ထွန်းထွန်းဦး(လှိုင်)
ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ပြန်လည်ကျင်းပပြုလုပ်နေတဲ့ MPT မြန်မာနေရှင်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲတွေဟာဆိုရင် ဒီနေ့မှာ ပွဲစဉ် ၁၇ ရောက်လာပြီ။ ဒီနေ့မှာ ဘာတွေဆက်ဖြစ်လာဦးမလဲ။ ပွဲကောင်းတွေက အားလုံးကို အသင့်စောင့်ကြိုနေကြပြီ။ ရပ်တည်မှု အမှတ်ပေးဇယားကို ကြည့်တော့လည်း ထိပ်ဆုံး ၄ သင်းအနေအထားက ဘာဖြစ်မလဲ ဆိုတာ တပ်အပ်ပြောလို့မရသေးဘူး။ အဆင့် ၁ နဲ့ ၂ က ရမှတ်တူနေကြတုန်း၊ ဂိုးကွာခြားချက်တွေကြောင့် ရပ်တည်မှုအလှည့်အပြောင်း ဖြစ်သွား တာလေးက ရာသီသိမ်းတဲ့အထိ ချန်ပီယံအဆုံးအဖြတ် အဖြစ်ရှိနေမလား။
ပြီးတော့ ရန်ကုန်၊ ရန်ကုန်က ရှမ်းနဲ့ပွဲမှာ ခြေတစ်လှမ်းယိုင်သွားလို့ အလှည့်အပြောင်းတစ်ခုကို လက်ခံလိုက်ရတယ် ဆိုပေမယ့် သူတို့တွေမှာလည်း သင်္ချာနည်းအရဆိုရင် ချန်ပီယံဖြစ်ခွင့်ဆိုတာ မျှော်လင့်မယ်ဆိုမျှော်လင့်လို့ရတဲ့အနေအထား ဖြစ်နေတုန်းပါပဲ။ ဒီတော့ သေချာတာကို ပြောရမယ်ဆိုရင် ကိုယ့်အလုပ် ကိုယ်အကောင်းဆုံးလုပ်ပြထားပြီး တစ်ပွဲခြင်းမှာ စုဆောင်းနိုင်မယ့် ရမှတ်တွေကို ထိထိမိမိနဲ့ယူပြနိုင်မယ့် အသင်းတွေ အတွက် လိုရာကိုရောက်ဖို့ အကောင်းဆုံးဖြစ်နေမယ့် အချိန်လို့ဆိုရပါလိမ့်မယ်။

ဒီနေ့မှာ ပန်းအဝင် အဆုံးအဖြတ်တွေလိုမျိုး ဖြစ်နေတဲ့ အမှတ်ပေးဇယားထိပ်ဆုံး ၄ သင်းဟာ တစ်ရက်တည်းကစား ဖြစ်ကြတယ်။ ဟံသာဝတီနဲ့ ရန်ကုန် ထိပ်တိုက်ဆုံတဲ့ပွဲတွေ အပါအဝင် ဧရာဝတီ၊ ရှမ်းတို့ အသီးသီးယှဉ်ပြိုင် ကြမယ့်ပွဲတွေကလည်း ဒီနေ့တစ်ရက်တည်းမှာတင် တစ်ပြိုင်တည်း ကစားမှာဆိုတော့ ဆိုင်ရာဆိုင်ရာ MNL ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ရာအတိ ဖြစ်နေစေပြန်တယ်။
