MNL League Cup 2025 ပြိုင်ပွဲအတွက် ပွဲစဉ်မဲနှိုက်ရေးဆွဲခြင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်

April 24, 2025

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပမည့် MNL League Cup 2025 ပြိုင်ပွဲအတွက် ပွဲစဉ်များမဲနှိုက်ရေးဆွဲခြင်းနှင့် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နေ့လည်ပိုင်းက သုဝဏ္ဏဘောလုံးကွင်းပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်မင်းသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ်ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်-၁၊ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင်အသင်းများမှ အမှုဆောင်အရာရှိချုပ်များ၊ အသင်းအထွေထွေမန်နေဂျာများနှင့် နည်းပြချုပ်များ၊ သက်ဆိုင်ရာကလပ်အသင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားမစတင်မီ မတ်လ ၂၈ ရက်ကငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသူများနှင့် ထပ်တူဝမ်းနည်းကြောင်း ပြသသည့်အနေဖြင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ခြင်း အစီအစဉ်ပြုလုပ်ပြီးနောက် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်မင်းသိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ်ဦးစိုးမိုးကျော်က ပြိုင်ပွဲနှင့်ပတ်သက်သည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် တာဝန်ရှိသူများမှ ပွဲစဉ်များ မဲနှိုက်ရေးဆွဲသတ်မှတ်ခြင်းနှင့် အုပ်စုတစ်ခုချင်းစီအလိုက် မီဒီယာများအားမိတ်ဆက်ရှင်းလင်းပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။

MNL League Cup 2025 ပြိုင်ပွဲတွင် လိဂ်-၁၊ လိဂ်-၂မှ ပြိုင်ပွဲဝင် အသင်း (၂၀) ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ အုပ်စု(A)တွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်၊ ယူနီဗာစတီ၊သစ္စာအားမာန်၊ ဒဂုံပေါ့၊ ယန်းဘွိုင်းအသင်းတို့ပါဝင်ကာ အုပ်စု(B)တွင် ရန်ကုန်ယူနိုက်တက်၊ ကချင်ယူနိုက်တက်၊ မဟာယူနိုက်တက်၊ဧရာဝတီယူနိုက်တက်နှင့် YRFA အသင်းတို့ ကျရောက်ခဲ့သည်။

အလားတူ ဟံသာဝတီယူနိုက်တက်၊ ချင်းလန်း၊ ISPE၊ ရခိုင်ယူနိုက်တက်နှင့် Glory Goal အသင်းတို့ အုပ်စု(C)၌ ပါဝင်ခဲ့ကာ အုပ်စု (D)တွင် ဒဂုံစတားယူနိုက်တက်၊ ရာမညယူနိုက်တက်၊ ရတနာပုံ၊ မြဝတီနှင့် Silver Stars အသင်းတို့ တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။

ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်သည့် MNL League Cup 2025 ပြိုင်ပွဲကို သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်း၊Y U.S.Cနှင့် ယူနီဗာစတီကွင်းတို့၌ ဧပြီ ၂၉ ရက်မှ ဇူလိုင်လ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

MNL League Cup 2025 ပွဲစဉ်များအား MRTV-4 နှင် ဆက်စပ်ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါသည်။