ထိပ်ဆုံး ၄ သင်း အတွက် အမှတ်တွေ အပွန်းပဲ့မခံတဲ့အချိန်နဲ့ MPT မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၅ အနေအထား

September 11, 2020

ထွန်းထွန်းဦး(လှိုင်)

MPT မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၅) ဒီနေ့ကစားမယ်။ ပြီးတော့ ပြောစရာများတယ်။
အထူးသဖြင့် အမှတ်ပေးဇယား ထိပ်ဆုံး ရောက်နေတဲ့ အသင်းတွေအားလုံး ရပ်တည်မှုနဲ့ ချန်ပီယံဆု အတွက် ဆက်လက်ရုန်းကန်ကြရဦးမယ်။ တစ်နည်းအားဖြင့် အမှတ်တွေ အပွန်းပဲ့ မခံနိုင်တော့တဲ့အချိန်ဖြစ်တယ်။ ရာသီသိမ်းဖို့ကလည်း ဒီနေ့ပွဲအပါအဝင် ၆ ပွဲသာလိုပါတော့ တယ်။ ဒါကြောင့် လက်ကျန်ပွဲတွေမှာ ချန်ပီယံဖြစ်ဖို့အတွက် နည်းနည်းဆို နည်းနည်းလေးမှ အထိခိုက်မခံတဲ့ အခြေအနေအမျိုး ဖြစ်လာတယ်လို့ပြောဖြစ်တာပါပဲ။

အထူးသဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးရောက်နေတဲ့ ၄ သင်းပါ။ ထိပ်ဆုံးရောက် နှစ်သင်းဖြစ်တဲ့ ဟံသာဝတီရော၊ ဧရာဝတီပါ၊ ပွဲစဉ် ၁၄ အပြီးမှာ ရမှတ်တွေ ညီသွားကြပြီ။ ရမှတ် ၃၀ စီ နဲ့ ထိပ်ဆုံးနေရာကိုလု နေပြီ။ လောလောဆယ်မှာ ဂိုးကွာခြားချက် တူညီနေတယ်ဆိုပေမယ့် သွင်းဂိုး အရေအတွက် အရ ဟံသာဝတီက တစ်ဂိုးအသာ ရနေသေးတာကြောင့် ထိပ်ဆုံးနေရာကို ဦးထားတယ်။

ပြီးတော့ ရန်ကုန်နဲ့ရှမ်း၊ ဒီနှစ်သင်းကလည်း အဆင့် ၃ နဲ့ အဆင့် ၄ မှာ တူညီ ရမှတ် ၂၆ မှတ် စီနဲ့ အသီးသီးရပ်တည်နေတယ်။ ထိပ်ဆုံးရောက် နှစ်သင်းနဲ့ ဒီနှစ်သင်းကြားမှာ အမှတ် ကွာဟ နေတာက ၄ မှတ်၊ ဒီတော့ ဖိအားပေးပြန်ကျော်တက်နိုင်ခွင့်တွေ ပွဲစဉ် ၁၅ မှာ ရန်ကုန်နဲ့ရှမ်းက လိုအပ်တာကို အရယူပြကြဦးမလား။

ပြီးတော့ ရှမ်းနဲ့ရန်ကုန်ဟာ ပွဲစဉ် ၁၆ ရောက်တာနဲ့ ဒီနှစ် သင်းထိပ်တိုက်ပြန်ဆုံ အမှတ် လုဖို့ကလည်း ရှိနေတာကြောင့် အခုကစားကြမယ့် ပွဲစဉ် ၁၅ မှာ နှစ်သင်းစလုံး လိုအပ်တာကို အထိမိဆုံးယူပြဖို့ မဖြစ်မနေနဲ့ အခွင့်အရေးအသီးသီး ယူထားနိုင်မှာဖြစ်မယ်ဆိုတာ အရင်ဆုံးပြော ထားချင်သေးတယ်။