ပြီးတော့ လက်ကျန်ပွဲတွေမှာ ထိပ်သီး ၄ သင်းရဲ့ ယှဉ်ပြိုင်စရာကျန်တဲ့ ပွဲတွေက သူ့ အတိုင်းအတာနဲ့သူ အခက်အခဲနဲ့ ကျပ်တည်းနေတာမျိုး ဖြစ်နေသေးတာကြောင့် ဒီတစ်ပတ်ကစလို့ အမှားများတဲ့အသင်း နောက်ကျန်ရစ်ဖို့ရှိလာမယ်ဆိုတာ ပန်းအဝင်အတွက် အဖြေတစ်ခုလိုမျိုး ပေါ်လာဖို့များနေပြီ။ ဖိအားတွေ အောက်မှာ ရှင်သန်နေကြတဲ့ ချန်ပီယံပြေးလမ်းပေါ်က အသင်းတွေအတွက်တော့ တစ်ကယ့်ကို ပွဲရက်တိုတိုအတွင်းမှာ လိုချင်တာရဖို့ဆိုတာ ထင်သလောက် လွယ်ပါ့မလားပဲ။

ပထမဆုံးပြောဖြစ်တာက ဒီနေ့မှာ ပရိသတ်တွေ စိတ်ဝင်စားမယ့် ဟံသာဝတီနဲ့ရန်ကုန်ဖြစ်တယ်။ ပထမအကျော့တွေ့ထားတာကလည်း မကြာသေးဘူး။ ကိုဗစ်အလွန် ပြန်ကစားတဲ့ ပွဲစဉ် ၁၁ မှာဖြစ်တယ်။ သုဝဏ္ဏကွင်းထဲက စိန်ခေါ်သံမှာတော့ ရန်ကုန်က အဖွင့်ဂိုး သွင်းနိုင်ခဲ့သလို ခြေစွမ်းအသာရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဟံသာဝတီက ၃ ဂိုး ပြန်သွင်းလို့ ပွဲအလှည့်အပြောင်း ဖြစ်ခဲ့ရတယ်ဆိုတာ တခုတ်တရနဲ့ ပြောဖြစ်ခဲ့ကြတယ်မဟုတ်ပါလား။
ပြီးတော့ အဆိုပါပွဲအပြီးမှာ ရန်ကုန်နည်းပြချုပ် အပြောင်းအလဲ ဖြစ်ခဲ့တယ်ဆိုတာ အားလုံးသိကြပြီး ဖြစ်နေလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်တိုတို တစ်ခုအတွင်းမှာ ဦးမင်းထွန်းလင်း ကိုင်တွယ်တဲ့ ရန်ကုန်ယူနိုက်တက် အဖို့တော့ အခုအချိန်မှာ ပြိုင်ဘက်ကောင်းဖြစ်တဲ့ ဟံသာဝတီနဲ့ ဒုတိယအကျော့ ပြန်ဆုံပြီ၊ ဘာတွေ ဖြစ်လာနိုင်မလဲ။ မာနနဲ့ သိက္ခာလွန်ဆွဲပွဲ အတွက် YUFC မှာ ကစားမယ့်ပွဲက တစ်ကယ့်ကို စိတ်ဝင်စားဖို့ကောင်းနေတယ်။

သေချာတာကတော့ အိမ်ကြီးရှင် ရန်ကုန်အတွက် လုံးဝအမှားပိုလို့မရဘူး။ ကွင်းအထာ၊ ကွင်းမာယာနဲ့ ကစားသမားအားကအစ ရန်ကုန်နည်းပြဟောင်း ဦးမျိုးမင်းထွန်းလက်ထဲက ဟံသာဝတီထက် သာနေတယ်။ ပွဲပယ်ခံထိထားတဲ့ ထိုက်ထိုက်အောင်နဲ့ ဒဏ်ရ ရထားတဲ့ မောင်မောင်လွင်မပါနိုင်တာ၊ ပါနိုင်တာ ခဏဘေးချထားဦး၊ ရန်ကုန်အနေနဲ့ အိမ်ကွင်းမှာ ဒီတစ်ခါ မရမကအသာရအောင်တိုက်ဖို့ ရည်ရွယ်ချက် အပြည့်ရှိနေလိမ့်မယ်။ ဦးမင်းထွန်းလင်း နဲ့ ဦးမျိုးမင်းထွန်းတို့ရဲ့ အားပြိုင်မှုက သိပ်ကြည့်ကောင်းနေတယ်။
