Features

မဟာယူနိုက်တက်ကို အနိုင်ယူကာ လေးပွဲမြောက် နိုင်ပွဲရခဲ့သည့် ဒဂုံပေါ့အသင်း

By fridaythihazaw

January 18, 2025

ယနေ့ ညနေက သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် ဒဂုံပေါ့အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ပွဲစဉ်တွင် ဒဂုံပေါ့အသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။မဟာယူနိုက်တက်အသင်းသည် ပထမပိုင်းတွင် ဒဂုံပေါ့အသင်းဘက်သို့ သိသာစွာထိုးဖောက် ကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၄ မိနစ်တွင် ဦးဆောင်ဂိုး စတင်ရခဲ့သည်။ ပထမပိုင်းအပြီးတွင် မဟာယူနိုက်တက်အသင်းက ဒဂုံပေါ့အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ဒုတိယပိုင်းတွင် ဒဂုံပေါ့အသင်းမှ တိုက်စစ်မှူး မိုဂူကို နှင့် ကစားသမားအချို့ကို လူစားလဲပြီးနောက် ဒဂုံပေါ့အသင်း ခြေစွမ်း သိသာစွာ ပိုကောင်းခဲ့သည်။ ပွဲချိန် ၅၄ မိနစ်တွင် ဒဂုံပေါ့အသင်း ချေပဂိုးရခဲ့ပြီး မဟာယူနိုက်တက် နောက်ခံလူ တိုးဆက်နိုင်က ကိုယ့်ဂိုး ကိုယ် သွင်းမိခဲ့ခြင်းဖြစ်သည်။ပွဲချိန် ၇၄ မိနစ်တွင် ဒဂုံပေါ့အသင်းက ဦးဆောင်ဂိုးရခဲ့ပြီး မိုဂူက သွင်းယူပေးခဲ့သည်။ သုံးမိနစ်အကြာတွင် မဟာယူနိုက်တက်က ချေပဂိုး ပြန်ရခဲ့ပြီး သက်နိုင်က သွင်းပေးခဲ့သည်။ ဒဂုံပေါ့အသင်း အတွက် အနိုင်သေချာစေမည့်ဂိုးကို ပွဲချိန် ၈၄ မိနစ်တွင် လရောင်က သွင်းယူပေးခဲ့သည်။ပွဲအပြီးတွင် ဒဂုံပေါ့အသင်းက မဟာယူနိုက်တက်ကို ၃-၂ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။