ယနေ့ ညနေက သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် မဟာယူနိုက်တက်အသင်းနှင့် မြဝတီ အသင်းတို့ပွဲစဉ်တွင် မဟာယူနိုက်တက်အသင်းက ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
မဟာယူနိုက်တက်အသင်းသည် ယနေ့ပွဲတွင် လူငယ်ကစားသမားအများစုဖြင့် ပွဲထွက် လာခဲ့ပြီး မြဝတီအသင်းသည် ပုံမှန်ပွဲထွက်နေသည့် ကစားသမားအများစုဖြင့် ပွဲထွက် လာခဲ့သည်။ ပွဲချိန် ၃၇ မိနစ်တွင် မြဝတီအသင်းက ဦးဆောင်ဂိုးစတင်ရခဲ့ပြီး သီဟအောင်က ခေါင်းတိုက်သွင်းပေးခဲ့သည်။ မြဝတီအသင်းသည် ဦးဆောင်ဂိုးရပြီး တစ်မိနစ်အကြာတွင် ချေပဂိုး ပြန်လည်ပေးခဲ့ရပြီး မဟာယူနိုက်တက်တိုက်စစ်မှူး ကောင်းမြတ်သူက သွင်းယူပေးခဲ့သည်။ ပထမပိုင်းပြီးဆုံးချိန်တွင် တစ်ဂိုးစီ သရေကျခဲ့ သည်။
ဒုတိယပိုင်းတွင် မဟာယူနိုက်တက်အသင်းမှ အာကာကျော်၊ ပက်ထရစ်အစရှိသည့် အဓိက ကစားသမားအချို့လူစားလဲခဲ့ပြီး ပွဲချိန် ၄၇ မိနစ်တွင် မဟာယူနိုက်တက် အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့သည်။ မဟာယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို ကျော်စွာမင်းက သွင်းယူပေးခဲ့သည်။ မဟာယူနိုက်တက်အသင်းသည် လူစားလဲမှုအချို့ ပြုလုပ်ပြီးသည့်နောက်တွင် ကစားပုံသိသာစွာ ကောင်းမွန်ခဲ့ပြီး ပွဲချိန် ၅၂ မိနစ်နှင့် ၅၇ မိနစ်များတွင် တတိယဦးဆောင်ဂိုးနှင့် စတုထ္ထဦးဆောင်ဂိုးများရခဲ့သည်။ ယင်းဂိုးများကို ပက်ထရစ်နှင့် နေလင်းစိုးတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ လက်ကျန်မိနစ်များတွင် နှစ်သင်းစလုံးဂိုးမရခဲ့ဘဲ ပွဲပြီးဆုံးချိန်တွင် မဟာယူနိုက်တက် အသင်းက မြဝတီအသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယနေ့ပွဲတွင် အနိုင်ရခဲ့သည့် မဟာယူနိုက်တက်အသင်းသည် ၂၀ ပွဲကစားအပြီးတွင် ၁၀ ပွဲ နိုင်၊ နှစ်ပွဲ သရေ၊ ရှစ်ပွဲ ရှုံး ရမှတ် ၃၂ မှတ်ဖြင့် အဆင့် ၅ တွင် ဆက်လက်ရပ် တည်နိုင် ခဲ့သည်။ ရှုံးနိမ့်ခဲ့သည့် မြဝတီအသင်းသည် ၂၀ ပွဲကစားအပြီးတွင် နှစ်ပွဲ နိုင်၊ နှစ်ပွဲ သရေ၊ ၁၅ ပွဲရှုံး ရမှတ် ရှစ်မှတ်ဖြင့် အဆင့် ၁၂ တွင် ဆက်လက်ရပ်တည်ခဲ့သည်။