သရေကျလို့မရဘူး။ သရေ ဆိုရင် နှစ်သင်းစလုံးအတွက် အထူးကို နစ်နာတယ်။ ပြီးတော့ ရန်ကုန်အသာရသွားမယ်ဆိုရင်လည်း ရှမ်းအတွက်ပါ ရပ်တည်မှုအပိုင်းမှာ အခြေအနေကောင်းများနဲ့ ရှေ့ဆက်တိုးနိုင်မယ့် အနေအထား တစ်ပါတည်း ရလာမှာဖြစ်နေတယ်။ ဒီတော့ ရန်ကုန်အပေါ်မှာ မူတည်နေတဲ့ အချို့ အကြောင်းအရာတွေက ဖြစ်နေတဲ့ အဖြစ်အပျက်တွေ အပေါ်မှာ လိုက်ပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေပြန်ပါတယ်။
အထူးသဖြင့် ဧရာဝတီကို ပြန်ကျော်တတ်ဖို့လုပ်နေတဲ့ ဟံသာဝတီ အတွက်လည်း အမှားတွေလုပ်လို့မရဘူး။ ကစားသမားတွေထဲမှာ အဓိကကျသူတွေ အနာတရဖြစ်လာပြီ။ ကြံ့ခိုင်မှုအပိုင်းမှာလည်း ပွဲတွေဆက်လာတာကြောင့် ပင်ပန်းတဲ့ဒဏ်တွေနဲ့ လန်းဆန်းတက်ကြွမှုတွေ ပွဲထွက် ၁၁ ယောက်မှာ အနည်းငယ် ပျော်ဆုံးလာကြပြီ။ ဟံသာဝတီကို သဘောကျတာက ဇွဲနဲ့စိတ်ဓါတ်ပိုင်းပါပဲ။ သိပ်ကောင်းတယ်။ စုစည်းမှု ပြည့်ဝလွန်းပြီး မိနစ် ၉၀ အတွင်းမှာ လိုချင်တာကို ဖြစ်အောငံလုပ်ယူနိုင်တဲ့ အသင်းအဖွဲ့စိတ်ဓါတ်ဟာ ဦးမျိုးမင်းထွန်းလက်ထဲက ဟံသာဝတီမှာ အပြည့်ရှိတယ် ဆိုတာတွေ့ရမယ်။

ဒီတော့ ဒီနေ့ပွဲက ဘာအခက်အခဲရှိရှိ မဲတင်းပြီး မာန်အပြည့်နဲ့ တိုက်ရမယ့်ပွဲဖြစ်တယ်။ နည်းနည်းလေးမှာ ထစ်လို့ မရဘူး။ ထစ်တာနဲ့ အခက်ကြုံရမှာများတယ်။ ဟံသာဝတီလက်ကျန်ပွဲတွေမှာ ဒီနေ့ပွဲအပါအဝင်၊ ရှေ့မှာ ရတနာပုံ၊ မကွေးအပြင် နောက်ဆုံး ဧရာဝတီနဲ့ယှဉ်ပြိုင်ဖို့ ကျန်တယ်။ ပွဲကျပ်တယ်။ ဖိအားတွေက နောက်ဆုံးပွဲအထိ အပြည့် ရှိနေတယ်။
ရန်ကုန်ကတော့ ဒီပွဲပြီးရင် ရခိုင်၊ ဧရာဝတီနဲ့ ISPE စတဲ့ပွဲတွေကျန်တယ်။ ရန်ကုန်လည်း ပွဲကျပ်နေတယ်။ လက်ကျန်ပွဲ ၄ ပွဲမှာ အမှတ်ပြည့်ရမယ်ဆိုရင် ၁၂ မှတ်၊ အဲ့ဒီ ရမှတ်တွေက ပြိုင်ဘက်တွေထဲမှာ အထစ်အငေါ့ မဖြစ်လာဘူးဆိုတာ မပြောနိုင်သေးဘူး။ မျှော်လင့်ချက် ရှိနေသေးတဲ့ အနေအထားနဲ့ ရန်ကုန်က ဒီပွဲကိုအိမ်ရှင်ပီပီ အရတိုက်မှာပါ။ ဟံသာဝတီအတွက်လည်း ပထမအကျော့တုန်းကလိုမျိုး အခြေအနေကောင်းတွေပေးမယ့် အခွင့် အရေးကို ဘယ်လိုမျိုး ယူပြမလဲဆိုတာ ကြည့်ရမယ်။ ပွဲကောင်းတစ်ပွဲထက် ပိုနေလိမ့်မယ်။