ပွဲစဉ် ၁၅ ရဲ့ပထမနေ့ ၃ ပွဲမှာ စစ်ကိုင်း-ဟံသာဝတီ၊ ရှမ်း- မကွေး၊ ရတနာပုံ-ရခိုင် ပွဲရှိတယ်။ ဒုတိယနေ့မှာ ရန်ကုန်-ဆောက်သမ်း၊ ISPE-ဧရာဝတီ ပွဲရှိနေတယ်။ ဒါကြောင့် ဒုတိယနေ့ ကစားမယ့် ရန်ကုန်နဲ့ဧရာဝတီဟာ ပထမနေ့မှာ ကစားကြ မယ့် ရှမ်းနဲ့ ဟံသာဝတီပွဲဲ ကိုကြည့် ပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင်ဖို့ အခွင့်အရေး ဆိုတာ ရယူနိုင် မယ့် သဘော ရှိတယ်။

ပြီးရင် ထပ်ပြောချင်တာက ပြိုင်ပွဲဝင်အသင်းတိုင်းရဲ့ အနေအထားအပိုင်းပဲဖြစ်တယ်။ ဟုတ်ပါ တယ်။ နားရက်နည်းပြီး ဆက်တိုက်နွဲနေရတဲ့ ဒီကာလမှာ အသင်းတိုင်းအတွက် ပွဲပန်းတယ် ဆိုတာ ချို(ဂျို)နဲ့လား လို့ မေးရလောက်အောင်ပါပဲ။ ၈ ရက် မှာ ၃ ပွဲအထိ ကစားနေကြရတဲ့ အခိုက်အတန့်မှာတောင် ကစားသမားတွေရဲ့ခြေစွမ်းတွေက လန်းဆန်း တက်ကြွနေ လိုက်ကြ တာများ အံ့အားသင့် ဖွယ်ရာပါပဲ။ ပြိုင်ပွဲတိုင်းမှာ မိနစ် ၉၀ လုံးလုံးကစားအားမချပဲနဲ့ ကို အနိုင်ပွဲရဖို့ တရစပ်ပြိုင်ဆိုင် နေကြတာဟာ ပရိသတ်များ အတွက် စိတ်လှုပ်ရှားစရာဖြစ်စေတယ်။ နိုင်ပွဲတွေ ရဖို့ ပြိုင်ဆိုင်မှုပြင်း ထန်တဲ့ အစိတ်အပိုင်းတွေက ပွဲစဉ်တိုင်းလိုလိုမှာ တရစပ်တွေ့လာကြရပြီ မဟုတ်ပါလား။ (ပြောမယ့်သာပြောရတာပါ၊ အချို့အသင်းတွေမှာ စိတ်မာန်တင်းပြီးသာ ရုန်းနေရတယ်။ အရန် အင်အားမတောင့်တင်းတော့ ပွဲကစားရင်း ဒဏ်ရာရသွားလည်း ထော့နဲ့ထော့နဲ့ နဲ့ကွင်းထဲမှာ ဆက်လက်ရုန်းနေရတာတွေရှိတယ်။ ဒါတွေကို မြင်ရပြန်တော့ လည်း စိတ်မကောင်း ဖြစ်ရတယ်။ )

