MPT မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၆ မှ အားပြိုင်နေတဲ့ ထိပ်ဆုံး ၄ သင်း ရဲ့ ချန်ပီယံ စိန်ခေါ်ပွဲတွေစပြီ

September 14, 2020

ဘောလုံးဆိုတာ အားကစား တစ်ခုတည်း အတွက် မဟုတ်ဘူး

ထွန်းထွန်းဦး(လှိုင်)

ဒီနေ့မှာ MPT မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၆ ကိုစတင်ကစားမယ်။
ပြောစရာတွေလည်း များပါတယ်။

ချန်ပီယံပြေးလမ်းပေါ် မေးတင်နေတဲ့အသင်းတွေ၊ အမှတ်ပေးဇယားထိပ်ဆုံးနေရာ အပြောင်းအလဲတွေအပြင် နောက်ကလိုက်ပြီး ဖိအားပေးနေတဲ့ အသင်းတွေ စသည်ဖြင့် ရင်ခုန်စိတ်လှုပ်ရှားစရာများစွာနဲ့ ရှေ့ဆက်နေတဲ့ MPT မြန်မာနေရှင်နယ်လိဂ်ရဲ့ လတ်လော အနေအထာဟာ ပရိသတ်ကြားမှာ ပြောစရာဖြစ်လာတယ်။

ပြီးတော့ ပထမဆုံးပြောဖြစ်တာက မြန်မာ့ဘောလုံးကို ချစ်ခင်မြတ်နိုးတဲ့ ပရိသတ်များကိုပါ ခင်ဗျာ။ အားလုံးလည်း သိပြီးသား ဖြစ်ပါလိမ့်မယ်။ ကျွန်တော်လျှာရှည်နေတာ မဟုတ်ပါဘူး။ အသိနဲ့သတိမလွတ်စေဖို့ မိသားစုဝင် တစ်ယောက်လို ပရိသတ်များအားလုံးကို တန်ဖိုးထားပြီး ပြောတာပါနော်။ ကိုဗစ်ကာလ အတွင်းမှာ ပရိတ်များအနေနဲ့ သိပြီးသားဖြစ်တဲ့ MOHS ရဲ့ လမ်းညွှန်မှုတွေကို မဖြစ်မနေနဲ့ လိုက်နာပေးကြဖို့အတွက် အသိပေးချင်တာပါ။ အပြင်ထွက်ရင် MASK တပ်ပါ။ လက်ကို မကြာခဏဆေးပေးပါ၊ လူစုလူဝေး ရှောင်ရှားဖို့နဲ့အတူ မလိုအပ်ရင် လုံးဝ(လုံးဝ)ကို အပြင်မထွက်မိဖို့ပါပဲ။ ကိုယ်ကိုယ့်ကိုယ် စည်းကမ်းတကျရှိအောင် ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ နေထိုင်ပေးပါခင်ဗျာ။ ကိုဗစ်ကို အမြန်ဆုံး တိုက်ထုတ်ဖို့အတွက်ဆိုရင် လူသားတွေအနေနဲ့ ချမှတ်ထားတဲ့ စည်းကမ်းနဲ့အညီ ရှင်သန်နေထိုင် သွားနိုင်ပါမှ အဆင်ပြေမယ်ဆိုတာ ပြောထားချင်တယ်။

အခုဆိုရင် ကမ္ဘာနဲ့ အဝှမ်းမှာ ကိုဗစ်-19 ကပ်ရောဂါဆိုးကြောင့် လူသားတွေအားလုံး စီးပွားရေး၊ လူမှုရေးကအစ ရှင်သန်ရပ်တည်မှုတွေကအဆုံးအထိ ပုံစံသစ်တစ်ခုအောက်မှာ ပြောင်းလဲသွားလာနေကြရပြီဖြစ်တယ်။ အရင်လို သွားနေကြ၊ လာနေကြ ပုံစံမျိုးနဲ့မဟုတ်တော့တဲ့ အထိအတွေ့အသစ်အောက်မှာ ရုန်းကန်ရှင်သန်နေကြရတယ်ဆိုတာ အားလုံး သိကြ မယ်ထင်တယ်။ ထိတွေ့ရင်းနှီးမှု မရှိတဲ့ ကူးစက်မြန်ကပ်ရောဂါဆိုးက ကမ္ဘာကြီးကို ခြိမ်းခြောက်နေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေအားလုံး အမြန်ဆုံး ကုသပျောက်ကင်း ထိန်းချုပ်နိုင်မယ့် နည်းလမ်း တွေကို အချိန်လုပြီး ဖွေရှာနေကြတယ်။

