MPT Myanmar National League 2020 ပွဲစဉ် (၁၅) မှာ ဧရာဝတီ၊ ရှမ်း၊ ရန်ကုန်၊ဟံသာဝတီ၊ ရတနာပုံအသင်းတို့ နိုင်ပွဲတွေရခဲ့ပြီး ဂိုးမြူးတဲ့ အပတ်စဉ်ဖြစ်ခဲ့တဲ့အပြင် အမှတ်ပေးဇယား အပြောင်းအလဲပါ ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။

အတိတ်က စစ်ကိုင်းယူနိုက်တက် မှန်ရဲ့လားဆိုတာ မေးခွန်းထုတ်ရတော့မယ့်အချိန်
ဟံသာဝတီယူနိုက်တက်အသင်းကို လေးဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် ငါးပွဲမှာ ပေးဂိုး ၁၉ ဂိုးခွင့်ပြုထားရတဲ့ ခံစစ်ပိုင်းယိုယွင်းမှုတွေက အတိတ်က စစ်ကိုင်းယူနိုက်တက်မှ ဟုတ်ပါလေစလို့ မေးခွန်းထုတ်ရမလိုပါပဲ။ ပြိုင်ဘက်တွေရဲ့ အလွယ်တကူ ချေမှုန်းခြင်းကို ခံနေရပြီး ပေးဂိုးစုစုပေါင်း ဂိုး ၃၀ အထိ ရှိလာခဲ့တာပါ။ စစ်ကိုင်းအသင်းရဲ့ လက်ရှိအနေအထားက အိပ်ပေါက်နဲ့ဖားကောက်တဲ့ ပုံစံမျိုးလည်း မဟုတ်ဘဲ တိုက်စစ်က နောက်ဆုံးငါးပွဲမှာ ၃ ဂိုးသာ ရရှိခဲ့တာလည်း သတိပြုမိပါတယ်။ ပုံမှန်ခြေစွမ်းပြန်ရဖို့အတွက် အချိန်ယူ တည်ဆောက်ရမယ့် သဘောမှာ ရှိနေပါတယ်။ ဟံသာဝတီယူနိုက်တက်အသင်းကတော့ ပြိုင်ဘက်အသင်းတွေ ရမှတ်တူအနေအထားနဲ့ ခြိမ်းခြောက်လာချိန်မှာ ရသမျှဂိုးတွေသွင်းပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်တည်မြဲဖို့ ကြိုးပမ်းခဲ့တာပါ။ သို့ပေမယ့် ပွဲစဉ်(၁၅) အပြီးမှာ ပြိုင်ဘက်အသင်းရဲ့ ခြေတစ်လှမ်းဦးသွားခြင်းကို ခံလိုက်ရတာကြောင့် အမှတ်ပေးဇယားကိုပါ ဧရာဝတီယူနိုက်တက်အသင်းထံ လွှဲပြောင်းပေးခဲ့ရပါတယ်။

ဝင်းနိုင်စိုးနှစ်ဂိုးသွင်းပြီး နိုင်ပွဲပြန်ရတဲ့ ရတနာပုံအက်ဖ်စီ
ရခိုင်ယူနိုက်တက်ကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး ရတနာပုံအသင်း ပြန်လာနိုင်ခဲ့တဲ့ပွဲစဉ်မှာ ဝင်းနိုင်စိုးက နှစ်ဂိုးသွင်းယူခဲ့ပြီး လှိုင်းဘိုဘိုက တစ်ဂိုးရယူပေးခဲ့ပါတယ်။ ဝင်းနိုင်စိုးအတွက် ဒီရာသီသူ့ရဲ့ ခြောက်ဂိုးမြောက်သွင်းဂိုး ဖြစ်လာခဲ့ပြီး ဂိုးထောင့်ကျဉ်းထဲကို တန်းတန်းမတ်မတ်ဝင်သွားတဲ့ လှိုင်းဘိုဘိုရဲ့ ဖရီးကစ်ကန်ချက်ကလည်း သေသပ်လွန်းခဲ့တာ တွေ့ရပါတယ်။ ဒုတိယပိုင်းမှာ ရခိုင်ယူနိုက်တက်အသင်းအတွက် တည်ငြိမ်မင်းက ခေါင်းတိုက်တစ်ဂိုး ရယူပေးခဲ့ပေမယ့် အလားတူဂိုးတွေကိုတော့ ထပ်မံမြင်တွေ့ခဲ့ရခြင်း မရှိပါဘူး။ ရခိုင်အသင်းမှာ ပြိုင်ဘက်ခံစစ်ကို မာမာထန်ထန်ထိုးဖောက် ကစားနိုင်မည့်သူတစ်ဦးရှိခဲ့ရင် ဒီထက်ပိုပြီး ဂိုးတွေရလာမယ့်သဘောရှိနေပါတယ်။ ဗန်လားကတော့ တစ်ချိန်က လွမ်းမောဖွယ် ဗန်လား မဟုတ်တော့တာလည်း သတိပြုမိပါတယ်။