အခုပဲကြည့်…
ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုတွေဟာ နီးနီးကပ်ကပ်နဲ့ အကြိတ်အနယ်ဖြစ်လာကြသလို ရပ်တည်မှုများ ကလည်း အမှတ်ကွာဟမှုအပိုင်းမှာပါ ကျဉ်းမြောင်းလာကြပြန်လို့ ယခင်နှစ်တွေ ကလိုမျိုး နောက်ဆုံးပိတ် ပန်းအဝင်အထိ အပြိုင်အဆိုင်နဲ့ဆိုတော့ ဆိုင်ရာပရိသတ်တွေ အဖို့ဒီအပေါ်မှာ ရင်ခုန်နေ ကြရဦးမယ်ထင်တယ်။ ဒီတော့ ဒီနေ့ကစားမယ့် ပွဲစဉ် ၁၅ မှာ ဘယ်လို အလှည့်အပြောင်းများ ဖြစ်လာကြမလဲ၊ အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက်ကရော အပြောင်းအလဲရှိနိုင်မလား။ ဟံသာဝတီ ပရိသတ်များ နည်းတူ၊ ဧရာဝတီ ပရိသတ်တွေကလည်း စိတ်ဝင်စားဖြစ်နေတယ်။ အထူးသဖြင့် ခြေမှန်နေတဲ့ ရန်ကုန်နဲ့ရှမ်း အသင်း ပရိသတ်တွေပါ၊ သူတို့တွေကလည်း ထိပ်ဆုံးနှစ်သင်း ခြေချော် လက်ချော်ဖြစ်လာဦးမလားဆိုတာ ရပ်တည်မှုတွေ နဲ့ပတ်သက်ပြီး စောင့်ကြည့်ရင်ခုန် နေကြပြန်တယ်။

အရင်ဆုံးပြောဖြစ်တာက အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေတဲ့ ဟံသာဝတီပါ၊ ဟံသာဝတီက စစ်ကိုင်းနဲ့ဒီနေ့ကစားရမယ်။ လိုအပ်တာရယူဖို့ ရုန်းရဦးမယ်နဲ့တူတယ်။ စစ်ကိုင်းကလည်း နိုင်ပွဲမရသေးပေမယ့် ပြင်ဆင်မှုတွေ တစ်ပွဲထက်တစ်ပွဲ ပိုပိုကောင်းလာတယ်။ ဒီတော့ ဟံသာဝတီအတွက် ၃ မှတ်ရဖို့ အတော်လေးကို ရုန်းရနိုင်မယ်။ ပြီးတော့ ပွဲစဉ် ၁၄ မှာ ရှမ်းကို အရေးနိမ့်ထားတဲ့ ဒဏ် နဲ့ ကစားသမား တစ်ယောက် အထုတ်ခံရပြီး အကြိတ် အနယ်လိုက်ကစားရတဲ့ဟန်တွေက စစ်ကိုင်းနဲ့ပွဲအထိ သက်ရောက်မှု တွေပါလာမလား။
အထူးသဖြင့် ဟံသာဝတီရဲ့ ပွဲထွက် ကစားသမားတော်တော်များများဟာ ဆက်တိုက်နီးပါး ဒီလူတွေနဲ့ချည်း ရုန်းကန်ကစားနေရတာကြောင့် ရှမ်းနဲ့ပွဲမှာ ညှစ်ကစားထားတဲ့ ဒဏ်တွေ နဲ့ပါပေါင်းရင် စစ်ကိုင်းနဲ့ပွဲအပေါ် အပြောင်းအလဲရှိနိုင်တယ်။ အဲ့ဒါ အပြင် တိုက်စစ်မှူး ဘစ်ဆာကြံ့ခိုင်မှုပြည့်ဝနေမှာလား။ သူမပါရင် အီမီကာ တစ်ယောက် တည်း ရုန်းရမယ်။
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါပဲ။ ပွဲစဉ် ၇ မှာတုန်းက စစ်ကိုင်းနဲ့တွေ့တော့ တစ်လုံးတည်း သော အနိုင်ဂိုးကို ဟံသာဝတီအတွက် သွင်းပေးထားတဲ့ အောင်မျိုးသူရကလည်း ရှမ်းနဲ့ပွဲမှာ အနီကတ်ထိထားလို့ အခုဒုတိယအကျော့ ကစားမယ့် ဒီနေ့ပွဲ လွဲချော်ပါတယ်။
ပြီးတော့ ဟိန်းထက်အောင်ရဲ့ တိုးအားနဲ့ လာဒင်မော်ရာရဲ့ ကွင်းလယ်စွမ်းဆောင်နိုင်မှုတွေ ဟာ ထိရောက်အောင် စစ်ကိုင်းနဲ့ အတွေ့မှာ အားပြိုင်နိုင်မလား။ စစ်ကိုင်းကတော့ အခုအချိန် အထိ နိုင်ပွဲမရသေးဘူး။ ဒါပေမယ့် ပထမအကျော့တုန်းကလို ဖိအားပေးပြီး ကစားဖို့ အသင့်ရှိနေလိမ့်မယ်။

