Features

၁၅ ပွဲမြောက် ပွဲတွင် နိုင်ပွဲ စတင်ရခဲ့သည့် ရခိုင်ယူနိုက်တက်အသင်း

By fridaythihazaw

January 15, 2025

Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-15) ပွဲစဉ် တစ်ပွဲ အဖြစ် ဇန်နဝါရီ ၁၀ ရက်(ယနေ့)၊ ညနေက YUSC ကွင်း၌ ရခိုင်ယူနိုက်တက် အသင်းနှင့် မြဝတီအသင်းတို့ ကစားခဲ့ကြပြီး ရခိုင်ယူနိုက်တက်အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရ ခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းအတွက် ပထမဦးဆောင်ဂိုးကို ပွဲချိန် ၃၂ မိနစ်တွင် သန်းကျော် ဌေးက သွင်းယူပေးခဲ့ပြီး အနိုင်သေချာစေမည့် ဂိုးကို လူစားဝင်ရောက်လာသည့် စောလင်း ထက်ပိုင် ပွဲချိန် ၇၉ မိနစ်တွင် သွင်းယူပေးခဲ့သည်။ မြဝတီအသင်းအတွက် ချေပဂိုး တစ်ဂိုးကို ပွဲချိန် ၅၀ မိနစ်တွင် တိုက်စစ်မှူး နိုင်ဇင်ထက်က သွင်းယူပေးခဲ့သည်။ ယနေ့ နိုင်ပွဲရခဲ့သည့် ရခိုင်ယူနိုက်တက်အသင်းသည် ၁၅ ပွဲမြောက်ပွဲတွင် နိုင်ပွဲ စတင်ရခဲ့ခြင်း ဖြစ်ပြီး ၁၅ ပွဲကစားအပြီးတွင် တစ်ပွဲ နိုင်၊ သုံးပွဲသရေ၊ ၁၁ ပွဲ ရှုံး ရမှတ် ၆ မှတ်ဖြင့် အဆင့် ၁၁ သို့ တက်ရောက်ခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းကို ရှုံးခဲ့သည့် မြဝတီအသင်း သည် ရမှတ် လေးမှတ်ဖြင့် အဆင့် ၁၂ သို့ ဆင်းခဲ့ရသည်။