စက်တင်ဘာ ၈ ရက်က Y.U.S.C ကွင်း၌ ကျင်းပခဲ့သည့် ရတနာပုံအက်ဖ်စီ-ဧရာဝတီယူနိုက်တက်ပွဲစဉ်မှ ဖြစ်ရပ်အတွက် ယင်းဖြစ်ရပ်တွင် ပါဝင်ခဲ့သူများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးမှ ဒဏ်ကြေးငွေနှင့် ပွဲပယ်ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။
ရတနာပုံအက်ဖ်စီ (၂-၃) ဧရာဝတီယူနိုက်တက် ရလဒ်ထွက်ပေါ်ခဲ့သည့် ယင်းပွဲစဉ်၏ ပွဲကစားချိန် ၈၉ မိနစ်အရောက်တွင် နှစ်ဖက်ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရတနာပုံအသင်းမှ ကျောနံပါတ် ၃၂ အောင်ဝဏ္ဏစိုး၊ ကျောနံပါတ် ၁၀ စည်သူအောင်နှင့် ဧရာဝတီယူနိုက်တက်အသင်းမှ ကျောနံပါတ် ၁၂ ကျော်ဇင်လွင်တို့ တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
ထို့ကြောင့် အဆိုပါ ကစာသမားများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး (MNL Regulations 2020) စည်းမျဉ်း/စည်းကမ်း အခန်း(၆) စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၂)အရ အနီးစပ်ဆုံးနှစ်ပွဲစီ ကွင်းအတွင်း ဝင်ရောက်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် ၂ သိန်းစီ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။