ဇင်မင်းထွန်းဟက်ထရစ်ရရှိပြီး ခြောက်ပွဲဆက်နိုင်တဲ့ ရှမ်းယူနိုက်တက်
မကွေးအသင်းနဲ့ ပွဲမှာ ကစားသမားအချို့ အပြောင်းအလဲရှိခဲ့ပေမယ့် ရလဒ်ပိုင်းကတော့ ရှမ်းယူနိုက်တက်အသင်းအတွက် အပြောင်းအလဲ မရှိခဲ့ပါဘူး။ (၅-၂) ဂိုးရလဒ်နဲ့ မကွေးအက်ဖ်စီအသင်းကို အနိုင်ရရှိခဲ့တာပါ။ ရှမ်းအသင်းရဲ့ ဆဋ္ဌမမြောက်နိုင်ပွဲမှာ ဇင်မင်းထွန်းက ဟက်ထရစ် ရရှိခဲ့ပြီး ဒေးဗစ်ထန်းက တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ ပဉ္စမမြောက်သွင်းဂိုးကို တိုက်စစ်မှူး ကိသ်က ရယူပေးခဲ့တာဖြစ်ပြီး ရန်ကုန်အသင်းနဲ့ ပွဲစဉ်မတိုင်မီ ယုံကြည်မှုတွေ ဆောင်ကျဉ်းနိုင်ခဲ့တဲ့ပွဲစဉ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပြိုင်ဘက်မကွေးအသင်းတော့ နိုင်ပွဲရဖို့ မာမာထန်ထန်တုံ့ပြန်ကစားခဲ့တဲ့အပြင် ဂိုးပေါက်ခြိမ်းခြောက်မှုမှာလည်း အပြန်အလှန်ရှိခဲ့ပေမယ့် ရလဒ်ပိုင်းကတော့ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ မကွေးအသင်းအတွက် ပုံမှန်ဂိုးသွင်းပေးသူတွေအဖြစ် ဆိုရမယ့် တိုက်စစ်မှူး ပြည်မိုးနဲ့ နိုင်နိုင်ကျော်တို့ တစ်ဂိုးစီ ရယူပေးခဲ့တာဖြစ်ပါတယ်။

တစ်ပွဲသုံးဂိုးနှုန်းနဲ့ လေးပွဲဆက်အနိုင်ရတဲ့ ရန်ကုန်ယူနိုက်တက်
ရန်ကုန်ယူနိုက်တက်အသင်းက ဘောလုံးပိုင်ဆိုင်မှု၊ ခြေစွမ်းနဲ့ ဂိုးကန်သွင်းခွင့် အသာစီးရယူ ကစားနိုင်ခဲ့တာဖြစ်ပြီး စုစုပေါင်း ဂိုးပေါက်ကန်သွင်းမှု (၁၇) ကြိမ်ရှိခဲ့ရာမှာ ဆောက်သမ်းအသင်းက တစ်ကြိမ်သာ ရှိခဲ့တာတွေ့ရပါတယ်။ ဦးဆောင်ဂိုးရဖို့ ရုန်းကန်ခဲ့ရပေမယ့် ကြည်လင်းရဲ့ ပင်နယ်တီသွင်းဂိုး အပါအဝင် မောင်မောင်လွင်ရဲ့ ဖရီးကစ်သွင်းဂိုး၊ အီမန်နျူရယ်ရဲ့ သွင်းဂိုးနဲ့အတူ နိုင်ပွဲဆက်ခဲ့တာဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် ရန်ကုန်အသင်းက နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့လေးပွဲမှာ လေးပွဲစလုံး သွင်းဂိုးသုံးဂိုး ရရှိပြီး ပြိုင်ဘက်အသင်းတွေကို အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။ ရလဒ်ပိုင်းကောင်းမွန်မှုအပြင် ကစားကွက်အခင်းအကျင်းပါ ပြောင်းလဲလာတဲ့ ရန်ကုန်အသင်းရဲ့ လတ်တလော အနေအထားကြောင့် လက်ရှိချန်ပီယံနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်ဟာ ပို၍ စိတ်လှုပ်ရှားစရာဖြစ်လာခဲ့ပါပြီ။

ပြီးပြည့်စုံတဲ့ နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့တဲ့ ဧရာဝတီယူနိုက်တက်
ဧရာဝတီယူနိုက်တက်အသင်းအတွက် ပြီးပြည့်စုံတဲ့ အနိုင်ရလဒ်တစ်ခုဖြစ်ပေမယ့် ISPE အသင်းအတွက် စတုတ္ထမြောက်ဂိုးပြတ်ရှုံးပွဲကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အဓိက ကစာသမားအချို့ လွဲချော်ခဲ့ပေမယ့် ဧရာဝတီရဲ့ ကွင်းလယ်က တောင့်တင်းဆဲ၊ တိုက်စစ်ပိုင်းကလည်း ထက်မြက်ဆဲဆိုတာ ပြသနိုင်ခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်။ ငါးဂိုးပြတ် အနိုင်ရလဒ်မှာ အပိုဆုလာဘ်အနေနဲ့ အမှတ်ပေးဇယားကိုပါ ဦးဆောင်ခွင့်ရရှိခဲ့တာပါ။ ဧရာဝတီအသင်းအတွက် တင်ဝင်းအောင်၊ သန်းထက်အောင်၊ သီဟဇော်၊ ဝင်းနိုင်ထွန်းနဲ့ အောင်နိုင်ဝင်း(ပင်နယ်တီ)တို့က တစ်ဂိုးစီနဲ့ နေရာစုံက ဂိုးတွေရခဲ့တာလည်းဖြစ်ပါတယ်။