ဒီနေရာမှာတော့ ရှမ်းယူနိုက်တက်ကို စပြောချင်တယ်။ ဇယားထိပ်ဆုံးက ဧရာဝတီက ရခိုင်နဲ့တွေ့တယ်။ ဟံသာဝတီက ရန်ကုန်နဲ့တွေ့ပြီးပွဲကျပ်နေတဲ့ အချိန်မှာ ရှမ်းက ISPE နဲ့တွေ့တယ်။ ISPE ကို ပထအကျော့မှာ ရှမ်းက ၁-၀ နဲ့နိုင်ထားတယ်။ အဲ့ဒီတုန်းက အနေအထားနဲ့ အခုရှမ်းရဲ့ ခြေစွမ်းအနေအထား၊ ကစားအား၊ ကစားဟန်အပြင် စိတ်ဓါတ်ပိုင်းမှာ ခြားနားချက်တွေရှိနေတယ်။ တရစပ်နိုင်ထားတဲ့ နိုင်ပွဲ ၇ ပွဲက ဒီနေ့ မှာ နောက်ထပ်တစ်ပွဲ ထပ်ဆက်မလား၊ ပြိုင်ဘက်ကြောင့် တစ်ခုခုများဖြစ်မလားဆိုတဲ့ ဟာကိုရော ISPE နဲ့အတွေ့မှာ အတွေးတွေ ရဲပါ့မလား။

ပြိုင်ဘက်အသင်းကလည်း အသင်းကောင်းဖြစ်တာမှန်တယ်။ ဒါပေမယ့် အဆုံးသတ်မှာ ISPE လိုနေတဲ့ ကွက်လပ်တွေ အခုအချိန်အထိ ရှိနေတုန်းပဲ။ လူငယ်တွေ လုပ်အားက လျော့တွက်လို့ မရဘူး၊ မှားရင်အမှားကို သေချာစောင့်ပြီးယူနိုင်တဲ့ အသင်းက ISPE ပါပဲ။ ဒီတော့ ရှမ်းလျော့ မတွက်စေချင်မိဘူး။ ဒီနေ့ပွဲမှာ ရှမ်းရဲ့ ပွဲထွက် ၁၁ ယောက်ကို စိတ်ဝင်စားတယ်။ အရန်အင်အားကောင်းသလို နေရာစုံကစားနိုင်တဲ့ ကစားသမားတွေ အသင်းမှာ ခပ်များများရှိနေတဲ့အသင်း ဖြစ်တယ်။ ပြီးတော့ တစ်ဖက်အသင်းရဲ့ အလစ်အငိုက်ယူပြီး ဂိုးသွင်းခွင့်ကို ဘယ်တော့ မှ ခွင့်မပြုတတ်တဲ့အသင်းက ရှမ်းဖြစ်နေတယ်။
အဘူဘာကာရဲ့ ကစားဟန်ပြောင်းလဲလာမှု၊ သူနဲ့မက်ဆီမန် တိုက်စစ်အတွက် ကွင်းလယ်က ပုံစံချမှုတွေအပြင် ဘေးကရံထားတဲ့ တောင်ပံတွေက ဘောလုံးထွက်လာတဲ့ စနစ်တွေက ISPE ခံစစ်သမား ဇင်ရဲနောင်ကို အခက်တွေ့စေမှာသေချာတယ်။ တောင်ပံတိုက်စစ်ခြေစွာတဲ့ လင်းထက်စိုး မပါနိုင်ဘူးဆိုပေမယ့် ကျန်တဲ့သူတွေနဲ့ ခရီးဆက်နိုင်တယ်။ တစ်ခုပါပဲ၊ ပြောစရာကတော့ ပွဲဆက်များနေပြီး ပွဲတိုင်း ခံစစ်တန်းမှာ ဒီလူတွေနဲ့ ပွဲထွက်နေတဲ့ ISPE အတွက် မကွေးနဲ့ ပွဲတုန်းကလိုမျိုးမဖြစ်ဖို့တော့ သေချာဂရုစိုက်ရမယ်။ ဟုတ်တယ်။ ပွဲဆက်တွေများနေတော့ ISPE ရဲ့ ကစားသမားတွေလည်း ပွဲထွက် ၁၁ ယောက် မှာ အကောင်းစား တည်လို့ရတာမျိုး ဖြစ်မလာတော့ဘူး။