သုဝဏ္ဏကွင်းအနီးရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ပိုင် မြက်ခင်းတု လေ့ကျင့်ရေး ကွင်းများတွင် Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ)ကို အမြန်တည်ဆောက်လျှက် ရှိနေသည်။ ဓာတ်ပုံ − ဧရာဝတီဖောင်ဒေးရှင်း

တစ်ဖက်မှာလည်း မိမိအသက်ကိုတောင် မငဲ့ဘဲနဲ့ ကိုဗစ်ကာလမှာ အများအကျိုးသယ်ပိုးနေတဲ့ ပရဟိတအဖွဲ့အစည်းတွေနဲ့အတူ ဘာအကျိုးစီးပွားကိုမှ မမျှော်ကိုးပဲ လူမှုရေးအသိကို ရှေ့တန်းတင်ရင်ဘတ်ထဲထည့်ပြီး ဒီကာလမှ တတ်နိုင်တဲ့အားနဲ့ ကျရာတာဝန်များ ထမ်းဆောင်နေတဲ့ သူတွေကိုလည်း ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အတူ လေးစားဂုဏ်ပြုမိရပြန်တယ်။ ဟုတ်ပါတယ်။ အခုဆိုရင် ကမ္ဘာနဲ့အဝှမ်းမှာ လူတန်းစားမရွေး ကိုဗစ်ကာလမှာ ကူညီဆောင်ရွက်မှုပေါင်းများစွာကို တတ်နိုင်တဲ့ဖက်မှနေပြီး ကူညီဆောင်ရွက် ပေးနေကြတဲ့သူတွေ အများကြီးရှိတယ်။ လူအင်အား၊ ငွေအင်အား စသည်ဖြင့် နိုင်ရာဝန်တွေကို ထမ်းဆောင်ပြီး လူသားအချင်းချင်း ရိုင်းပင်းကူညီတဲ့ စိတ်တွေနဲ့အတူ ကိုဗစ်ကပ်ရောဂါဆိုးကို တိုက်ထုတ်နေဖို့ လုပ်ဆောင်နေကြတယ်။ လိုအပ်တဲ့နေရာတွေကို ဖြည့်ဆည်းပေးဖို့ အသင့်ရှိနေကြတယ်။ ဒါဟာ ခိုင်းမှလုပ်တဲ့ တာဝန်မဟုတ်ဘူး။ အသိနဲ့ရှင်သန်ပေါက်ဖွားပြီး မိသားစုတစ်ခုလိုမျိုး တာဝန်ကိုယ်စီယူကြတယ်ဆိုတဲ့ သဘောပါပဲ။

သုဝဏ္ဏကွင်းအနီးရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ပိုင် မြက်ခင်းတု လေ့ကျင့်ရေး ကွင်းများတွင် Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ)ကို အမြန်တည်ဆောက်လျှက် ရှိနေသည်။ ဓာတ်ပုံ − ဧရာဝတီဖောင်ဒေးရှင်း

သက်ဆိုင်ရာအလိုက် ကိုဗစ်ကာလမှာ ရောဂါကုသပေးဖို့အတွက် အားကစားကွင်းတွေ၊ အားကစားရုံတွေ၊ ဟိုတယ်တွေ စသည် .. စသည်ဖြင့် အဆိုပါနေရာတွေမှာ QUARANTINE CENTER တွေ၊ ကုသဆောင်တွေလို ပုံစံပြောင်းပြီး တတ်နိုင်တဲ့ အားနဲ့ ပူးပေါင်းပါဝင်နေကြတာ လည်းတွေ့ကြရဦးမှာပါ။ အချိန်အထိ လူသားတွေ အနိုင်ယူခွင့် မရသေးတဲ့ ကိုဗစ်ဆိုတဲ့ ကပ်ရောဂါဆိုးကြီးကို ကျွန်တော် တို့တွေ လက်တွဲပြီးတော့ တတ်နိုင်တာထက်ပိုတဲ့ အနေအထား အမျိုးမျိုးနဲ့ တိုက်ထုတ် နေကြပါတယ်။ မြန်မာပြည်မှာလည်း ကိုဗစ် ဒုတိယလှိုင်းဒဏ်ကို ကြံ့ကြံ့ခံ ကျော်လွှားနေကြတယ်။ စည်းလုံးမှု ဆိုတဲ့ လက်များနဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေ အောက်မှာ ကိုဗစ်နိုင်စားသွားတာမျိုးကို လုံးဝ အထိအခိုက်မခံပဲနဲ့ သွားနေကြတာမြင်ရမယ်။