စစ်ကိုင်းကတော့ ဇွန်မိုးအောင်ရဲ့ လုပ်အားနှုန်းနဲ့ အတူ ပြီးခဲ့တဲ့ ရခိုင်နဲ့ပွဲမှာ တရစပ် ရုန်းခဲ့ကန်ခဲ့တာတွေ၊ ဂိုးအဖြစ် ပြောင်းလဲဖို့ ပွဲသိမ်း နောက်ဆုံး စက္ကန့်များအထိ ချေပဂိုးရဖို့ အတော်လေးကို နီးစပ်ခဲ့တာတွေရှိပေမယ့် အဆုံးသပ်အပိုင်းမှာ လွဲချော်မှု တွေကြီးမားခဲ့လို့ ပြိုင်ဘက် ရခိုင်မှ လူ ၂ နှစ်ယောက် အထုတ်ခံရတာတောင် စစ်ကိုင်း အသာရအောင် မလုပ်နိုင်ခဲ့တာက မှတ်မှတ်ထင်ထင်ရှိခဲ့တယ်။ ဒီနေ့မှာ စစ်ကိုင်း မှားလို့မရဘူး။ ပြိုင်ဘက်ကို ဖိအားပေး ဖို့လုပ်ရမယ်။ ပက်ထရစ်၊ ဖရိုင်းဒေး စတဲ့ ကစားအားကောင်းသူတွေနဲ့ ဇွန်မိုးအောင်တို့ ဂိုးရဖို့ တိုးမှရမယ်။ အသင်းကြီး တွေနဲ့ဆုံရင် အဖွင့်ဂိုး အရယူတတ်ပေမယ့် ခံစစ်တန်း ပြဿနာက ပွဲတိုင်းပေးပြီး အရန်လူအင်အား မတောင့်တင်းနိုင်တဲ့အပိုင်းမှာ ဦးဇော်လင်းထွန်းဘယ်လိုမျိုး ပြင်ဆင်ထား မလဲ။ ပြီးတော့ ဦးမျိုးမင်းထွန်းနဲ့လည်း ကစားဖော် သူငယ်ချင်းကောင်းတွေ ဖြစ်နေ တာကြောင့် အဲ့ဒီအပိုင်းအပေါ်မှာ ပရိုဆန်တဲ့ နည်းပြနှစ်ဦးရဲ့ လုပ်ပုံကိုင်ပုံတွေကို ကြည့်ချင်တယ်။

အထူးသဖြင့် ဟံသာဝတီပါ၊ ဧရာဝတီ၊ ရန်ကုန်နဲ့ရှမ်းက ဖိအားလိုက်ပေးပြီး နေရာလုနေပြီ၊ ဒီနေ့မှာ ဟံသာဝတီ ရှုံးလို့မရသလို သရေကျရင်တောင် ထိပ်ဆုံးနေရာအတွက် ဖယ်ပေးရမယ့် အရေးနဲ့တိုးနိုင်သေးတယ်။ ဒီတော့ စစ်ကိုင်းကို အသာရအောင်တိုက်နိုင်ဖို့လိုတယ်။ ဒီပွဲပြီးရင် ဟံသာဝတီက ရခိုင်နဲ့တွေ့မှာလေ။ စစ်ကိုင်းကလည်း ဧရာဝတီနဲ့ဆိုတော့ အခုပွဲက လိုအပ်တာ ထက်ပိုပြီး အမှတ်လုကြပြီဖြစ်တယ်။

