိုး၊ အီမန်နျူရယ်နဲ့ ဘာဖိုတို့က ရန်ကုန်အတွက် တစ်ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ လူငယ်ကစားသမား ကောင်းထက်စိုးအနေနဲ့ ရန်ကုန်အသင်းအတွက် သုံးပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး နည်းပြ ဦးမင်းထွန်းလင်းအတွက်လည်း သုံးပွဲဆက် နိုင်ပွဲဖြစ်ခဲ့ပါတယ်။

ငါးပွဲမြောက်မှာ နိုင်ပွဲရရှိခဲ့တဲ့ ရခိုင်ယူနိုက်တက်
နိုင်ပွဲတွေနဲ့ ဝေးကွာနေခဲ့တဲ့ ရခိုင်ယူနိုက်တက်အသင်း ပွဲစဉ် (၁၄) မှာ တည်ငြိမ်မင်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ စစ်ကိုင်းယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ တစ်နည်းအားဖြင့် ပြိုင်ပွဲတွေ ရပ်နားထားပြီးနောက်ပိုင်း ပြန်လည်စတင်ချိန်မှာ ငါးပွဲမြောက်မှာမှ ရခိုင်အသင်း နိုင်ပွဲပြန်ရခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် ရခိုင်အသင်းက ကစားသမားနှစ်ယောက် အနီကဒ်ပြ ထုတ်ပယ်ခံခဲ့ရလို့ လာမယ့်ပွဲစဉ်တွေအတွက်တော့ အခက်အခဲ ဖြစ်ပေါ်နိုင်ပါတယ်။ ပြိုင်ဘက်စစ်ကိုင်းအသင်းကတော့ ရှုံးပွဲဆက်နေဆဲဖြစ်ပြီး ပွဲစဉ်(၁၅)မှာလည်း ဟံသာဝတီယူနိုက်တက်အသင်းနဲ့ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲကို ရင်ဆိုင်သွားရဖို့ ရှိနေပါတယ်။

ရတနာပုံ(၂-၃) ဧရာဝတီယူနိုက်တက်
ရတနာပုံ(၂-၃) ဧရာဝတီယူနိုက်တက်

ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပေမယ့် ရလဒ်ပိုင်းမှာ အရေးနိမ့်ခဲ့တဲ့ ရတနာပုံ
ရတနာပုံ-ဧရာဝတီယူနိုက်တက်ပွဲစဉ်က ဘောလုံးပွဲတစ်ပွဲရဲ့ ရသကို အပြည့်အဝဖော်ဆောင်ပေးနိုင်ခဲ့တဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ သာ မဖြစ်ပေါ်ခဲ့ဘူးဆိုရင် ဒီလိုပွဲမျိုး ဒီလိုအခိုက်အတန့်မျိုးကို ပရိသတ်တွေ မြင်တွေ့ခံစားခွင့် ရရှိမှာပဲဆိုတဲ့ အတွေးကိုပါ ခေါင်းထဲ ဝင်ရောက်စေခဲ့တဲ့အထိပဲ ဖြစ်ပါတယ်။ ပွဲမှာ ဧရာဝတီယူနိုက်တက်အသင်း ကစားပုံကောင်းခဲ့တယ် နိုင်ပွဲရခဲ့တယ်ဆိုပေမယ့် ပြိုင်ဘက်ရတနာပုံအသင်းက ပိုကောင်းခဲ့တာဖြစ်ပါတယ်။ ဖိအားပေးတွေရောက် ရောက်နေခဲ့တဲ့ ရတနာပုံအသင်း ပြင်ဆင်မှု ကောင်းကောင်း ပြုလုပ်လာခဲ့ပြီး ဧရာဝတီအသင်းရဲ့ ကွင်းလယ်ပိုင်းကိုပါ အသာရခဲ့တာ တွေ့ရပါတယ်။ ဦးဆောင်ဂိုးစတင်ရရှိခဲ့တဲ့အပြင် တိုက်စစ်မှူး ဝင်းနိုင်စိုး ခြေစွမ်းပြ နှစ်ဂိုးသွင်းယူပေးခဲ့ပေမယ့် နိုင်ပွဲတစ်ပွဲအတွက် မလုံလောက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၇၃ မိနစ်မှာ ဟက်ထရစ်ဖြစ်စေမယ့် အခွင့်အရေးတစ်ကြိမ် ထပ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ တစ်ဦးတည်းသုံးဂိုးသွင်းပြီး ဧရာဝတီကို နိုင်ပွဲရယူပေးခဲ့တဲ့ ဆာဆက်စ်ကတော့ မြန်မာပြည်ရဲ့ မာနေးလို့တောာင် တင်စားရမလိုပါပဲ။ သွင်းဂိုးဆာလောင်မှု၊ အသင်းအတွက် နိုင်ပွဲရယူပေးလိုမှု၊ ကြုံရင်ကြုံသလို ဂိုးသွင်းယူနိုင်တဲ့ အဆုံးသတ်သေချာမှုတွေက ဆာဆက်စ်ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အရန်အင်အား တောင့်တင်းတဲ့အချက်ကလည်း နိုင်ပွဲတစ်ပွဲကို ပုံဖော်ရာမှာ ဧရာဝတီအတွက် အထောက်အကူပြုခဲ့တာ တွေ့ရပါတယ်။

ISPE (ဝ-၀) ဆောက်သမ်းမြန်မာ

ရည်မှန်းချက်တွေ အထမမြောက်ခဲ့တဲ့ ISPE နဲ့ ဆောက်သမ်း
နှစ်သင်းစလုံးက သရေရလဒ်ထက် ပြတ်ပြတ်သားသား အနိုင်ရလဒ်အတွက် ကြိုးပမ်းခဲ့ကြတာပါ။ သို့ပေမယ့် ဂိုးဖန်တီးမှုအပိုင်းမှာ နှစ်သင်းစလုံးအားနည်းခဲ့ပြီး ထိရောက်တဲ့ ဂိုးပေါက်ကန်သွင်းမှုကလည်း နှစ်သင်းပေါင်းမှ ခြောက်ကြိမ်သာ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ အဆင့် ရပ်တည်မှုက မူလအတိုင်း ပြောင်းလဲခဲ့ခြင်း မရှိဘဲ ISPE အသင်းက အဆင့် ၈ နဲ့ ဆောက်သမ်းမြန်မာအသင်းက အဆင့် ၁၀ နေရာမှာဆက်လက်ရပ်တည်နေပါတယ်။ ပွဲစဉ်(၁၅)မှာ ဆောက်သမ်းအသင်းက ရန်ကုန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ISPE အသင်းက ဧရာဝတီအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာပါ။