MPT ယူ ၁၄ ဘောလုံးပြိုင်ပွဲ (ပုသိမ်)ပြိုင်ပွဲအတွက်အုပ်စုမဲခွဲပွဲ အခမ်းအနားပြုလုပ်~ ဖျာပုံပြိင်ပွဲဝင်နှစ်သင်း တစ်အုပ်စုတည်းကျရောက်

October 25, 2018

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ် အဓိက မိတ်ဖက် MPT ၏ ပံ့ပိုးမှု၊ Myanmar Care ၏ ကူညီမှု၊ ဒေသခံ ဧရာဝတီယူနိုက်တက်အသင်း၏  ပူးပေါင်းပါဝင်မှုဖြင့်  ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြို့၌ ကျင်းပပြုလုပ်သွားမည့် MPT U-14 Football Tournament 2018 အတွက် အုပ်စုမဲခွဲခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်းက ကျောက်တိုင်ကွင်းတွင်  ကျင်းပပြုလုပ်ခဲ့သည်။

ယနေ့ပြုလုပ်ခဲ့သည့် အုပ်စုမဲခွဲမှုအပြီးတွင်  အုပ်စု(က)တွင် မအူပင်(ခ)၊ ဟင်္သာတ(က)နှင့် မြောင်းမြ(က)၊ အုပ်စု(ခ)တွင် ဖျာပုံ(က)၊ မြောင်းမြ(ခ)နှင့် ဖျာပုံ(ခ)၊ အုပ်စု(ဂ)တွင် လပ္ပတ္တာ(က)၊ ဟင်္သာတ(ခ)နှင့် ပုသိမ်(ခ) အသင်းတို့ ပါဝင်နေပြီး အုပ်စု(ဃ)တွင် လပ္ပတ္တာ(ခ)၊ ပုသိမ်(က)နှင့် မအူပင်(က) အသင်းတို့ ပါဝင်လျက်ရှိသည်။

ထို့ကြောင့် ဖျာပုံ(က)နှင့် ဖျာပုံ(ခ)အသင်းတို့ မှာ  အုပ်စု(ခ)တွင် တစ်အုပ်စုတည်း ကျရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်    ကျောက်တိုင်ကွင်း၌ ကျင်းပမည့် ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် စုစုပေါင်း ၁၂ သင်းကို သုံးသင်းပါ လေးအုပ်စုခွဲကာ ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်မှ  နိုဝင်ဘာ ၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး  ဗိုလ်စွဲသည့်အသင်းအား တံခွန်စိုက်ဆုဖလားနှင့်အတူ ဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၅ သိန်း၊ တတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၃ သိန်း ချီးမြှင့်သွားမည်ဖြစ်သည်။

ထို့ပြင် ပြိုင်ပွဲဝင် အသင်းတိုင်းအား တစ်သင်းလျင် ထောက်ပံ့ကြေး ကျပ် ၁၀ သိန်းနှင့် အားကစားဝတ်စုံများ၊ ဘောလုံးများ ပံ့ပိုးပေးထားသည်။

ပြိုင်ပွဲကို ၁ ရက်လျင် ၂ ပွဲနှုန်းဖြင့် နံနက်ပိုင်းပွဲစဉ်အား ၈း၃၀ အချိန်တွင်ကျင်းပမည်ဖြစ်ပြီး ညနေပွဲစဉ်ကို ၃း၃၀ အချိန်တွင် ယှဉ်ပြိုင်ကစားစေမည်ဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်တွင် စတင်ကျင်းပမည့်  အုပ်စုအဖွင့်ပွဲစဉ်များတွင် မအူပင်(ခ)အသင်းနှင့် မြောင်းမြ(က)အသင်း၊ ဖျာပုံ(က)အသင်းနှင့် ဖျာပုံ(ခ)အသင်းတို့ တွေ့ဆုံယှဉ်ပြိုင်သွားမည်ဖြစ်သည်။

MPT U-14 Football Tournament 2018 ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၆ ရက်၊  ညနေ ၃း၀၀ နာရီအချိန်တွင် ကျောက်တိုင်ကွင်း၌  ကျင်းပသွားမည်ဖြစ်ရာ အဆိုပါ အခမ်းအနားနှင့်အတူ အားကစားနှင့် ပညာရေးပေါင်းစပ်မှုအဖြစ် MFF-MNL-MPT Grassroots Football Festival 2018 (လူငယ်ဘောလုံးပွဲတော်)ကိုပါ ပူးတွဲပြုလုပ်သွားမည်ဖြစ်သည်။

#MFFMPTGrassrootsFestival2018

#Pathein

#GrassrootsCoachingCourse

#MPTU14FootballTournament