ပြီးတော့ရှမ်းနဲ့မကွေးပါ၊ ရှမ်းကလည်း ကိုဗစ်အလွန်ပြန်ကစားတဲ့ပွဲတွေမှာ လုံးဝကို အမှားမခံပဲ နဲ့ အရှုံးမရှိပဲ အနိုင်ပွဲတွေဆက်တိုက်ရယူထားတဲ့အသင်းဖြစ်တယ်။ အရန်အင်အား၊ နည်းစနစ် နဲ့ နည်းပြလူစားလဲမှုတွေက နောက်ဆုံး ၂ ပွဲမှာ သိပ်ထိရောက်တယ်။ ကစားသမားတွေရော၊ နည်းပြပါ အကွက်တွေ စေ့လာတယ်။ သူ့နေရာနဲ့သူထောင့်စေ့နေတယ်။ ဒုတိယပိုင်း ရုန်းအား နဲ့ ဂိုးသွင်းနှုန်းတွေက ရှမ်း အကောင်းဆုံးဖြစ်တယ်။ ပြီးတော့ ဇွဲသက်ပိုင်၊ အဘူဘာကာ၊ ဒေးဗစ်ထန်တို့ရဲ့ ညာခြမ်းသွားနိုင်တဲ့ အားက တော်တော် လေးကို ကောင်းတယ်။ ဟိန်းဖြိုးဝင်း ဝင်လာရင် ဒေးဗစ် ကွင်းလယ်တောင်ပံအထိ တက် ကစားပြီး တိုက်စစ်လိုက်ပါရင်း သူ့ဖြန့်ပေးတဲ့ဘောလုံးတွေက သိပ်ကောင်းတယ်။ နောက်ပြီး အတွေ့အကြုံရင့် နန္ဒကျော်ဦးဆောင်တဲ့ ခံစစ်ကလည်း ပြိုင်ဘက် တိုက်စစ်တိုင်းကို အမှားမရှိ အောင် ကာကွယ်ထားနိုင်တာကြောင့် မဆိုးဘူးပြောရမယ်။ ဟံသာဝတီနဲ့ပွဲမှာတော့ ဒုတိယ ပိုင်း ကစားအား တော်တော်လေးကိုကောင်းတယ်။ ဒီနှုန်းနဲ့ပဲ မကွေးကို ရင်ဆိုင်လိမ့်မယ်။
မကွေးကတော့ အဆုံးသပ်တွေ တိကျဖို့လိုတယ်။ ရန်ကုန်နဲ့ပွဲမှာ အကောင်းဆုံးပုံစံ ကောင်းထုတ် ပြနိုင်ခဲ့ပေမယ့်လည်း အရန်အင်အား နဲ့ ကစားအားအပိုင်းမှာသာမက နိုင်ငံခြား သားကစားသမားတွေ မပါပဲနဲ့ ခရီးဆက်နေတဲ့ အရှိန်က အတိုင်းအတာတစ်ခုအောက်မှာ တန့် သွားသလိုပါပဲ။

ပြည်မိုး၊ စစ်မုန်း၊ သီဟ၊ နိုင်နိုင်ကျော်တို့ အဝေးကန်ချက်တွေ၊ အခွင့် ရေးကောင်းတွေ ထိထိမိမိနဲ့ အရယူနိုင်ခွင့် ရှိထားဖို့လိုတယ်။ နို့မိုဆိုရင်မလွယ်ဘူး။ ရှမ်းလို အသင်းက ဧရာယာထဲအထိ ဆွဲပြေးကန်သွင်းဖို့ဆိုတာ မကွေးရဲ့အတွက် ထင်သလို မလွယ်လှပါဘူး။ ရှမ်းရဲ့ တောင်ပံတိုက်စစ်တွေ၊ ဖြတ်တင်ဘောတွေကို ဝင်းမိုးကျော်နဲ့ကျော်သူထွန်းတို့ အမိ အရကာ ကွယ်ထားဖို့အရေးကြီးသလို ဂိုးသမားစိုးအာကာရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေ ကောင်းဖို့ပါ လိုနေတယ်။ နိုင်ပွဲပျောက်နေတဲ့ မကွေးနဲ့နိုင်ပွဲဆက်နေတဲ့ ရှမ်းပွဲစဉ်ကလည်း ဒီနေ့မှာ ကြည့် ကောင်းနေလိမ့်ဦးမယ်ဆိုတာ သေချာတယ်။