ပြီးတော့ ပြောစရာရှိတာက အထက်မှာပြောခဲ့သလိုမျိုးပါပဲ။ အားကစားအဖွဲ့အစည်းတွေ အပါအဝင် အားလုံးအားလုံးသော အဖွဲ့အစည်းများစွာဟာ အခုအချိန်မှာ ကိုဗစ်-19 ကို တိုက်ထုတ်ရင်း လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ ပူးပေါင်းဆောင်ရွက် နေကြသလို အဖက်ဖက်ကနေပြီး ကူညီကမ်းလက်များစွာနဲ့ လိုအပ်တဲ့ ကွက်လပ် မှန်သမျှကို ဖြည့်ဆည်းပြီး လုပ်ဆောင်နေကြတယ်။

သုဝဏ္ဏကွင်းအနီးရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ပိုင် မြက်ခင်းတု လေ့ကျင့်ရေး ကွင်းများတွင် Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ)ကို အမြန်တည်ဆောက်လျှက် ရှိနေသည်။ ဓာတ်ပုံ − ဧရာဝတီဖောင်ဒေးရှင်း

ဒီအထဲမှာ ဘောလုံးဆိုတာကလည်း ဖြေဖျော်ရေး တစ်ခုတည်းအတွက် မဟုတ်သလို အားကစားရပ်ဝန်းတစ်ခုတည်း အတွက် ရှင်သန်ရပ်တည်နေတာမျိုး မဟုတ်ပါဘူး။ လိုအပ်ရင် လိုအပ်လာသလိုမျိုး တိုင်းသူပြည်သားများအတွက် ကျရာနေရာကနေပြီး အားလုံးနဲ့အတူ ဆွေမျိုးသားချင်း ညီအစ်ကိုမောင်ညီမရင်းပမာ ပူးပေါင်း ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိနေခဲ့ပြီးသား ဆိုတာတွေ့ကြရမှာဖြစ်တယ်။ ဘောလုံးကွင်းတွေဟာ အားကစားအတွက် ဆိုပေမယ့် လိုအပ်လာရင် လိုအပ်သလိုမျိုး အသွင်အမျိုးမျိုးပြောင်းလဲပြီး တိုင်းပြည်အတွက် ပေးဆပ်နိုင်တဲ့ နေရာတစ်ခုလိုမျိုး ရှိနေတယ် ဆိုတာ ယခင်အစဉ်အဆက်တွေမှာလည်း တွေ့ခဲ့ကြရပြီ ဖြစ်ပါလိမ့်မယ်။ အခုပဲကြည့် ဒီရက်ပိုင်းမှာ တက်လာတဲ့ သတင်းက သိပ်ပီတိဖြစ်ရတယ်။ သာဓုလည်းခေါ်ပါ တယ်။ လိုအပ်တဲ့ အတိုင်းအတာမှာ လိုအပ်သလိုမျိုး ဖြည့်ဆည်းပေးနိုင်တဲ့ ကိစ္စတစ်ခုဟာ လူပြောများခဲ့တယ်။

သုဝဏ္ဏကွင်းအနီးရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ပိုင် မြက်ခင်းတု လေ့ကျင့်ရေး ကွင်းများတွင် Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ)ကို အမြန်တည်ဆောက်လျှက် ရှိနေသည်။ ဓာတ်ပုံ − ဧရာဝတီဖောင်ဒေးရှင်း

ဒါဟာ ဘာလဲဆိုတော့ COVID-19 ဒုတိယလှိုင်းမှာ POSITIVE လူနာတွေ များပြားလာလို့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနဲ့ ဆွေးနွေးတိုင်ပင်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ဦးဇော်ဇော်က ယာယီ ကုသရေးစင်တာ တစ်ခုကို သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းမှာ ၅ ရက်နဲ့ အပြီး တည်ဆောက် ပေးပြီး တတ်နိုင်တဲ့ဖက်မှ ကူညီပေးခဲ့တယ်။ နိုင်ငံတကာ အတိုင်း HOSPITAL TENT ပုံစံမျိုး လုပ်ပေးထားတယ်လို့လည်းသိရတယ်။ တည်ဆောက်နေတဲ့ ယာယီ Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ) မှာ ရေချိုးခန်း ၊ အိမ်သာ တွေအပြင် အခန်းတိုင်း အခန်းတိုင်းမှာလည်း အဲကွန်းတပ်ဆင် ပေးထားမှာဖြစ်တယ်။ Positive လူနာ ၄၁၆ ဦးအပြင် ကျန်းမာရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်း ၁၀၀ ဦး နေထိုင်နိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

