ဒဂုံအသင်း မြန်မာနေရှင်နယ်လိဂ် −၂ သို့ ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်မည်

January 6, 2021

၂၀၁၉ ဘောလုံးရာသီက MPT မြန်မာနေရှင်နယ်လိဂ်သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး ရာသီကုန်တွင် တန်းဆင်းခဲ့ရပြီးနောက် ပြိုင်ပွဲမှ နှုတ်ထွက်သွားခဲ့သည့် ဒဂုံဘောလုံးအသင်းသည် လာမည့် ၂၀၂၁ ဘောလုံးရာသီတွင် လိဂ်−၂ ပြိုင်ပွဲသို့ တဖန်ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ် လိဂ်ကော်မတီ အစည်းအဝေးတွင် ဒဂုံအသင်း ဥက္ကဌ ဦးခင်မောင်စိုးက ဒဂုံအသင်းအနေဖြင့် လာမည့် ၂၀၂၁ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် −၂ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိစ္စရပ်ကို တင်ပြခဲ့ပြီး လိဂ်ကော်မတီက အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ဒဂုံဘောလုံးအသင်းကို ၂၀၀၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်က စတင်ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ်−၂ ဘောလုံးပြိုင်ပွဲတွင် တောက်လျှောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ၂၀၁၈ ဘောလုံးရာသီ အပြီးတွင် MPT မြန်မာနေရှင်နယ်လိဂ် သို့ တန်းတက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ဒဂုံအသင်း အနေဖြင့် ၂၀၁၉ MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပြီး နိုင်ပွဲ (၅)ပွဲ၊ သရေ (၃) ပွဲ၊ ရမှတ် ၁၈ မှတ်ထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ရာသီကုန်တွင် ချင်းလန်းအသင်းနှင့်အတူ လိဂ်−၂ သို့ တန်းဆင်းခဲ့ရပြီးနောက် ပြိုင်ပွဲမှ နှုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။