ရှိတာနဲ့ လှအောင်ပြင်ဆင်နေရတဲ့ အချိန်မှာ ရှမ်းကို ဘယ်လိုမျိုး ရင်ဆိုင်မလဲ။ အရန်အင်အား၊ အတွေ့အကြုံဟာ ဒီနေ့ပွဲအတွက် အဆုံးအဖြတ် ဖြစ်နေမလားပဲ။ လူစားလဲခွင့် ကလည်း ၃ ကြိမ်မှာ ၅ ယောက်အထိ ရထားတာဆိုတော့ လူအင်အား တောင့်တဲ့အသင်း၊ စိတ်ဓါတ်မြင့် တက်နေတဲ့အသင်း၊ ယုံကြည်မှု ပိုပိုရလာတဲ့ အသင်းဟာ ဒီနေ့ပွဲမှာ လိုတာကို ယူပြနိုင်တာရှိတယ်လို့ အများကသုံးသပ်နေတယ်။ တစ်ခုပဲ လုံးဝမပေါ့ဆရေးဟာ ဒီနေ့ပွဲ ရှမ်းအတွက် သိပ်ကိုအရေးကြီးတယ်ဆိုတာပါပဲ။
ရှမ်းက ဒီပွဲပြီးရင် ဧရာဝတီ၊ ဆောက်သမ်း၊ ရတနာပုံတို့နဲ့ဆုံတယ်။ ဒီနေ့ပွဲမှာ အမှတ်ယူပြထားမယ်။ ဂိုးတွေလည်းယူထားနိုင်မယ်ဆိုရင် ဧရာဝတီနဲ့ပွဲအတွက် အားလုံး ရယ်ဒီပြန်ဖြစ်နေကြဖို့ရှိမယ်။ ထပ်ပြောချင်တာကတော့ ဒီနေ့ပွဲအတွက် ISPE ရဲ့ လူငယ်များရဲ့ မာယာကို လျော့မတွက်စေချင်တာပါပဲ။ ကိုယ့်အလုပ်ကိုယ်လုပ်ထားနိုင်ရင် ဟံသာဝတီ၊ ရန်ကုန်၊ ဧရာဝတီ ပွဲမချောင်တဲ့ အနေအထားမှာ ရှမ်းအတွက် အခွင့်အရေးဆိုတာ ဒီနေ့မှာ အကောင်း ဆုံးတစ်ခုယူပြထားနိုင်ခွင့် ရှိနေမှာမို့လိုပါပဲ။
အမှတ်ပေးဇယားထိပ်ဆုံးက ဧရာဝတီကတော့ ရခိုင်နဲ့ဆုံတယ်။ ရခိုင်ကလည်းပြိုင်ဘက်ကောင်းရင် လိုက်ကောင်းတတ်တဲ့ အသင်းဆိုတော့ ဘယ်လိုမျိုးမဆို အမှားမရှိအောင်လို့ လုပ်လာမှာပါ၊ ဟံသာဝတီနဲ့ပွဲတုန်းက ကစားတာကောင်းတယ်။ ဒါပေမယ့် ဂိုးတွေ ပေးလိုက်ရတာက မထင်မှတ်တဲ့ အနေအထားတွေကနေချည်း ဖြစ်တယ်။ ဂိုးပေးရမှာစိုးရိမ် စိတ်များပြီး လိုက်ဖြတ်တောက်ရင်းနဲ့ မလိုအပ်တဲ့အမှားတွေပိုပြီး ဂိုးတွေပေးခဲ့ရတာပါ။ ဒီနေ့မှာ ဧရာဝတီကို အဲ့ဒီလိုမျိုးမဖြစ်အောင် စီမံလာဖို့လိုလိမ့်မယ်။

