ISPE နှင့် ပွဲစဉ်တွင် တိုက်စစ်မှူး ဆာဆက်စ်အပြင် အဓိက ကစားသမားနှစ်ဦးကိုပါ လက်လွှတ်ရမည့် ဧရာဝတီ

September 10, 2020

ပြိုင်ပွဲအတွက် အရေးပါတဲ့ အခိုက်အတန့်ကို ရောက်ရှိလာချိန်မှာ ဧရာဝတီယူနိုက်တက်အသင်းအတွက် ထိုးနှက်ချက်တစ်ရပ်က ဆီးကြိုလို့နေခဲ့ပါပြီ။

ISPE FC အသင်းနဲ့ ရင်ဆိုင်ရမယ့် ယခုတစ်ပတ်ပွဲစဉ်မှာ အသင်းရဲ့ ဂိုးသွင်းစက်လို့ တင်စားရမယ့် တိုက်စစ်မှူး ဆာဆက်စ်အပြင် ကွင်းလယ်က လွင်မိုးအောင်နဲ့ နောက်ခံလူ ကျော်ဇင်လွင်တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာပဲ ဖြစ်ပါတယ်။

တိုက်စစ်မှူး ဆာဆက်စ်နဲ့ လွင်မိုးအောင်တို့ အနေဖြင့် ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အဝါကတ် သုံးကြိမ် ပြည့်သွားခဲ့လို့
တစ်ပွဲပယ် ပြစ်ဒဏ်ကျခံရတာဖြစ်ပြီး ကျော်ဇင်လွင်ကတော့ ရတနာပုံနဲ့ပွဲမှာ တိုက်ရိုက်အနီကတ်ကြောင့် (၂)ပွဲပယ် ကျခံရတာပဲ ဖြစ်ပါတယ်။

ဒီကစားသမားတွေဟာ ဧရာဝတီယူနိုက်တက်အသင်းရဲ့ အသက်သွေးကြောတွေအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး ပွဲစဉ်တိုင်းမှာလည်း ပွဲထွက်ကစားသမားတွေအဖြစ် ခြေစွမ်းပြ ကစားနေသူတွေပါ။
ဒါကြောင့် အသင်းကြီးတွေကို အခက်တွေ့အောင် ကစားလေ့ရှိတဲ့ ISPE အသင်းနဲ့ ပွဲစဉ်အတွက် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းအတွက်တော့ ခေါင်းခဲစရာ ကိစ္စတစ်ရပ်ပါပဲ။