MNL နှင့် MPT တို့ ပူးပေါင်း စီစဉ်ထားသည့် အမေး အဖြေကဏ္ဍမှ ရခိုင်ယူနိုက်တက်အသင်းတောင်ပံ ကစားသမား ဇော်ဇော်နိုင်၏ အဖြေများ

October 16, 2018

ယခုအစီအစဉ်အား မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး ပုံစံတူ မေးခွန်းများအား မြန်မာနေရှင်နယ်လိဂ် ကလပ်များမှ နည်းပြများနှင့် ကစားသမားများက ကိုယ်ပိုင်အမြင်များဖြင့် ဖြေဆိုကြခြင်းဖြစ်သည်။ ယခုတစ်ပတ်တွင် ရခိုင်ယူနိုက်တက်အသင်း၏ တောင်ပံကစားသမား ဇော်ဇော်နိုင်၏ အဖြေများကို တင်ဆက်ပေးလိုက်ရပါသည်။

မေး- လူတော်တော်များများက ပထမဦးစားပေး အသက်မွေးဝမ်းကြောင်း အဖြစ် မရွေးချယ်ကြတဲ့ ဘောလုံးအားကစားကို ဘာလို့ ရွေးချယ်ခဲ့တာလဲ ? ဘာတွေကြောင့် ခုလို ရွေးချယ်တာလဲ ?

ဘောလုံးအားကစားကို အသက်မွေးဝမ်းကျောင်းအဖြစ် ရွေးချယ်ရတဲ့ အဓိက အချက်က ဘောလုံးကစားနည်းကို ဝါသနာပါလို့ပါပဲ။ ငယ်ငယ်က အားကျခဲ့ရတဲ့ ကမ္ဘာကျော် ဘောလုံးသမားတွေလို ဖြစ်ချင်တာကြောင့်လည်း ပါတယ်။

မေး- နိုင်ပွဲတွေ ရယူနိုင်ဖို့ တစ်ခြားသူတွေနဲ့ မတူအောင် ဘယ်လိုပြင်ဆင် ကြိုးစားခဲ့ရလဲ။

နည်းပြရဲ့ လေ့ကျင့်ရေး အစီအစဉ်အတိုင်း လေ့ကျင့်ပါတယ်။ နောက်တစ်ခုက ကိုယ်ပိုင်အားလပ်ချိန်မှာလည်း ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေလုပ်တယ်။ နိုင်ငံတကာက အားကစားသမားတွေရဲ့ နေထိုင် စားသောက်မှု ပုံစံတွေကိုလည်း လိုက်လေ့လာပြီး ကြိုးစားလေ့ကျင့်ဖြစ်ပါတယ်။
မေး- ကတည်းက လေးစားအားကျရတဲ့ ဘောလုံးသမားက ဘယ်သူဖြစ်မလဲ။ ဘာကြောင့်လဲ။ ကိုယ့်ကိုကိုယ်ရော ဘောလုံးအားကစားမှာ တော်တော်လေး ခရီးရောက်နေပြီ ထင်လား။

အားကျရတဲ့ ဘောလုံးသမားက စီရော်နယ်ဒိုပါ။ သူက သူ့ရဲ့စွမ်းဆောင်ရည်ကို ဘယ်အချိန်ပဲ ဖြစ်ဖြစ် ပုံမှန်ထိန်းထားနိုင်ပြီး ဥရောပ လိဂ်တိုင်းမှာ သူ့ရဲ့စွမ်းရည်ကို အကောင်းဆုံး ထုတ်ပြနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဘောလုံးနယ်ပယ်ထဲမှာ ရည်ရွယ်တဲ့ အဆင့်တစ်ခုရောက်ဖို့ ကြိုးစားနေရတုန်းပါ။

မေး- ဘယ်အရွယ်ကစပြီး ဘောလုံးကစားဖြစ်လဲ၊ ကစားလာတဲ့ တစ်လျှောက်လုံးမှာ ဘယ်လို အခွင့်အရေးတွေ ရခဲ့လဲ၊ ကိုယ့်အတွက် အမှတ်တရ အဖြစ်ဆုံး ဂိုးအကြောင်း ပြောပြပေးပါ။
ဘောလုံးကို အသက် ၉ နှစ်လောက်က စပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ စကစားဖြစ်ပါတယ်။ ကစားခဲ့တဲ့ အသင်းတိုင်းမှာ စီနီယာတွေရဲ့ ပြုမူနေထိုင်မှု ပုံစံတွေကို လေ့လာ အတုယူခွင့် ရခဲ့တာ၊ နည်းပြဆရာကောင်းတွေရဲ့ သွန်သင်ဆုံးမမှုတွေကို ခံခဲ့ရတာတွေက ကျွန်တော်ရခဲ့တဲ့ အခွင့်အရေးတွေလို့ပဲ ယူဆပါတယ်။ အမှတ်တရ အဖြစ်ဆုံး ဂိုးကတော့ ရတနာပုံ အသင်းနဲ့ အဝေးကွင်းမှာ ကစားခဲ့ရတုန်းက ဂိုးသမားရှေ့တက်နေတာကို အခွင့်ကောင်းယူပြီး သွင်းခဲ့တဲ့ ဂိုးဖြစ်ဖြစ်ပါတယ်။ အဲဒီဂိုးက ကစားသမားဘဝမှာ တစ်ကယ့်ကို အမှတ်တရ အဖြစ်ဆုံး ဂိုးပါပဲ။