ဧရာဝတီအတွက် ဖိအားရှိတယ်။ စစ်ကိုင်းနဲ့ပွဲတုန်းကလိုမျိုး မဖြစ်ရအောင် သတိထားရမယ်။ နိုင်ခဲ့တယ်ဆိုပေမယ့် စစ်ကိုင်းရဲ့တိုက်စစ်ကို တော်တော်လေးလိုက်ထိန်းခဲ့ရတယ်။ ရခိုင်ကလည်း အဲ့ဒီလိုမျိုး ကစားလာနိုင်တယ်။ သူတို့တွေမှာ ဖိအားမှမရှိတာပါ။ တည်ငြိမ်မင်းတို့အားနဲ့ အလက်ဇန်ဒါးတို့ ရုန်းကန်မှုနဲ့ဆိုရင် ဧရာဝတီကိုလိုက်ယှဉ်နိုင်လိမ့်မယ်။ ပထမပိုင်းဆို ရခိုင်အသင်းက ရုန်းအားနဲ့ အလွတ်တည်ကန်ဘောတွေကနေ ဖိအားပေးတာ သိပ်ကောင်းတယ်။ ဒါကို ဧရာဝတီ သေချာသတိထားရမယ်။
ချမ်းဦးခြေစွာရင် ဧရာဝတီကွင်းလယ်ပိုင်း ဂရုစိုက်မှဖြစ်မယ်။ ဒီပွဲမှာ ဆာဆက်၊ သန်းထက်အောင်၊ ဗစ်တာ၊ တင်ဝင်းအောင်စတဲ့ ကစားသမားတွေအပြင် အခြားကစားသမားတွေလည်း ကျန်နေသေးတယ်။ စုစည်းမှုနဲ့ အရန်အင်အားလည်း တောင့်တယ်။ ဒါတွေကြောင့်လည်း ပြည့်စုံမှုရှိနေတဲ့ ဧရာဝတီအတွက်တော့ ရခိုင်ထိုးစစ်တွေကို သေချာထိန်းရင်း တစ်ဖက်အသင်း အမှားတွေကနေပြီး ပြန်ရုန်းထွက်ကာ ဆာဆက်တို့အားနဲ့ ဂိုးတွေယူဖို့လုပ်လာနိုင်တယ်။ မလုပ်လို့လည်းမရဘူး။ တရစပ်ကို လက်ကျန်ပွဲတွေမှာ ပွဲကျပ်တွေချည်း ကျန်နေတာပါ။
ဒီပွဲမှာမှ အမှတ်မယူထားနိုင်ရင် ခက်မယ်။ ရှေ့လာမယ့် ၃ ပွဲမှာ ရှမ်း၊ ရန်ကုန်နဲ့ဟံသာဝတီတို့ နဲ့ဆုံဖို့ကျန်တယ်။ ဒီတော့ ဧရာဝတီအတွက် ရခိုင်နဲ့ပွဲမှာ အားနည်းချက်တွေပြင်ပြီး အနိုင်တိုက်နိုင်မှဖြစ်မယ်။ အနိုင်မတိုက်နိုင်ရင် ရှေ့မှာ ခက်ခဲမှုတွေ အသင့်ရှိနေတယ်ဆိုတာ ပရိသတ်များလည်း မြင်တွေ့၊ သိပြီးသားဖြစ်နေလိမ့်မယ်။ အကြိတ်အနယ်လည်းရှိမယ်။ ပွဲလည်း ကောင်းမယ်။

ဒုတိယနေ့မှာတော့ စစ်ကိုင်းနဲ့ဆောက်သမ်းပွဲလည်း ကြည့်ကောင်းပြီး ပွဲကမြိုင်မယ်။ နိုင်ပွဲလိုအပ်နေတဲ့အသင်းတွေပီပီ တိုက်စစ်ဖွင့်ကြလိမ့်မယ်။ ပြီးတော့ အခွင့်အရေး၊ အဲ့ဒီအခွင့်အရေးဆိုတာ ဘယ်အသင်း အရယူပြနိုင်မလဲ။ ယူနိုင်တဲ့အသင်း အသာရဖို့အတော်လေးကို နီးစပ်မယ်။ တိုက်စစ်မှာ ဂိုးသွင်းမယ့်သူတွေ အဆုံးသပ် ကောင်းဖို့လိုတယ်။ အရင်လိုမျိုး လွဲချော်နေမယ်ဆိုရင် မလွယ်ဘူး။ ဒီပွဲလည်း ကြည့်ကောင်းမယ့်ပွဲတွေထဲ ထည့်ဖြစ်တယ်။
