AFC Club Licensing Spot Check Delegation အဖွဲ့ ဒုတိယနေ့တွင် ရန်ကုန်ယူနိုက်တက် အသင်းအား သွားရောက် စစ်ဆေး

February 25, 2018

မြန်မာနိုင်ငံသို့ ရောက်ရှိကာ AFC Cup ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၏ Club Licensing ဖြည့်ဆည်းဆောင်ရွက်မှု အခြေအနေများကို လာရောက် စစ်ဆေးလျှက် ရှိသည့် AFC Club Licensing Spot Check Delegation အဖွဲ့သည် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ဒုတိယမြောက် စစ်ဆေးမှုအဖြစ် ရန်ကုန်ယူနိုက်တက် အသင်း၏ အိမ်ကွင်းသို့ သွားရောက်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

 

Mr. Joren နှင့် Mr. Marcel တို့ ဦးဆောင်သည့် AFC Club Licensing Spot Check Delegation အဖွဲ့သည် မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်နှင့် အခြားတာဝန်ရှိသူများ လိုက်ပါလျှက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း အိမ်ကွင်းနှင့် ရုံးစိုက်ရာ ဖြစ်သည့် Yangon United Sports Complex သို့ သွားရောက်ကာ ကလပ်လိုင်စင်နှင့် ပတ်သက်သည့် အချက်အလက်များကို ဖြည့်ဆည်းထားမှုများ၊ ကလပ်၏ ဘဏ္ဍာရေး အခြေအနေ၊ အခြေခံ အဆောက်အဦများ အစရှိသည်တို့ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်း အထွေထွေ မန်နေဂျာ ဦးစောခရစ်ယာန်လောနှင့် အသင်းတာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည် သိလိုသည်များကို ရှင်းလင်း ပြသခဲ့ကြသည်။

 

ယင်းနောက်တွင်မူ စစ်ဆေးရေး အဖွဲ့သည် AFC Cup အုပ်စုပွဲစဉ်များကို လက်ခံကျင်းပရာ Thuwunna Stadium သို့ရောက်ရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက်တွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဘေးရှိ မြက်ခင်းတုကွင်းတွင် ကျင်းပပြုလုပ်လျှက် ရှိသည့် MPT-University Football Tournament 2018 Opening Ceremony သို့ လာရောက်ကာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်အား တွေ့ဆုံနှုတ်ဆက် ခဲ့ကြသည်။

AFC Club Licensing Spot Check Delegation အဖွဲ့သည် မနက်ဖြန် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့သို့ သွားရောက်ကာ ရတနာပုံ အသင်းအား စစ်ဆေးမှုများ ဆက်လက် ပြုလုပ်မည် ဖြစ်သည်။