ပထမဆုံးနိုင်ပွဲအတွက် ကစားသမားများ၏ ကြိုးစားအားထုတ်မှုကသာ အဓိကကျခဲ့ကြောင်း ပြောဆိုလိုက်သည့် ဆောက်သမ်းအသင်းနည်းပြ

September 23, 2020

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲမှာ ဆောက်သမ်းမြန်မာအက်ဖ်စီအသင်းအနေနဲ့ ပထမဆုံးနိုင်ပွဲကို မကွေးအက်ဖ်စီအသင်းနဲ့ ပွဲစဉ်မှာ စတင်ရရှိခဲ့ပါတယ်။

Clean Sheet ရလဒ်နဲ့အတူ နိုင်ပွဲရခဲ့တဲ့ပွဲစဉ်ဟာ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ နိုင်လိုစိတ်ကြောင့်သာ ဖြစ်ပေါ်ခဲ့တာလို့ အသင်းနည်းပြချုပ် ဦးကျော်မင်းက မကွေးအက်ဖ်စီ (ဝ-၁) ဆောက်သမ်းမြန်မာ ပွဲစဉ်အပြီးမှာ ပြောကြားခဲ့ပါတယ်။

“ကစားသမားတွေရဲ့ နိုင်လိုစိတ်ပြင်းထန်မှုကြောင့်သာ နိုင်ပွဲရရှိခဲ့တာပါ။ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဒီနေ့ပွဲရလဒ်အပေါ် ချီးကျူးဂုဏ်ပြုပါတယ်။ ကျွန်တော်တို့အတွက် နိုင်သင့်နိုင်ထိုက်တဲ့ပွဲလည်းဖြစ်ပါတယ်” လို့ နည်းပြချုပ်က အသင်းသားတွေအပေါ် ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။

Y.U.S.C ကွင်းမှာ ကျင်းပခဲ့တဲ့ MPT Myanmar National League 2020 ပွဲစဉ် (၁၈) မှာ အောင်မြတ်သူရဲ့ သွင်းဂိုးနဲ့အတူ ဆောက်သမ်းအသင်းအနိုင်ရခဲ့တာဖြစ်ပြီး သေချာပေါက် ဂိုးဖြစ်စေမယ့် အလားတူ အခွင့်အရေးတွေ ထပ်မံပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဂိုးမရခဲ့ပါဘူး။

“ဒီနေ့ပွဲရလဒ်က ကျွန်တော်တို့အတွက် ဖိအားအနည်းငယ်လျော့ချနိုင်ခဲ့တဲ့ ပွဲလို့ပြောရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီး ဂိုးပြတ်သင့်တဲ့ ပွဲလည်းဖြစ်ပါတယ်။ ပထမပိုင်းမှာတင် အခွင့်အရေး သုံးကြိမ်ထက် မနည်းရခဲ့တယ်။ အသင်းရဲ့ ခံစစ်ကစားပုံရော၊ တောင်ပံတွေက ရွေ့လျားမှုတွေလည်းကောင်းခဲ့တယ်။ ဘာပဲပြောပြော ဒီနေ့ပွဲရလဒ်ကို ကျေနပ်ပါတယ်။ လက်ကျန်နှစ်ပွဲကိုလည်း အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာပါ” ဆိုပြီး နည်းပြချုပ် ဦးကျော်မင်းက ပြောဆိုခဲ့တာပါ။

ဆောက်သမ်းမြန်မာအသင်းအနေနဲ့ လက်ကျန်နှစ်ပွဲမှာ ရှမ်းယူနိုက်တက်၊ ရခိုင်ယူနိုက်တက်အသင်းတို့နဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။