ရတနာပုံနဲ့ရခိုင်ပွဲမှာတော့ ကစားသမားတွေ ပွဲပယ်အသီးသီးခံထားရတာကြောင့် အခက်ကြုံ စရာလေး တွေရှိနိုင်တယ်။ ရတနာပုံမှာ အောင်ဝဏ္ဏစိုးနဲ့စည်သူအောင် ၊ ရခိုင်မှာ သက်ထွန်း အောင်နဲ့ ချမ်းဦး တို့မပါနိုင်ဘူး။ ရတနာပုံထက် ရခိုင်ကစားသမားတွေပွဲပယ်ခံထိထားတာက ဒီပွဲအတွက် နစ်နာတယ်။ ချမ်းဦးရဲ့ ကွင်းလယ် ဦးဆောင် တိုက်စစ်က သိပ်ပြီး တာ သွား ထိရောက်သလို သက်ထွန်းအောင်ရဲ့ ကစားအားကလည်း ကွင်းလယ်မှာ ပွဲတိုင်းကောင်းမွန်ခဲ့ တာတွေ့ရမယ်။ ဒီတော့ နိုင်ပွဲဝေးနေတဲ့ ရတနာပုံ ရဲ့ တိုက်စစ်ကို ရခိုင်ဟာ ရှိတဲ့ လူတွေနဲ့ထိန်းချုပ်ကာ တိုက်စစ် ဖွင့်နိုင်မလား၊ တည်ငြိမ်မင်းရဲ့ ဂိုးသွင်းအားကို မျှော်ကိုးပြီး ကွင်းလယ်က အလက် ဇန်းဒါးရဲ့ပါးနပ်မှုနဲ့အတူ ခံစစ်မှာ မင်းကိုသူ ဂိုးသမားဗန်လားဟာရွယ်ရဲ့ လက်စွမ်းနဲ့ နိုင်ပွဲ လိုအပ်နေတဲ့ ရတနာပုံ ထိုးစစ်ကို ကာကွယ်နိုင်မလားဆိုတာ ကြည့်ရမယ်။

ပွဲစဉ် ၁၁ မှာတုန်းက ဒီနှစ်သင်း အခု လိုမျိုး YUFC ကွင်းမှာ ဆုံတော့ မျိုးကိုထွန်း ဟတ်ထရစ်နဲ့ ဝင်းနိုင်စိုးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၄-၁ နဲ့နိုင်ခဲ့တာ ပူပူနွေးနွေးရှိသေးတယ်။ သီဟက အဖွင့်ဂိုးကို ၉ မိနစ်မှာ သွင်းပြီး ကျန်တဲ့ခြေပဂိုးတွေ တရစပ်ပြန်ပေးခဲ့ရတာလေ၊ မျိုးကိုထွန်းကို လွှတ်ထားတဲ့ ဒဏ်ကိုအကြီးအကျယ်ခံလိုက်ရတာမှတ်မိနေပါသေးတယ်။ အခုပြန်တွေ့ကြပါပြီ။ လက်စားချေခွင့်ကို မကွေးရယူနိုင်မလား၊ ဒါမှမဟုတ် မကွေး အမှားနှစ်ခါဆင့် အရှုံး ကိုလက်ခံ ယူဦးမလားဆိုတာ ကြည့်ရမယ်။