သုဝဏ္ဏကွင်းအနီးရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ပိုင် မြက်ခင်းတု လေ့ကျင့်ရေး ကွင်းများတွင် Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ)ကို အမြန်တည်ဆောက်လျှက် ရှိနေသည်။ ဓာတ်ပုံ − ဧရာဝတီဖောင်ဒေးရှင်း

အဲ့ဒါတွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကုသရေးကိစ္စများနဲ့ဆိုင်တာတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်သွားမှာဖြစ်သလို တည်ဆောက်ရေး၊ နေရေးထိုင်ရေးနဲ့ နေ့စဉ်အစားအသောက် ကုန်ကျစရိတ်အားလုံးကိုတော့ ဧရာဝတီဖောင်ဒေးရှင်းက ကျခံပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ လာရောက် တာဝန်ထမ်းဆောင်ကြမယ့် ကျန်းမာရေးဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်းများ အားလုံးအတွက်လည်း နေထိုင်စားသောက်ရေး ကိစ္စအဝဝကိုပါ တာဝန်ယူစီမံပေးသွားဦးမှာဖြစ်တယ်လို့သိရပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ လိုအပ်နေချိန်မှာ လိုအပ်သလိုမျိုး တတ်နိုင်သလောက် ကူညီပေးတာကိုက ဘောလုံးဆိုတာ အားကစားနည်း တစ်ခုတည်းအတွက် လူသားတွေကို ဖြေဖျော်ပေးနေတာ မဟုတ်ပါဘူး။ လက်တွေတွဲပြီး အားလုံးအတွက် အသင့်ရှိတယ်။ အသိစိတ်နဲ့ကူညီပေးမှုပေါင်း များစွာကို တတ်နိုင်တဲ့ဖက်ကနေပြီး ကူညီဖြည့်တင်းပေးနေဆိုတာ ဒါကသက်သေပြချက်ပါပဲ။ ဖားပြီး အားယားပြောနေတာ မဟုတ်ပါဘူး။ တစ်ကယ်လိုအပ်တဲ့အချိန်မှာ တစ်ကယ့်ကူညီမှုကို စိတ်ရင်းနဲ့ပြောဖြစ်သလို တာဝန်ရှိသူတွေ အားလုံးကိုလည်း ဒီနေရာကနေပြီး ကျေးဇူးတင်ဖြစ်တယ်။ အခုအချိန်မှာ ဒါတွေက တစ်ကယ်ဆို တစ်ကယ်ကြီးကိုလိုအပ်နေပါတယ်။ အခုထက်ပိုပြီးတော့ကို လိုအပ်နေတယ်။ ကျွန်တော်တို့ ကိုဗစ်ကို အရှုံးပေးလို့မရဘူး။ အနိုင်ယူ တိုက်ထုတ်ရမယ်။ ဒီ့အတွက် တွဲလက်တွဲမြဲနေရမယ်။ စည်းကမ်းရှိရမယ်။ ကိုဗစ်ကို ကြောက်ဖို့မလိုဘူး။ သတိနဲ့အသိလေးရှိပြီး မိမိက စပြီး ကျန်းမာရေးလမ်းညွှန်ချက်တွေ အတိုင်း လိုက်နာနေထိုင်ဖို့သာ အရေးအကြီးဆုံး ဖြစ်တယ်ဆိုတာပါပဲ။

ဟုတ်ကဲ့ပါ။ ကိုဗစ်ကိစ္စပြောပြီးရင်တော့ MPT မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၆ ဆီကို ဆက်သွားချင်တယ်။ ဒီတစ်ပတ်မှာ ပြောစရာတွေ များတယ်။ ဒီအထဲမှာ အမှတ်ပေးဇယား ထိပ်ဆုံးရောက်နေတဲ့ နှစ်သင်း၊ နောက်ကလိုက်နေတဲ့ နှစ်သင်း၊ ဒီ ၄ သင်းထဲမှာ ဘယ်အသင်း ချန်ပီယံဖြစ်မလဲ။ ဒီနေ့ကစပြီး ကြည့်ရမယ်။ လုံးဝခြေတစ်လှမ်းမှားခွင့်မရှိစေရဘူး။ မှားတဲ့အသင်း ကျန်ရစ်မယ်။ ပရိသတ်တွေ အားလုံးလည်း ဒါကိုစိတ်ဝင်စားနေတယ်။ ပြောဖြစ်ကြတယ်။

