MFF – MPT Grassroots Football Festival 2018(TaungGyi) အတွက် လူငယ်ဘောလုံးပွဲတော် နည်းပြ သင်တန်းဖွင့်လှစ်

November 23, 2018

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိက မိတ်ဖက် MPT တို့၏ ပံ့ပိုးမှု၊ Myanmar Care ၏ ကူညီမှု၊ ရှမ်းယူနိုက်တက်အသင်းတို့၏ ပူးပေါင်းပါဝင်မှုဖြင့် တောင်ကြီးမြို့တွင် ကျင်းပမည့် MFF – MPT Grassroots Football Festival 2018 (TaungGyi)ဇုန်အတွက် Grassroots Coaching Course (လူငယ်ဘောလုံးပွဲတော်နည်းပြသင်တန်း)ကို တောင်ကြီးမြို့ရှိ တောင်ကြီးဘောလုံးကွင်းတွင် နိုဝင်ဘာ ၂၃ ရက်(ယနေ့)က စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ လူငယ်ဘောလုံးပွဲတော် နည်းပြသင်တန်းကို နိုဝင်ဘာ ၂၃ ၊ ၂၄ ရက်ထိ နှစ်ရက်ကြာ ကျင်းပမည် ဖြစ်ပြီး တောင်ကြီးမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကာယဆရာ/ ဆရာမများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီမှ သင်တန်းသားများ၊ ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သင်တန်းသားများနှင့် ဘောလုံးအားကစားဝါသနာရှင်များ အပါအဝင် စုစုပေါင်း သင်တန်း သား ၅၀ ဦး တက်ရောက်လျက်ရှိသည်။ လူငယ်ဘောလုံးပွဲတော်နည်းပြသင်တန်းကို သင်တန်းနည်းပြ အဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ Grassroots တာဝန်ခံ ဦးဘုန်းညွှန့်ကိုမှ စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိသည်။

လူငယ်ဘောလုံးပွဲတော် နည်းပြသင်တန်းတွင် တက်ရောက်ခဲ့သည့် သင်တန်း နည်းပြဆရာများသည် နိုဝင်ဘာ ၂၅ ရက်တွင် ကျင်းပမည့် MFF – MPT Grassroots Football Festival 2018 ဘောလုံးပွဲ တော်တွင် သင်တန်းနည်းပြဆရာများအဖြစ် ပြန်လည်တာဝန် ထမ်းဆောင်မည်ဖြစ်သည်။ ထို့ပြင် လာမည့်နှစ်များတွင် ကျင်းပပြုလုပ်မည့် MFF – MPT Grassroots Football Festival ပွဲတော်များတွင် လည်း ဆက်လက်တာဝန်ယူသွားမည်ဖြစ်သည်။ MFF-MPT Grassroots Football Festival 2018 (TaungGyi) ပွဲတော်နှင့်အတူ MPT U-14 Football Tournament 2018 (TaungGyi) ၏ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်တွင် စတင် ကျင်းပမည်ဖြစ်သည်။ MPT U-14 Football Tournament 2018 (TaungGyi) ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း ၁၂ သင်းနှင့်အတူ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၅ ရက်ထိ ၊ တောင်ကြီး ပြည်နယ်အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။

မြန်မာ့ဘောလုံးအားကစား ဖွံ့ ဖြိုးတိုးတက်ရေးအတွက် Grassroots ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ များအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပ လျက်ရှိရာ လက်ရှိတွင် မန္တလေး၊ မုံရွာ၊ ပဲခူး၊ မော်လမြိုင်၊ စစ်တွေ၊ ပုသိမ်၊ ရန်ကုန်မြို့များတွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။