Features

AFF Shopee Cup 2025-26 ခြေစစ်ပွဲတွင် လာအိုကလပ်နှင့်ကစားရမည့် ရှမ်းယူနိုက်တက်အသင်း

By fridaythihazaw

July 04, 2025

မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) မှ ကြီးမှူးကျင်းပသော အာဆီယံကလပ်ချန်ပီယံရှစ် Shopee Cup 2025-2026 ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဇူလိုင် ၄ ရက်(ယနေ့) မွန်းလွှဲပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်ခဲ့သည့် အာဆီယံကလပ်ချန်ပီယံရှစ် Shopee Cup 2025-2026 ပြိုင်ပွဲ၏ မဲနှိုက်ရေးဆွဲပွဲအခမ်းအနားသို့ အာဆီယံဘောလုံးအဖွဲ့ချုပ်ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဌ ဦးပြည့်ဖြိုးတေဇမှ တက်ရောက်မဲနှိုက်ပေးခဲ့သည်။

ခြေစစ်ပွဲအဆင့်တွင် လာအိုကလပ် EZRA FC (၂၀၂၄-၂၅ လာအိုလိဂ်ဝမ်းချန်ပီယံ)အသင်းနှင့် အိမ်ကွင်း၊အဝေးကွင်းနှစ်ကျော့ ကစားရမည်ဖြစ်သည်။ခြေစစ်ပွဲပထမအကျော့ကို လာမည့် ဩဂုတ် ၈ ရက်တွင် လာအိုနိုင်ငံ၌ သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ခြေစစ်ပွဲဒုတိယအကျော့ကို လာမည့် ဩဂုတ် ၁၅ ရက်တွင် သုဝဏ္ဏကွင်း၌ ကစားရမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် အဆိုပါ ခြေစစ်ပွဲအဆင့်အား ဖြတ်ကျော်နိုင်ခဲ့လျင် ဘန်ကောက်ယူနိုက်တက်(ထိုင်း)၊ဂျိုဟိုးဒါရူလ်းတာဇမ်(မလေးရှား)၊ နမ်ဒင်းအက်ဖ်စီ(ဗီယက်နမ်)၊ လိုင်းယွန်းစီးတီးဆေလ်လာ(စင်ကာပူ)၊ PKR Svay Rieng FC(ကမ္ဘောဒီးယား) အသင်းတို့ပါဝင်သည့် အုပ်စု (B) တွင် ကျရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။