အခုလောလောဆယ်မှာ ဟံသာဝတီက ရမှတ်တူ သွင်းဂိုးတူ အနေအထားမှာ ပေးဂိုးတစ်ဂိုးများနေတဲ့အတွက်ကြောင့် ဧရာဝတီကို ထိပ်ဆုံးနေရာကနေပြီး စတင်ဖယ်ပေး လိုက်ရပြီ။ ပြီးတော့ နောက်မှာ ကပ်လိုက်နေတဲ့ အဆင့် ၃ နဲ့ ၄ မှာရှိနေတဲ့ ရန်ကုန်နဲ့ရှမ်းကလည်း ရမှတ်တူ ၂၉ မှတ်နဲ့ သွင်းဂိုးတူ ၂၉ ဂိုးဖြစ်နေတဲ့ အနေအထားမှာ ပေးဂိုး ကွာခြားချက်ကြောင့် ရန်ကုန်က အဆင့် ၃ ရောက်နေတယ်။

ဒီပွဲစဉ် ၁၆ မှာ ရန်ကုန်နဲ့ရှမ်း ပြန်ဆုံတယ်။ အမှတ်လုရမယ်။ နှစ်သင်းစလုံး သရေကျလို့ မရဘူး။ သရေကျရင် နှစ်သင်းစလုံးအတွက် ရှုံးတာနဲ့အတူတူပါပဲ။ ဒါကြောင့် သရေပွဲ ရှောင်ပြီး ဘယ်အသင်း အနိုင်ရအောင် ယူပြမလဲဆိုတာ ကြည့်ရမယ်။ ဒီတော့ ဒီတစ်ပတ်မှာ ရန်ကုန်နဲ့ရှမ်းပွဲစဉ်က တစ်ကယ့်ကို အကြိတ်အနယ်နဲ့ကြည့်ကောင်းမယ်။ အရှုံးမရှိသေးတဲ့ ရှမ်း၊ နိုင်ပွဲတွေ ဆက်နေတဲ့ရှမ်း၊ ပွဲစဉ် ၁၀ ကနေပြီး ပွဲစဉ် ၁၅ အထိ တရစပ်နိုင်ပွဲများနဲ့ ၆ ပွဲဆက် တိုက်နိုင်နေတဲ့ ရှမ်းဟာ ရန်ကုန်ရဲ့ မာကျောတဲ့ကွင်းလယ် ကစားအားကို ဘယ်လိုမျိုး ဖြတ်တောက်မလဲ။ တိုက်စစ်အားသန်တဲ့ အသင်းနှစ်သင်းပြန်တွေ့မယ်။ ဒေးဗစ်ထန်၊ ထိုက်ထိုက်အောင်၊ ဆက်ဖြိုးဝေ၊ သိန်းသန်းဝင်း၊ အီမန်နျူရယ်၊ ကျော်ဇင်ထက်၊ ရန်နိုင်ဦးတို့လည်း အသင်းဟောင်းတွေနဲ့ အသီးသီးနဲ့ပြန်ဆုံမယ်။ ဘာတွေဖြစ်လာမလဲ။ ပရိုပီသတဲ့ အနေအထားနဲ့ ယှဉ်ပြိုင်ပြီးအနိုင်ရဖို့လုပ်ကြမယ့်ပွဲက ကြည့်ကောင်းနေပြီလေ။

ပြီးတော့ တစ်ချက်ရှိတာက ဒီပွဲက ဒုတိယနေ့မှ ကစားရမှာဖြစ်လို့ ဧရာဝတီနဲ့ ဟံသာဝတီတို့ရဲ့ ပွဲတွေပြီး သွားတော့ မှ အဖြေသိရပြီး ကစားရမယ့်ပွဲဖြစ်တယ်။ ပြင်ဆင်ခွင့်တွေ ရှိနေတယ်။ အမှားပါလို့ မရဘူး။ အထူးသဖြင့် ရန်ကုန်ဖြစ်တယ်။ ရှမ်းနဲ့ပွဲပြီးရင် ဟံသာဝတီနဲ့ ပွဲစဉ် ၁၇ မှာ ဆက်လက် ကစားရမယ်။ အမှားလုပ်လို့မရတဲ့ အနေအထားမျိုးဖြစ်လို့ ပိုလို့တောင် ဦးမင်းထွန်းလင်းအတွက် အရေးပါနေတယ်ဆိုရမယ်။

