MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ(စစ်တွေဇုန်)၏ အုပ်စုအဖွင့်ပွဲစဉ်များတွင် ကျောက်တော်အသင်းအနိုင်ရပြီး စစ်တွေနှင့် ရသေ့တောင်အသင်းတို့ သရေပွဲကြုံ

October 1, 2018

MPT U-14 Football Tournament 2018(စစ်တွေဇုန်) ပွဲစဉ်များကို ယနေ့ စစ်တွေမြို့၊ ဝေသာလီကွင်း၌ စတင်ကျင်းပနေပြီဖြစ်ရာ  ကျောက်တော်အသင်း နိုင်ပွဲစတင်ရရှိခဲ့သော်လည်း သံတွဲ(ခ)အသင်းနှင့် ရသေ့တောင်အသင်းတို့မှာ ပွဲဦးထွက် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

အုပ်စု(က) ပွဲစဉ်အဖြစ် နံနက်ပိုင်းက ယှဉ်ပြိုင်ခဲ့သည့် သံတွဲ(ခ) အသင်းနှင့် ကျောက်တော်အသင်းတို့ပွဲတွင် ကျောက်တော်အသင်းက ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စု(ခ) ၏ စစ်တွေအသင်းနှင့် ရသေ့တောင်အသင်းတို့ ပွဲစဉ်တွင် အကြိတ်အနယ်ရှိခဲ့ပြီး တစ်ဖက်သုံးဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂ ရက်တွင် အုပ်စု(ဂ) နှင့် အုပ်စု(ဃ) ပွဲစဉ်များကို ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ နံနက်ပိုင်းတွင် ကျောက်ဖြူ(ခ)အသင်းနှင့် သံတွဲ(က)အသင်း၊ ညနေပိုင်းတွင် မင်းပြား/ မြေပုံအသင်းနှင့် ပုဏ္ဏာကျွန်းအသင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ လမ်းညွန်ဦးဆောင်မှု၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့ ပူးပေါင်းကျင်းပနေသည့် MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၁  ရက်မှ  ၁၀ ရက်အနေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းမှ ပြိုင်ပွဲဝင် ၁၂ သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ဗိုလ်စွဲသည့်အသင်းအား တံခွန်စိုက်ဆုဖလားနှင့်အတူ ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၅ သိန်းနှင့် တတိယရရှိသည့်အသင်းကို ဆုတံဆိပ်နှင့် အတူ ဆုငွေကျပ် ၃ သိန်း ချီးမြှင့်သွားမည်ဖြစ်သည်။

ထို့ပြင် ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆု၊ နေရာအလိုက်အကောင်းဆုံးကစားသမားဆုများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုကိုပါ ရွေးချယ်ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။

ပုံစာ- ကျောက်တော်အသင်း(လိမ္မော်ရောင်)
စစ်တွေအသင်း(အဖြူရောင်)
ရသေ့တောင်အသင်း(အစိမ်းရောင်)