နောက်ဆုံးပြောရမှာကတော့ မြန်မာကစားသမားတွေ အချင်းချင်းဆုံတွေ့ယှဉ်ပြိုင်ကြမယ့် မကွေးနဲ့ ရတနာပုံပွဲဖြစ်တယ်။ မကွေးကလည်းလူစုံရင် ကစားတာသိပ်ကောင်းပြီး တွဲလုံးတွေနဲ့ကြည့်လှတယ်။ ဒီနေ့မှာရော မကွေးအနေနဲ့ ရတနာပုံတိုက်စစ်ကို ထိန်းချုပ်နိုင်မလား။ တန်ပြန်တိုက်စစ်တွေ သွားတာကောင်းသလောက် ခံစစ်ပိုင်းမှာ ရတနာပုံကို ပွဲချိန်ပြည့်ယှဉ်ဖို့ ရှိပါ့မလား။ အဲ့ဒါလေးကို စိတ်ဝင်စားတယ်။

ရတနာပုံက တစ်ပွဲထက်တစ်ပွဲစုစည်းမှုတွေ ပြည့်လာတဲ့အသင်း ဖြစ်တယ်၊ အောင်သူ ဂိုးရရ၊ မရရ ဝင်းနိုင်စိုးက ဂိုးတွေ ရနေတယ်။ သူဂိုးရစေဖို့ ကျန်တဲ့သူတွေ ပံ့ပိုးပေးနေတယ်။ သူလည်း ကိုယ်တိုင်ရုန်းတယ်။ ဒီတော့ မကွေးနောက်တန်း အမှားများလို့မရဘူး။ ရတနာပုံက အရန်အင်အားပါတောင့်တယ်၊ ခပ်မာမာတုံ့ပြန်မှုတွေကို ရင်ဆိုင်ဖို့ရှိနေကြတယ်။ ဒီတော့ မကွေးအတွက် စောစောဂိုးသွင်းထားနိုင်ဖို့လိုတယ်။ ဂိုးတစ်ဂိုးရရင် ရတနာပုံအတွက် ယှဉ်ပြိုင်ရတာကြပ်မယ်။
ဒါပေမယ့်အဆုံးသတ်ပိုင်းမှာ ရတနာပုံဟာမကွေးကို နှာတစ်ဖျားသာသယောင်လေး ရှိနေတာကြောင့် အဲ့ဒီအပိုင်းကို ထိထိမိမိနဲ့ ရယူနိုင်ဖို့လုပ်နိုင်မလားဆိုတာ ကြည့်ချင်မိနေပါတယ်။ မကွေးကတော့ ရတနာပုံကို ပြည်မိုး အားကိုးနဲ့ တိုက်စစ်မှာမိုက်ဖို့ရှိတယ်။ ပြည်မိုးလှုပ်မရ တိုးမရရင်တော့ စိုးလွင်လွင်ပါခဲ့ရင် သူ့တိုက်စစ်လုပ်အားက ထိမိတော့ ရတနာပုံခံစစ်ကို အခက်တွေ့စေနိုင်တယ်။ လူမစုံရင်တော့ မကွေးမလွယ်လှဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အနေအထားကတော့ ဒီပွဲစဉ်မှာကြည့်လှနေတယ်။ စိတ်ဝင်စားဖို့လည်းကောင်းတယ်။ ရပ်တည်မှုတွေ မှာ အဖြေပေါ်ဖို့ ဒီနေ့ပွဲတွေကသိပ်အရေးကြီးတယ်။ ဒါတွေကြောင့် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှာ ယှဉ်ပြိုင်မယ့် ဒီပွဲစဉ်တွေကို လက်လွတ်မခံစတမ်း စောင့်ကြည့်ဖို့ အသိပေးရင်း အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။