ဒုတိယနေ့မှာတော့ ရန်ကုန်က ဆောက်သမ်းနဲ့ကစားရမယ်။ ပွဲစဉ် ၆ မှာတုန်းက ရန်ကုန်က ရာမညကွင်းမှာ သန်းပိုင်ရဲ့ ၇၈ မိနစ် မှာသွင်းခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့နိုင်ခဲ့တာပါ။ အခုတော့ ပြန်တွေ့ပြီ၊ ရန်ကုန်က အခုအချိန်မှာ အစစအရာကွာသွားတဲ့ ကစားအားနဲ့ လူအင်အား ကောင်းကောင်းစုဖွဲ့မှုရနေတယ်။ နည်းပြသစ် ဦးမင်းထွန်းလင်းကလည်း ပွဲတိုင်း ရန်ကုန် ယူနိုက်တက်ကို အနိုင်ပွဲရအောင် သွန်သင်မှုတွေ လုပ်ပေးထားတယ်။ ၃ ပွဲဆက် ပြိုင်ဘက်တွေကို ၃-၁ နဲ့နိုင်အောင်လုပ်ပြထားတယ်။ ဆောက်သမ်းကလည်း တစ်ပွဲပြီးတစ်ပွဲတိုးတက်လာတယ်။ ရှိုင်းသူရလည်းပြန်ကောင်းလာပြီ။ လူငယ်တွေကို တွန်းတင် ဦးစားပေးကစားလာလို့ ကစားဟန်မာကျောမှုက ဒီပွဲမှာ ထိမိနေဦးမှာ လား၊ ဦးကျော်မင်းရဲ့အသင်းကလည်းနိုင်ပွဲရဖို့ ရန်ကုန်ရဲ့ ရုန်းအားကောင်းတဲ့ထိုးစစ်ကို အမိ အရနဲ့ ပိတ်ဆို့ထားဦးမှာပါ။

ရန်ကုန်နည်းပြ ဦးမင်းထွန်းလင်းအနေနဲ့ ပြိုင်ဘက်ကို လျော့တွက်ပြီး လူအင်အားကို အပြည့် မသုံးရင်မလွယ်ဘူး။ ငြိမ်းချမ်းအောင်၊ မောင်မောင်ဝင်း၊ မောင်မောင်လွင်၊ ရန်နိုင်ဦးတို့ရဲ့ လုပ်အားနှုန်းက အတော်လေးကို ကောင်းတယ်။ နိုင်ငံ့လက်ရွေးစင်တွေဖြစ်နေ တာကြောင့် လည်း အတွေ့အကြုံပိုင်းမှာရော နားလည်မှုအပိုင်းမှာ ဆောက်သမ်းက လူငယ် တွေ ထက် အတွေ့အကြုံပိုနေလိမ့်မယ်။ တစ်ခုပဲ ရန်ကုန် အနေနဲ့ မကွေးနဲ့ပွဲတုန်းက လို ဘောလုံးသွားတာတွေ ထိထိမိမိရှိနေဖို့ပါပဲ၊ ငြိမ်းချမ်းအောင်ပါလာရင်တော့ သူ့ရဲ့ တိကျမှု မြင့်တဲ့ဘောလုံးအပေးအပို့တွေ မောင်မောင် ဝင်းရဲ့ တိုက်စစ်ကိုထိရောက်စေမယ့် အပေးအပို့ တွေနဲ့ အတူ တစ်ဖက်ကစားသမားတွေကို ရန်နိုင်ဦးနဲ့အတူ ဟန့်တားဖျက်တောက်မှုတွေမှာ ကြည့်ကောင်းနေလိမ့်မယ်။

