မကွေးနှင့် ရန်ကုန်ပွဲမှ ဖြစ်ရပ်များအတွက် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ပြစ်ဒဏ်ချမှတ်

March 8, 2018

မတ်လ ၃ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြသည့် မကွေးအသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်မှ ဖြစ်ရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်ခဲ့သည်။ မကွေးနှင့် ရန်ကုန်ယူနိုက်တက် တို့သည် MPT Myanmar National League 2018 ပွဲစဉ် (၈)၏ ပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်ပြီး ယင်းပွဲတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ရန်ကုန်ကို မကွေးအသင်းက နောက်ကျသွင်းဂိုး တစ်ဂိုးတည်းဖြင့် အနိုင်ရရှိခဲ့သည်။ 

အဆိုပါ ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်း၊ တာဝန်ရှိ ပုဂ္ဂိုလ်များအား ခေါ်ယူမေးမြန်းခြင်း၊ ပွဲမှတ်တမ်း ဗီဒီယိုအား ပြန်လည် ကြည့်ရှုခြင်းများ ပြုလုပ်ပြီးနောက် အောက်ပါအတိုင်း ပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်ခဲ့သည်။

(က) မကွေးအသင်းမှ ကျောနံပါတ် (၂၆) အောင်မြင့်ထွန်းအား စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၂) အရ အနီးစပ်ဆုံး (၂)ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် နှစ်သိန်းတိတိ ပေးဆောင်ရန်။

(ခ) မကွေးအသင်း အတွင်းရေးမှူး ဦးအောင်မျိုးလွင်အား ပြိုင်ပွဲကျင်းပရေး စည်းမျဉ်း/စည်းကမ်း အပိုင်း(၁)၊ အပိုဒ် ၆(က)၊ (ဆ)၊ အပိုဒ် ၇ (က) (ဂ) (ဃ) နှင့် (ဆ) တို့အား ကျူးလွန်သဖြင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် ၁၄ အရ ဒဏ်ကြေးငွေကျပ် ငါးသိန်းတိတိ ပေးဆေင်ရန်။

(ဂ) ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းအား ပြိုင်ပွဲကျင်းပရေး စည်းမျဉ်း/စည်းကမ်း  အပိုင်း (၁)၊ အပိုဒ် ၆(က)၊ (ဆ)နှင့် (ဋ)၊ အပိုဒ် ၇(က)နှင့် (ဃ)တို့ကို ကျူးလွန်သဖြင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၁၄)အရ အနီးစပ်ဆုံး (၂)ပွဲ ကွင်းအတွင်း ဝင်ရောက် ကြီးကြပ်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် ငါးသိန်းတိတိ ပေးဆောင်ရန်။

(ဃ) ကွင်းလယ်ဒိုင်လူကြီး ဦးမြတ်သူ၏ ပွဲကစားချိန်အတွင်း ကြီးကြပ်ဆုံးဖြတ်ချက် အားနည်းခြင်းနှင့် ပြိုင်ပွဲအပြီး FIFA, AFC, MFF တို့၏ Fir Play ဆိုင်ရာ လိုက်နာရမည့် လုပ်ဆောင်ချက်များကို ကြီးကြပ်ပေးရန် အားနည်းခဲ့ကြောင်း တွေ့ရှိခဲ့ရသဖြင့် ဒိုင်လူကြီးဌာနမှ ထိုက်သင့်သလို အရေးယူဆောင်ရွက်သွားပါရန်။