Project Description

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-3) ပွဲစဉ်တစ်ပွဲအဖြစ် ဇန်န၀ါရီ ၂၈ ရက်(ယနေ့) ညနေ က အောင်ဆန်းကွင်းတွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် မြ၀တီအက်ဖ်စီအသင်းတို့ ကစားခဲ့ရာ ဇွဲကပင်အသင်းက သန်းထက် အောင်၏  သွင်းဂိုးတစ်ဂိုးတည်းဖြင့် အနိုင်ရခဲ့သည်။

ဇွဲကပင်အသင်းနှင့် မြ၀တီအက်ဖ်စီအသင်းတို့ ပထမပိုင်းတွင် ဇွဲကပင်အသင်းမှ ဦးဆောင်ဂိုးရရှိရန် ထိုးဖောက်ကစားခဲ့သော်လည်း မြ၀တီအသင်း၏ မာမာထန်ထန် တုံ့ပြန် ကစားမှုကြောင့် အခက်တွေ့ခဲ့သည်။ သို့သော် ပွဲချိန် မိနစ် ၃၀ တွင် ဇွဲကပင်အသင်းက ဦးဆောင်ဂိုးရခဲ့ပြီး လူငယ်ကစားသမား သန်းထက်အောင်က သွင်းယူပေးခဲ့သည်။ ပထမပိုင်းပြီးချိန်တွင် ဇွဲကပင်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ပွဲကို ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ရာတွင် မြ၀တီအသင်းမှ ချေပဂိုး ရရှိရန် ပိုမို အားတင်ကစားလာခဲ့ပြီး ဇွဲကပင်အသင်းမှလဲ ဂိုးမပေးရရေး အတွက် ပြန်လည်ကြိုးစားကစားခဲ့သည်။ သို့သော် မြ၀တီအသင်းသည် လက်ကျန်မိနစ်များတွင် ချေပဂိုး ပြန်လည် မသွင်းနိုင်ခဲ့သည့် အတွက် ဇွဲကပင်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဇွဲကပင်အသင်းသည် မြ၀တီအသင်းကို အနိုင်ရခဲ့သဖြင့် ၂၀၁၈ ဘောလုံးရာသီအတွက် ပထမဆုံး နိုင်ပွဲ ရယူသွားနိုင်ခဲ့ခြင်းဖြစ်သည်။

ဇွဲကပင်အသင်းသည် လာမည့် ဖေဖော်ဝါရီ ၃ ရက်၊ သုဝဏ္ဏကွင်းတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်ပြီး မြ၀တီအသင်းသည် ဆောက်သမ်းအသင်းနှင့် ဖေဖော်ဝါရီ ၄ ရက်တွင် အဝေးကွင်း၌ သွားရောက်ကစားရမည်ဖြစ်သည်။