ဆောက်သမ်းကလည်း ဧရာဝတီကို ခံကန်ပြီးသရေယူထားတဲ့အသင်းဖြစ်သလို မထင်ရင် မထင်သလို ပြိုင်ဘက်ကောင်းသလောက် လိုက်ကောင်းတတ်တဲ့အသင်းဖြစ်တယ်။ ဒီတော့ ဆောက်သမ်းရဲ့ စုဖွဲ့မှုအောက်မှာ ရန်ကုန်တိုက်စစ်ကို မရမကလိုက်ထိန်းချုပ်ဖို့ရှိနေမှာပါ။ ဟံသာဝတီနဲ့ကစားခဲ့တဲ့ ပုံစံမျိုး ရန်ကုန်ကိုလည်း အခက်တွေ့အောင်လုပ်ပါလိမ့်မယ်။ ဒီတော့ ရန်ကုန်တိုက်စစ်အနေနဲ့ ရတဲ့အခွင့်အရေးကို ဘာဖိုနဲ့အီမန်နူရယ်အပြင် ကောင်းထက်စိုးရဲ့ ဂိုးလာဘ်လေး ထပ်ပွင့်နိုင်မလားဆိုတာ ကြည့်ရပါလိမ့်မယ်။ အဲ့ဒါအပြင် ဒုတိယနေ့မှာကစားရတာဖြစ်လို့ လိုအပ်တာကို ပြင်ဆင်ပြီး အမိအရယူဖို့ ရန်ကုန် အနေနဲ့အမှတ်ပေးဇယားအောက်ဆုံး အသင်းကို မပေါ့မလျော့ပဲနဲ့ကစားဖို့လိုလာပြီဆိုတာ ပြောထားရမယ်။

တစ်ဖက်မှာလည်း ဧရာဝတီက ISPE နဲ့ ကစားရမှာဆိုတော့ လိုချင်တာကို ဆက်လက် အောင်လံလွှင့်ယူဖို့ရှိနေမလား။ ကျော်ဇင်လွင် ပွဲပယ်ခံထိထားတယ်။ အားထားရတဲ့ MNL ဂိုးသွင်းဘုရင် ဆာဆက်ကလည်း ၃ ၀ါထိထားလို့လွင်မိုးအောင်လိုပဲ ၁ ပွဲပယ်ခံရမယ်။ ဒီပွဲကိုလွဲမယ်။ ဒီတော့ ဘယ်လိုမျိုးမဆို ဧရာဝတီတိုက်စစ်က အကဲစမ်းဖွယ်ရာဖြစ်နေတယ်။ သန်းထက်အောင် ရဲ့ ရုန်း အားနဲ့ ကစားရမယ့်ပွဲဖြစ်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူငယ်တွေ နဲ့စုဖွဲ့ထားတဲ့ ISPE လို အသင်းမျိုးကို လျော့တွက်ပြီး ကစားလို့ မရဘူး။ တစ်ဖက်အသင်းက မြန်တယ်။ မာတယ်။ ရုန်းတာကောင်းတယ်။ ပြီးတော့ ဂိုးသွင်းမသပ်ရပ်တာ လေးက လွဲရင် သူတို့တွေရဲ့ အချိတ်အဆက်မိမိ ကစားနိုင်မှုက အသင်းကြီးတွေကို အကျပ် ရိုက်စေတယ်။ ဒါတွေကြောင့်လည်း ဘယ်လိုမျိုးမဆို ဧရာဝတီအတွက်တော့ သေချာပေါက်ကို အသာရဖို့ဆိုရင် ပြိုင်ဘက်ကို ဒီလိုမျိုး အနေအထားမှာ စနစ်တကျနဲ့ အကွက်ချပြီး အသာရဖို့ လုပ်ထားနိုင်မှဖြစ်မယ်။ ဘောလုံးပွဲတွေမှာ မထင်မှတ်တာတွေကလည်း ဖြစ်တတ်တာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲမှာ ပရိသတ်မှန်းဆထားသလို ဖြစ်လာမလား၊ ဒါမှဟုတ် အနေအထား ပြောင်းသွား မလား ဆိုတာ ကြည့်ချင်မိနေတယ်။