ISPE(A) ကို အနိုင်ကစားကာ ရှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို ဆောက်သမ်း ရပ်တန့်နိုင်ခဲ့

August 26, 2018

MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-21) ရွှေ့ဆိုင်းလက်ကျန် ပွဲစဉ်တစ်ပွဲအဖြစ် သြဂုတ် ၂၆ ရက်(ယနေ့)ညနေက ပဒုမ္မာကွင်းတွင် ဆောက်သမ်းအသင်းနှင့် ISPE(A) အသင်းတို့ကစားခဲ့ရာ ဆောက်သမ်းအသင်းက ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ပထမပိုင်းတွင် ISPE(A) ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဦးဆောင်ဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း ဆောက်သမ်းအသင်း၏ မာမာထန်ထန် တုံ့ပြန်မှုကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ ပွဲချိန် ၁၂ မိနစ်တွင် ဆောက်သမ်းအသင်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် ဦးဆောင်ဂိုးရခဲ့ပြီး အေးအေးထွန်းက သွင်းယူပေးခဲ့သည်။ နောက်ထပ် ရှစ်မိနစ်အကြာတွင် ဆောက်သမ်းမှ ထပ်မံဦးဆောင်ဂိုးရခဲ့ပြီး ချမ်းမြေသူက သွင်းယူ ပေးခဲ့သည်။ ပထမပိုင်းပြီးခါနီး နှစ်မိနစ်အလိုတွင် ဆောက်သမ်းမှ ထပ်မံ ဂိုးရခဲ့ပြီး ပထမဂိုးသွင်းယူပေးထားသည့် အေးအေးထွန်းက ထပ်မံ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းအပြီးတွင် ဆောက်သမ်းအသင်းမှ သုံးဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။ ISPE(A) အသင်း သည် ယနေ့ပွဲစဉ်တွင် အဓိက ကစားသမားအချို့ကို အနားပေးကာ အရန်ကစားသမားအများစုဖြင့် ပွဲထွက်လာခြင်းဖြစ်သည်။

ဒုတိယပိုင်း တွင် ISPE(A) အသင်းမှ လွင်မိုးအောင် ၊ နန်းထိုက်ဇော် စသည့် အဓိက ကစားသမားအချို့ထပ်မံ ထည့်သွင်းခဲ့သည်။ ဆောက်သမ်းအသင်းသည် ဒုတိယပိုင်းတွင်လည်း ISPE(A) အသင်းကို မာမာထန်ထန်တုံ့ပြန်ကာ တန်ပြန်တိုက်စစ်များဖြင့် အကောင်းဆုံး ကစားခဲ့သည်။ ပွဲချိန် ၈၀ မိနစ်တွင် ဆောက်သမ်းမှ ထပ်မံဦးဆောင်ဂိုးရခဲ့ပြီး ဇော်ဝင်းနိုင်က သွင်းယူပေးခဲ့သည်။ ISPE(A) အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၉၀+၁ မိနစ်တွင် လင်းထက်စိုးက သွင်းယူပေးခဲ့သည်။

ယနေ့ပွဲစဉ်တွင် အနိုင်ရခဲ့သည့် ဆောက်သမ်းအသင်းသည် ၂၅ ပွဲကစားပြီးချိန်တွင် ခုနစ်ပွဲ နိုင်၊ ခြောက်ပွဲ သရေ၊ ၁၂ ပွဲ ရှုံးကာ ရမှတ် ၂၇ ဖြင့် အဆင့် ၈ နေရာသို့ တက်ရောက်နိုင်ခဲ့သည်။ ဆောက်သမ်းအသင်းသည် (Week-26) နောက်ဆုံးပွဲစဉ်အဖြစ် မြ၀တီအသင်းနှင့် ကစားရမည်ဖြစ်ပြီး ISPE(A) အသင်းသည် နောက်ဆုံးပွဲစဉ်အဖြစ် ရတနာပုံအသင်းနှင့် ကစားရမည်ဖြစ်သည်။

ယနေ့ ယှဉ်ပြိုင်ကစားခဲ့သည့် အခြားပွဲရလဒ်များတွင် ရှမ်းအသင်းက MFF Youth အသင်းကို ၂-၀ ဂိုး၊ ရတနာပုံအသင်းက စစ်ကိုင်းအသင်းကို ၁-၀ ဂိုးတို့ဖြင့် အသီးသီးအနိုင်ရခဲ့ပြီး မကွေးအသင်းနှင့် ရန်ကုန်အသင်းတို့မှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။

Standing