ပထမနေ့ဖြစ်တဲ့ ဒီနေ့မှာဆိုရင်လည်း ရခိုင်နဲ့ဟံသာဝတီပွဲက ကြည့်ရတာကောင်းမယ်။ အကြိတ်အနယ်ရှိမယ်။ လူတွေ အသီးသီး ပြန်စုံနေတာကြောင့် အနိုင်ရဖို့ အပြိုင်အဆိုင် တိုက်ကံလိမ့်မယ်။ ဂိုးတွေလည်း အရေးပါလာတာကြောင့် အသည်းအသန် သွင်းယူပြကြလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ပွဲမှာတော့ ဟိန်းထက်အောင်၊ အီမီကာ၊ ဘစ်ဆာတို့ကို ရခိုင်နောက်တန်း ဘယ်လိုမျိုး ထိန်းမလဲဆိုတာ ကြည့်ချင််မိတယ်။ ရခိုင်မှာ နောက်ခံလူဖြစ်တဲ့ ကယ်လ်ဗင် ပွဲပယ်ခံထားရလို့ အနည်းငယ်အားပျော့နေမလားပဲ။

ရခိုင်ရဲ့ ပထမပိုင်း တိုက်စစ်ကစားဟန်ကလည်း ထိထိမိမိရှိတယ်။ ဒေါင့်ကန်ဘောတွေကနေ ဂိုးတွေယူဖို့ခြိမ်းခြောက်နိုင်တာ ဟံသာဝတီ ခံစစ်တန်း သတိထားရမယ်။ သွင်းဂိုးနဲ့ပေးဂိုးက အရေးပါတဲ့ အခြေအနေမျိုးဆိုတော့ တစ်ဂိုးဆို တစ်ဂိုးဆိုသလောက် ရပ်တည်မှုအတွက် အဆုံးအဖြတ်လို ဖြစ်နေတယ်။ ဟုတ်တယ်။ ဟံသာဝတီအတွက် မနိုင်ရင်မဖြစ်သလို ဂိုးတွေကလည်း အရေးပါလာပြီ ဆိုတော့ ဘယ်လိုမျိုးမဆို ဦးမျိုးမင်းထွန်းအတွက် ဖိအားနဲ့ ရင်ဆိုင်ရမယ့်ပွဲ ဖြစ်နေပြန်တယ်။

ပြီးတော့ ဧရာဝတီပါ၊ လူပြန်စုံပြီ၊ အထူးသဖြင့် တိုက်စစ်မှာ ဆာဆက်တို့ ပါလာပြီး လူပြန်စုံတာကြောင့် ပိုကောင်းလာဖို့ ရှိတယ်။ တစ်ချက်ရှိတာက ဧရာဝတီ ခံစစ်မှာတော့ အားထားရတဲ့ ဗစ်တာကတော့ အဝါကတ် ၃ ၀ါ ထိထားလို့ ဒီပွဲတစ်ပွဲကိုလွဲမယ်။ စစ်ကိုင်းကလည်း အနိုင်မရသေးတဲ့ အသင်းဆိုတော့ ပွဲကအကြိတ်အနယ်နဲ့ ကြည့်လို့ သိပ်ကောင်းမယ်။ တစ်ခုရှိတာက ဧရာဝတီ ပေါ့ဆလို့မရဘူး။ ထိပ်ဆုံးနေရာ၊ ချန်ပီယံဆုအတွက် နေရာလုပွဲက အရေးပါနေတယ်။ ပြီးတော့ ပွဲစဉ် ၁၁ တုန်းက ဧရာဝတီက ၆-၁ ဂိုးနဲ့စစ်ကိုင်းလို အသင်းမျိုးကို နိုင်ထားတာလည်း သိပ်မကြာသေးဘူးလေ။ ဒီတော့ဒီပွဲအတွက် စစ်ကိုင်းအဖို့ ဧရာဝတီကို ရင်ဆိုင်ဖို့ ခံစစ်နဲ့တိုက်စစ်ဘယ်လိုမျိုး ပြင်ဆင်လာမလဲ။

