Grassroots Festival နှင့် U-14 football Tournament များ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ပုသိမ်မြို့တွင် ပြုလုပ်ခဲ့

March 21, 2018

ကလေးသူငယ်များ ဘောလုံးအားကစားတွင် ပိုမိုစိတ်ပါဝင်စားလာပြီး ကျန်းမာကြံ့ခိုင်လာရန်နှင့် မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြုလုပ်မည့် Grassroots Festival နှင့် U-14 football Tournament များ ကျင်းပနိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ရှိ ကိုးသိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ Grassroots Festival နှင့် U-14 football Tournament များ ကျင်းပနိုင်ရန် အတွက် မြန်မာနေရှင်နယ်လိဂ်၏ အဓိက မိတ်ဖက်ဖြစ်သည့် MPT မှ အဓိက ပံ့ပိုးပေးခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသွားရန် စီစဉ်ထားရာ မကြာမီ ရက်များအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများသို့ သွားရောက်ကာ ညှိနှိုင်းအစည်းအဝေးများ ကျင်းပသွားမည် ဖြစ်သည်။ 

ယင်းအခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးစိုးညွန့်နှင့် လက်ထောက် ညွှန်ကြားရေးမှူးများ၊ တိုင်းပညာရေးမှူးနှင့် အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ ဆရာ၊ ဆရာမများ၊ ပုသိမ်မြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးကြည်အောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်မှ COO ဦးဆူးအောင်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲကို အဓိက ပံ့ပိုးမည့် MPT မှ တာဝန်ရှိသူများ စုံစုံညီညီ တက်ရောက် ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်မှ ပုသိမ်မြို့တွင် Grassroots Festival နှင့် U-14 football Tournament ကျင်းပသွားမည့် နေ့ရက်၊ ပြိုင်ပွဲပုံစံ အစရှိသည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြာ ဧရာဝတီ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွန့်ကလည်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး ကျယ်ပြန့်စွာ ပါဝင်လာနိုင်ရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Grassroots Festival နှင့် U-14 football Tournament များကို ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ မြို့ကြီးများ ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ မုံရွာ၊ ပဲခူး၊ မော်လမြိုင်၊ စစ်တွေ အစရှိသည့် မြို့ကြီး ၈ မြို့တွင် ကျင်းပသွားမည် ဖြစ်ကာ ပုသိမ်မြို့တွင် အောက်တိုဘာလအတွင်း ကျင်းပသွားမည် ဖြစ်သည်။