News

2024 MNL U-20 Youth League ချန်ပီယံဆုပေးပွဲ အခမ်းအနားကျင်းပ

By fridaythihazaw

November 30, 2024

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသည့် MNL (U-20) Youth League 2024 ရာသီပိတ် နောက်ဆုံးပွဲစဉ်တစ်ပွဲအဖြစ် နိုဝင်ဘာ ၃၀ ရက်(ယနေ့)ညနေက သုဝဏ္ဏကွင်း၌ Junior Lions အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း တို့ ကစားခဲ့ကြပြီး Junior Lions က ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။Junior Lions အသင်းသည် ယနေ့နိုင်ပွဲကြောင့် ရမှတ် ၅၁ မှတ်ဖြင့် ဒုတိယ ရခဲ့ပြီး ISPE အသင်းသည် ရမှတ် ၄၆ မှတ်ဖြင့် တတိယရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယနေ့ ပွဲမတိုင်မီ နှစ်ပွဲအလို၌ပင် ရမှတ် ၅၂ မှတ်ဖြင့် ချန်ပီယံဖြစ်ထားသည့် အသင်းဖြစ်သည်။

Junior Lions အသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့ ပွဲစဉ်အပြီးတွင် ချန်ပီယံဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။ရှေးဦးစွာ MNL (U-20) Youth League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်း အများဆုံးဆုကို ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး စိုင်းဇေယျာကျော် သွင်းဂိုး ၁၅ ဂိုးဖြင့် ရရှိခဲ့ပြီး စိုင်းဇေယျာကျော်အတွက် ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် သုံးသိန်း ချီးမြှင့်ခြင်းကို မြန်မာနေရှင်နယ်လိဂ်စီအီးအို ဦးစိုးမိုးကျော်က ချီးမြှင့်ပေးခဲ့ သည်။

ထို့နောက် ပြိုင်ပွဲတွင် တတိယဆုရခဲ့သည့် ISPE အသင်းသည် တစ်ဦးချင်း ကြေးတံဆိပ် ဆုများနှင့်အတူ ဆုငွေကျပ် သိန်း ၁၀၀ ရရှိခဲ့သည်။ ISPE အတွက် တစ်ဦးချင်း ကြေး တံဆိပ် ဆုတံဆိပ်များကို မြန်မာနိုင်ငံ ဘောလုံးဖွဲ့ချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးစည်သူဝင်းက ချီးမြှင့်ပေးခဲ့ပြီး ဆုငွေကျပ် သိန်း ၁၀၀ ကို Essential Motor by BYD မှ Head of Operations ဦးကျော်နိုင်ဦးက ချီးမြှင့်ပေးခဲ့သည်။

ပြိုင်ပွဲတွင် ဒုတိယဆုရခဲ့သည့် Junior Lions အသင်းသည် တစ်ဦးချင်း ငွေတံဆိပ်နှင့် အတူ ဆုငွေကျပ် သိန်း ၁၂၀ ရရှိခဲ့သည်။ Junior Lions အသင်းအတွက် တစ်ဦးချင်း ငွေ တံဆိပ်ဆုများနှင့် ဆုငွေကျပ် သိန်း ၁၂၀ တို့ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက ချီးမြှင့်ပေးခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲတွင် ပထမရခဲ့သည့် ရှမ်းယူနိုက်တက်အသင်းသည် တစ်ဦးချင်း ရွှေ တံဆိပ် ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သိန်း ၁၅၀ ရရှိခဲ့သည်။ ရှမ်းယူနိုက်တက် အသင်း အတွက် တစ်ဦးချင်း ရွှေတံဆိပ်ဆုနှင့် ဆုငွေကျပ် သိန်း ၁၅၀ တို့ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေက ချီးမြှင့်ပေးခဲ့သည်။

MNL (U-20) Youth League 2024 အမှတ်ပေးဘောလုံးပြို်င်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် ရှမ်းယူနိုက်တက် ယူ-၂၀ အသင်းအတွက် ချန်ပီယံဆုဖလားကို မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်းက ချီးမြှင့်ပေးခဲ့သည်။