တစ်ဖက်မှာ ဧရာဝတီကလည်း ပြိုင်ဘက်ကို မဖြစ်မနေနဲ့ နိုင်အောင် တိုက်ရမယ့်ပွဲဖြစ်တယ်။ တစ်ချိန်တည်းမှာ ဟံသာဝတီကလည်း ရခိုင်နဲ့ ကစားနေတာဖြစ်လို့ ဘယ်လိုမျိုးမဆို အမှားမရှိအောင်လို့ လုပ်ထားနိုင်ဖို့ လိုတယ်။ ဂိုးတွေခပ်များများ သွင်းနိုင်ဖို့လည်းလိုသလို ပေးဂိုးတွေမပေးမိဖို့ပါ ဧရာဝတီအတွက် ကြံရမယ့် ပွဲလို ဖြစ်လာစေတယ်။ ဦးမျိုးလှိုင်ဝင်းနဲ့ ဦးဇော်လင်းထွန်းတို့ အားပြိုင်မှုက ဒီနေ့မှာ ကြည့်ချင်ဖွယ်ရာပါပဲ။

နောက်တစ်ပွဲ ဆက်ရမယ်ဆိုရင် ရတနာပုံနဲ့ဆောက်သမ်းပွဲလည်း ကြည့်ကောင်းမယ်။ ဦးကျော်မင်းရဲ့ ဆောက်သမ်းက တစ်ဖက်က လူငယ်တွေအားနဲ့သွားနေတဲ့ အသင်းဖြစ်တယ်။ ပြည့်ဖြိုးအောင်လို့ ဂိုးသမားကောင်းရှိတယ်။ ပေးဆပ်မှုမြင့်တဲ့ ကစားသမားတွေများတယ်။ ဖိအားမရှိပဲနဲ့ ပွဲတိုင်းလိုက်ကစားပြနေတယ်။ ရတနာပုံက စုဖွဲ့မှုပြန်ရနေပြီး အောင်သူ၊ ဝင်းနိုင်စိုးတို့အားနဲ့ သွားနေတဲ့အသင်းဖြစ်တယ်။ ဘယ်လိုမျိုး မဆို အမှားမရှိအောင်လို့ ပြင်ဆင်နေတဲ့ ၂ သင်းအတွက် တစ်ကယ့်ကို ပြိုင်ဆိုင်မှု ပြင်းထန်မယ့်ပွဲဖြစ်နေတယ်။ အောင်သူရဲ့ အနေအထားကို အားလုံးထပ်စောင့်ကြည့်ကြလိမ့်မယ်။ သူပြီးခဲ့တဲ့ ၂ ပွဲကထက် ဘယ်လိုမျိုး အနေအထားနဲ့ ဘယ်လောက်အထိ ပေးဆပ်ပြီး အောင်ပွဲရှာနိုင်မလဲ။ ဆောက်သမ်း ဒုတိယပိုင်း ပြိုလို့မရဘူး၊ ရတနာပုံက ဒုတိယပိုင်းတင် ကစားတာ သိပ်ကောင်းတာပဲ။ အဲ့ဒါတွေကို ဒီနေ့ကြည့် ရမှာဖြစ် တယ်။

မကွေးနဲ့ ISPE ပွဲကတော့ မြန်မာပြည်တွင်းဖြစ် ကစားသမားတွေ အားပြိုင်ကြမယ့်ပွဲဖြစ်နေပါတယ်။ ရန်ကုန် ကွင်း YUSC မှာ ကစားရမှာဖြစ်နေတယ်။ အကြိတ်အနယ်ရှိမယ်။ အဆုံးသတ် ဘယ်အသင်းကောင်းမွန်မလဲ။ အဆုံးသတ်ကောင်းတဲ့ အသင်းက အနိုင် ၃ မှတ်ကို အရယူဖို့ ထိုက်တန်ပါလိမ့်မယ်။ အတွေ့အကြုံရင့်တဲ့ မကွေးနဲ့ လူငယ်ခြေတက်တွေ များတဲ့ ISPE တို့ တွေ့ဆုံပွဲကတော့ တစ်ကယ့်ကိုကြည့်ကောင်း နေလိမ့်မယ်လို့ နောက်ဆုံးအနေနဲ့ ပြောထားဖြစ်တယ်။