MPT Myanmar National League 2018 ပွဲစဉ်များအား For Sports Channel နှင့် MRTV တို့မှ တိုက်ရိုက်ပြသပေးသွားမည်~ ယနေ့ ကျင်းပသွားမည့် MFF Charity Cup 2018 ပြိုင်ပွဲကိုပါ တိုက်ရိုက်ပြသပေးသွားမည်ဖြစ်

January 8, 2018

MPT Myanmar National League 2018 ပွဲစဉ်များအား For Sports Channel နှင့် MRTV တို့မှ တိုက်ရိုက်ပြသပေးသွားမည်~ ယနေ့ ကျင်းပသွားမည့် MFF Charity Cup 2018 ပြိုင်ပွဲကိုပါ တိုက်ရိုက်ပြသပေးသွားမည်ဖြစ် ============================================== လာမည့်တစ်ပတ်အတွင်း ကျင်းပသွားတော့မည် MPT Myanmar National League 2018 ပြိုင်ပွဲကြီးအား Forever Group (MRTV-4) မှ ရိုက်ကူး၍ For Sports Channel နှင့် MRTV Free to Air Channel များမှ တိုက်ရိုက်ထုတ်လွှင့် ပြသပေးသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

MPT Myanmar National League 2018 ပြိုင်ပွဲကြီးအား ပရိသတ်များ ရုပ်သံမှ တိုက်ရိုက်ရိုက်ကြည့်ရှုအားပေးနိုင်ရန် မြန်မာနေရှင်နယ်လိဂ်မှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ် မီဒီယာ Partner ဖြစ်သည့် Forever Group တို့အကြား ယခုနှစ်အတွင်း ကျင်းပမည့် အမှတ်ပေးပြိုင်ပွဲများအနက် ပွဲစဉ် ၅၄ ပွဲ (သို့) ၅၅ ပွဲအား ရုပ်သံမှ တိုက်ရိုက်ပြသပေးသွားရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ဇန်န၀ါရီ ၇ ရက်(ယနေ့ ) ညနေ ၃း၃၀ အချိန်တွင် အောင်ဆန်းကွင်း၌ ကျင်းပသွားမည့် MFF Charity Cup 2018 ပြိုင်ပွဲကို အထက်ပါ For Sports Channel နှင့် MRTV Free to Air Channel များမှ တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားမည်လည်း ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက် အသင်းနှင့် ဒုတိယနေရာမှ ရန်ကုန်ယူနိုက်တက် အသင်းတို့  အားပြိုင်မည့် အဆိုပါပွဲစဉ်အတွက် ကွင်းဝင်ကြေးကို အထူးတန်း ၂၀၀၀ ကျပ်နှင့် ရိုးရိုးတန်း ၁၀၀၀ ကျပ် သတ်မှတ်ထားပြီး ရရှိလာသည့် ကွင်းဝင်ကြေးများနှင့် အလှူရှင်များ၏ လှူဒါန်းငွေများကို ပရဟိတကျောင်းများသို့ ခွဲဝေလှူဒါန်းပေးသွားမည်ဖြစ်ပါသည်။ သို့ပါသောကြောင့် မြန်မာနေရှင်နယ်လိဂ် ထိပ်သီးနှစ်သင်း၏ ရာသီကြို ယှဉ်ပြိုင်မှု ပွဲစဉ်အား ပရိသတ်များ ကွင်းအတွင်းသို့ လာရောက်အားပေးကြည့်ရှုနိုင်ပါကြောင်းလည်း ထပ်ဆင့်အသိပေး ဖိတ်ခေါ်အပ်ပါသည်။ MRTV-4 နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) တို့အနေဖြင့် Myanmar National League Media Partner အဖြစ် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်မှ စတင်၍ ဆယ်စုနှစ် တစ်ခုတိုင်အောင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများကို ရိုက်ကူးထုတ်လွှင့်ပေးနေခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ကျင်းပရေးဌာန အနေဖြင့် ရုပ်သံရိုက်ကူးထုတ်လွှင့်ပေးမည့် MPT Myanmar National League 2018 ပွဲစဉ်များနှင့် ပတ်သက်၍ အသေးစိတ်ကို ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။